အခန်း ၁၆၁ : ခုခေတ် လေလွှင့်ကျင့်ကြံသူတွေက ဒီလောက်စွမ်းအားကြီးနေကြပြီလား
သို့သော် ဝိညာဉ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်ရှိလာပါက သူသည် ဤခေါင်းလောင်းကြီးကို ဆုံးရှုံးရမည်သာမက ဒဏ်ရာများကို ကုသနိုင်မည့် အခွင့်အရေးကိုလည်း ဆုံးရှုံးရပေလိမ့်မည်။ ထို့အပြင် မူလဝိညာဉ်အဆင့်သို့ အဆင့်ချိုးဖျက်မည့် အခွင့်အရေးကိုလည်း ဆုံးရှုံးရမည်ဖြစ်သလို သူ၏ အသက်ကိုလည်း ဆုံးရှုံးရပေမည်။
အကယ်၍ သူသေချင်သည် ဆိုလျှင်တော့ ဒဏ်ရာများကို ကုသရန်နှင့် မူလဝိညာဉ် အဆင့်သို့ အဆင့်ချိုးဖျက်ရန် လောနေမည် မဟုတ်ပေ။
စစ်တုချဲက မသေချင်သေးတာကြောင့် အခွင့်ရေးကို စွန့်လွှတ်ကာ ထွက်ပြေးရလေသည်။
ရွှေအမြုတေ အဆင့် (၆) နှင့် ရွှေအမြုတေ အဆင့် (၁) ကျင့်ကြံသူများ၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် ရွှေအမြုတေ အဆင့် (၁၀) ရှိသော မိစ္ဆာတစ်ကောင်... ထွက်ပြေးရခြင်းက အနည်းငယ် ရှက်စရာကောင်းနိုင်သော်လည်း ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် စစ်တုချဲ ပြုလုပ်လိုက်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်လေသည်။
"ဟူး..." ရှူကျစ်ဟွာ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ ရွှေအမြုတေ အဆင့် (၆) ကျင့်ကြံမှုဖြင့် ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ခဲ့ရခြင်းက သူမအား ဖိအားများစွာ ပေးခဲ့သည်။ အကြိမ်ပေါင်းများစွာပင် သူမ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။
အကယ်၍ သူမ မတော်တဆ ဒဏ်ရာရခဲ့ပါက နောက်လှည့်၍ ထွက်ပြေးရုံမှလွဲ၍ အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။
ကံကောင်းစွာပင် သူမ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ဤမိစ္ဆာ၏ အော်ရာ မတည်ငြိမ်ရသည့် အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကြောင့် ဖြစ်သည်မှာ သေချာပေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကြောင့် တစ်ဖက်လူက အချိန်ဆွဲရန် မရဲခဲ့ခြင်းဖြစ်ကာ ဆုတ်ခွာရန် ရွေးချယ်ခဲ့လေသည်။
ထွက်ခွာသွားသော မိစ္ဆာကို ကြည့်ပြီး ရှူကျစ်ဟွာ သဘာဝကျစွာပင် လိုက်မဖမ်းနိုင်ခဲ့ပေ။
ရွှေအမြုတေအဆင့် (၁၀) မိစ္ဆာတစ်ကောင် ထွက်ပြေးချင်နေသည်ကို သူမကဲ့သို့ ရွှေအမြုတေ အဆင့် (၆) ကျင့်ကြံသူ တစ်ဦးက မည်သို့ အမီလိုက်နိုင်မည်နည်း။
အကယ်၍ သူမ အမီလိုက်နိုင်လျှင်ပင် မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။
တစ်ဖက်လူနှင့် အချီ ဒါဇင်အနည်းငယ်လောက်သာ ဖလှယ်ခဲ့ရသော်လည်း ရှူကျစ်ဟွာ၏ မျက်နှာသည် အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေခဲ့သည်။
ပင်ပန်းနွမ်းနယ်မှုက အလွန် ကြီးမားလှပေသည်။
ရှူကျစ်ဟွာသည် ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်။ သူမဟာ မူလက ရွှေအမြုတေ လူသား ရုပ်သေးရုပ်ကို ပေးရန် ဆေးလုံးတစ်လုံး ထုတ်ယူချင်သော်လည်း ၎င်းက လူသားရုပ်သေးရုပ်တစ်ရုပ် ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး ဆေးလုံးကို ပြန်သိမ်းထားလိုက်သည်။
"တပည့် အကယ်၍ ငါ မမှားဘူးဆိုရင် ဒီခေါင်းလောင်းကြီးက ယန်ချင်းခရိုင်နဲ့ ယွမ်ယင်းခရိုင်က လူတွေရဲ့ ဝိညာဉ်တွေကို စုပ်ယူထားတာပဲ"
ရှူကျစ်ဟွာ စကားပြောရင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူမဟာ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ခေါင်းလောင်းကြီးကို ကာကွယ်ထားသည့် အစီအရင် အနည်းငယ်ကို ချိုးဖျက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှေအမြုတေ ရုပ်သေးရုပ်သည်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သွေးရောင် ခေါင်းလောင်းကြီးကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။
ဤသည်မှာ အလွန်အဆင့်မြင့်မားသော ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။
ဤအချိန်တွင် ကြီးမားသော သွေးရောင် ခေါင်းလောင်းကြီးပေါ်ရှိ အက်ကြောင်းများထဲမှ ဝါးတားတား ဝိညာဉ်များ အများအပြား ထွက်ပေါ်လာနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ထိုဝိညာဉ်များကို ဆွဲထုတ်နေသည့် စွမ်းအား တစ်မျိုးမျိုး ရှိနေသကဲ့သို့ပင်။
ထို့နောက် ဝိညာဉ်များဟာ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားကြသည်။
ရှူကျစ်ဟွာနှင့် ရွှေအမြုတေ ရုပ်သေးရုပ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်သား နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏ ပစ်မှတ်မှာ ဤထူးဆန်းသော ခေါင်းလောင်းကြီးပင် ဖြစ်ပေသည်။
"ဘုန်း.."
နားကွဲလုမတတ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး လေလှိုင်းတစ်ခုက ပတ်ဝန်းကျင်ရှိ ကြေမွနေသော ကျောက်တုံးများ အားလုံးကို လွင့်ပါးသွားစေခဲ့သည်။
ကြီးမားသော သွေးရောင်ခေါင်းလောင်းကြီးသည် ကျယ်လောင်သော အသံဖြင့် ကွဲကြေသွားပြီး မရေမတွက်နိုင်သော ဝိညာဉ်များသည်လည်း ရေလှိုင်းကြီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
ဝိညာဉ် အမြောက်အမြားဟာ ဤအချိန်တွင် ကောင်းကင်ကို ဖုံးကွယ်သွားပြီး နေမင်းကြီးကို ကွယ်လိုက်ရာ ယွမ်ယင်း ခရိုင် တစ်ခုလုံးကို အနည်းငယ် အေးစက်သွားစေခဲ့သည်။
ထိုဝိညာဉ်များ အားလုံးကို မမြင်နိုင်သော စွမ်းအားတစ်ခုက ဆွဲယူနေပြီး မတူညီသော ဦးတည်ရာများဆီသို့ ပျံသန်းသွားကြသည်။
သူတို့ ပျံသန်းသွားသော ဦးတည်ရာသည် သဘာဝကျစွာပင် သူတို့၏ ခန္ဓာကိုယ်များ ရှိနေသော ဦးတည်ရာ ဖြစ်သည်။
သို့သော် လွတ်မြောက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသော ဝိညာဉ် အချို့လည်း ရှိကာ ဤဝိညာဉ်များ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များက သေဆုံးသွားကြပြီ ဖြစ်သည်။
ဝိညာဉ်များသည်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ သေဆုံးခြင်းနောက် လိုက်ပါသွားကြပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားကြလေသည်။
အကျပ်အတည်းကို ယာယီ ဖြေရှင်းနိုင်ခဲ့ပေပြီ။
ထိုအချိန်တွင် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ် အာရုံခံစားမှုတစ်ခုက ယွမ်ယင်း ခရိုင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ဤဝိညာဉ် အာရုံခံစားမှုက ရှူကျစ်ဟွာနှင့် ရွှေအမြုတေ ရုပ်သေးရုပ်ကို လေ့လာစောင့်ကြည့်နေသကဲ့သို့ ကွဲကြေနေသော ခေါင်းလောင်းကြီးပေါ်တွင် ခဏတာမျှ ဝဲပျံနေခဲ့သည်။
ထို့နောက် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာ ထွက်ပြေးသွားသော ဦးတည်ရာ ဘက်သို့ လိုက်ပါသွားလေသည်။
နောက်တစ်ခဏတွင် မီတာတစ်သောင်း မြင့်မားသော ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ရွှေအမြုတေအဆင့်ကျင့်ကြံမှု ရှိသည့်တိုင် အလင်းတန်း၏ ပျံသန်းရာ လမ်းကြောင်းကို သီသီလေးသာ မြင်နိုင်ခဲ့ပေသည်။
ဤကြောက်မက်ဖွယ် ဝိညာဉ် အာရုံခံစားမှုကို ခံစားရင်း ရှူကျစ်ဟွာသည် ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိခဲ့ပေ။
ဝိညာဉ် အာရုံခံစားမှုပိုင်ရှင်က မိစ္ဆာကျင့်ကြံသူ တစ်ဦး မဟုတ်ကြောင်း သူမ အာရုံခံစားမိခဲ့သည်။
"တပည့် ဒါ မင်း ပြောတဲ့ ဝိညာဉ်ဓားဂိုဏ်းက မသေမျိုးကျင့်ကြံသူ မဟုတ်လား။ မူလဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို ဒီအတိုင်း စေလွှတ်လိုက်တာပဲ... ကြည့်ရတာ ဒီဝိညာဉ်ဓားဂိုဏ်းမှာ အနည်းဆုံး မူလဝိညာဉ် ကျင့်ကြံသူ နှစ်ယောက် သို့မဟုတ် အထက် ရှိပုံရတယ်"
ရှူကျစ်ဟွာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။
ရွှေအမြုတေ ရုပ်သေးရုပ်ဟာ စွမ်းအင် အရင်းအမြစ် အနေဖြင့် အလတ်စားဝိညာဉ် ကျောက်တုံးတစ်တုံးကို အစားထိုးလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။ "အမှန်ပဲ အဲဒါ ဝိညာဉ်ဓားဂိုဏ်းကပဲ။ ပြီးတော့ ရင်းနှီးနေသလို ဖြစ်နေတဲ့ မူလဝိညာဉ်ကျင့်ကြံသူ တစ်ယောက်ပဲ"
ရွှေအမြုတေရုပ်သေးရုပ်မှတဆင့် ဝိညာဉ်ဓားဂိုဏ်းမှ မူလဝိညာဉ် ကျင့်ကြံသူသည်... လွန်ခဲ့သည့် ရက်အနည်းငယ်က ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခဲ့သည့် ဝိညာဉ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲနှင့် တူညီသော လူတစ်ယောက်ဖြစ်ကြောင်း ပိုင်ယီ အာရုံခံစားမိလိုက်သည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူက ရွှေအမြုတေ ရုပ်သေးရုပ်ကို မှတ်မိလိုက်သောကြောင့် ယွမ်ယင်း ခရိုင်တွင် မရပ်တန့်ခဲ့ပဲ ထိုအစား ထွက်ပြေးသွားသော မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူ နောက်သို့ ချက်ချင်း လိုက်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"သူ ထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး" ရွှေအမြုတေ လူသား ရုပ်သေးရုပ်က ပြောလိုက်သည်။ "အကယ်၍ ငါတို့သာ ဝင်ရောက်မစွက်ဖက်ခဲ့ရင် သူ မူလဝိညာဉ် အဆင့်ကို အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်ပြီး ဒီနေရာကနေ ထွက်ခွာသွားနိုင်လောက်တယ်။ ကံမကောင်းစွာနဲ့... သူ နေရာမှား ရွေးလိုက်တာပဲ"
ရှူကျစ်ဟွာ ခေါင်းငြိမ့်လိုက်သည်။ "မူလဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ လိုက်လံဖမ်းဆီးတာ ခံနေရတာ... သူ ထွက်ပြေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"
...
တစ်ချိန်တည်းမှာပင်။
ချန်ချန်ရွှယ်ဟာလည်း ဝေးလံသော မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်ရန် ခေါင်းမော့လိုက်သည်။ ခုနလေးတင် ရင်းနှီးသော အော်ရာတစ်ခုကို ခံစားလိုက်ရသကဲ့သို့ပင်။ "ဒါ ဂိုဏ်းက စီနီယာ တစ်ယောက်ပဲ။ ကြည့်ရတာ ဆက်သွယ်ရေးအဆောင်က ဂိုဏ်းကို ရောက်သွားပုံ ရတယ်"
"ဒါက ငါ မကြာသေးမီက လက်ခံခဲ့တဲ့... ဂိုဏ်း တာဝန်ကို တနည်းနည်းနဲ့ ပြီးမြောက်သွားတယ်လို့ သတ်မှတ်လို့ ရမလား"
ချန်ချန်ရွှယ်၏ မျက်နှာထား အနည်းငယ် ထူးဆန်းနေခဲ့သည်။
ကြည့်ရသည်မှာ... ဒါက တကယ်ပင် ပြီးမြောက်သွားပြီဟု သတ်မှတ်၍ ရပေသည်။
မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို စုံစမ်းစစ်ဆေးရန် ဝိညာဉ်ဓားဂိုဏ်းတွင် တာဝန်တစ်ခုကို သူမ လက်ခံခဲ့ပြီး ဝိညာဉ်ဓားဂိုဏ်းမှ ယာယီ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ယခု မြင့်မြတ်သောနှလုံးသား နန်းတော်မှ ရွှေအမြုတေ မိစ္ဆာတစ်ကောင် ထွက်လာပြီ ဖြစ်၍ ဆက်လက် စုံစမ်းစစ်ဆေးနေရန် မလိုအပ်တော့ဟု သတ်မှတ်ရပေမည်။
အမှန်စင်စစ် ချန်ချန်ရွှယ်တွင် လောလောဆယ် ပြန်သွားရန် စိတ်ကူး တစ်စုံတစ်ရာ မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူမ ဝိညာဉ်ဓားဂိုဏ်းသို့ ပြန်ရောက်သောအခါ သူမကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည့် နှောင့်ယှက်မှုအချို့ကို ခံစားရမည်ဟု သူမ သိသောကြောင့် ဖြစ်သည်။
ချန်ချန်ရွှယ် ခေါင်းခါလိုက်ပြီး သူမစိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ခါချလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ပေါ်မှ နေမင်းကြီးကို ကြည့်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်လေသည်။ "နောက်ထပ် နှစ်နာရီလောက် ကြာရင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုကို ငါ စတင်နိုင်ပြီ... ဟုတ်တယ်မလား"
...
"ဘာလှုပ်ရှားမှုမှ မရှိတော့ဘူးလား"
အဝေးတစ်နေရာတွင်။
ပြည်နယ် အရာရှိတစ်ဦးသည် မြင့်မြတ်သောနှလုံးသားနန်းတော်မှ ချီစုစည်းမှု အဆင့် မိစ္ဆာကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန် သွားနေချိန်မှာပဲ အဝေးမှ တိုက်ပွဲ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုဘက်တွင် ဘာဖြစ်သွားသည်ကို သူ မသိပေ။ "သခင် လီဖေးယုနိုင်သွားတာလား ဒါမှမဟုတ် မြင့်မြတ်သော နှလုံးသား နန်းတော်က အဲဒီ မိစ္ဆာက..."
သူ တိတ်တဆိတ် တံတွေး မျိုချလိုက်ပြီး ဆက်မပြောရဲတော့ပေ။
သို့သော် သိပ်မကြာခင်မှာပင် ကောင်းကင်ပေါ်၌ များပြားလှသည့် ဝိညာဉ်များက သူ၏ ရင်ထဲမှ သံသယများကို ဖြေကြားပေးလိုက်လေသည်။
ဝိညာဉ်တစ်ခုသည် မြေပြင်ပေါ်၌ သတိမေ့နေသော လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်ကို သူ မျှော်လင့်ချက်မဲ့စွာ ကြည့်နေမိခဲ့သည်။
ထို့နောက် ဆယ်ကျော်သက် လူငယ်ဟာ တွေဝေစွာဖြင့် နိုးထလာပြီး ပတ်ဝန်းကျင်ကို ဗလာကျင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ပတ်ဝန်းကျင်က လူတိုင်း ကြမ်းပြင်ပေါ် သတိမေ့လဲကျနေတာ လူငယ် တွေ့လိုက်ရသောအခါ ကြောက်ရွံ့မှုနှင့် ဇဝေဇဝါ ဖြစ်မှုတို့ကြောင့် တောင့်တင်းသွားကာ နားမလည်နိုင်ဖြစ်သွားခဲ့ရပြီး အိမ်မက်မက်နေသည်ဟု ထင်မှတ်လိုက်လေသည်။
ဒါကို မြင်လိုက်ရသောအခါ ပြည်နယ် အရာရှိ ဝမ်းမြောက်သွားပြီး သက်ပြင်းချလိုက်လေသည်။ သူ၏ ရင်ထဲမှ တုန်လှုပ်မှုကို မဖိနှိပ်နိုင်တော့ဘဲ ရေရွတ်လိုက်၏။ "အခုခေတ် လေလွှင့်ကျင့်ကြံသူတွေက ဒီလောက်တောင် စွမ်းအားကြီးနေကြပြီလား"
"..."
...