အခန်း ၁၅၈ : အချိန်ဆွဲဖို့ ကြိုးစားကြခြင်း
"တပည့် မင်းရဲ့ ဒီလူသားရုပ်သေးရုပ်က ရွှေအမြုတေ အဆင့် (၁) မှာပဲ ရှိသေးတာ ပြီးတော့ ငါကလည်း ရွှေအမြုတေ အဆင့် အဆင့် (၆) မှာပဲ ရှိသေးတာ"
"ငါတို့ နှစ်ယောက် ပေါင်းလိုက်ရင်တောင် ဒီမိစ္ဆာရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာ"
ရှူကျစ်ဟွာ ဆက်ပြောလိုက်သည် - "ဗွင်းဗွင်း ပြောရရင် တစ်ဖက်လူက ငါတို့ နှစ်ယောက်ကို သတ်ဖို့ လက်တစ်ဖက်တည်း သုံးရုံနဲ့ လုံလောက်တယ်"
ဒါကြောင့်လည်း ရှူကျစ်ဟွာ သူမရဲ့ ပုံမှန် အခြေအနေကနေ ပြောင်းလဲသွားပြီး ယခင်က မကြုံဖူးလောက်အောင် တည်ငြိမ်နေတာ ဖြစ်လေသည်။
ရွှေအမြုတေရုပ်သေးရုပ်က မေးလိုက်၏။ "ဆရာ အဲဒီ မိစ္ဆာရဲ့ တိကျတဲ့ တည်နေရာကိုအတည်ပြုနိုင်လား"
ရှူကျစ်ဟွာ ခေါင်းငြိမ့်လိုက်သည်။ "ယွမ်ယင်း ခရိုင်ရဲ့ အလယ်ဗဟိုမှာ"
ရွှေအမြုတေ ရုပ်သေးရုပ်က ထပ်မေးလိုက်သည်။ "သူ အဆင့်ချိုးဖျက်နေတဲ့ အချိန်မှာ တကယ်လို့ ကျွန်တော်တို့ သူ့အဆင့်ချိုးဖျက်မှုကို နှောင့်ယှက်လိုက်ရင် သူ့ကို တန်ပြန်မှုဒဏ်ရအောင် လုပ်နိုင်မလား"
ရှူကျစ်ဟွာ မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။ "ဒါက သိပ်ပြီးလက်တွေ့မကျဘူး... အကယ်၍ တစ်ဖက်လူက ဒီနေရာမှာ တကယ် အဆင့်ချိုးဖျက်ချင်နေတာ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြီးမားတဲ့ အစီအရင်တစ်ခု သေချာပေါက် တပ်ဆင်ထားမှာပဲ"
"ဖြစ်နိုင်ချေ ပိုများတာက တစ်ဖက်လူက ဒီနေရာမှာ အဆင့်ချိုးဖျက်ချင်တာ မဟုတ်ဘူး.... သူတို့ လိုအပ်တာတွေ စုပ်ယူပြီးသွားရင် ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားလိမ့်မယ်"
"ဒါပေမဲ့..." ရှူကျစ်ဟွာ ရေရွတ်လိုက်၏။ "အဲဒီ မိစ္ဆာရဲ့ အော်ရာက တစ်နည်းနည်းနဲ့ မတည်ငြိမ်ဘူးလို့ ငါ ခံစားရတယ်"
ရွှေအမြုတေရုပ်သေးရုပ် ဘေးတိုက် ကြည့်လိုက်သည်။ "မတည်ငြိမ်ဘူး........"
ရှူကျစ်ဟွာ ခေါင်းငြိမ့်လိုက်သည်။ "သူက သူ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိမနေသလိုပဲ... ဒါက သူ ဒဏ်ရာရထားသလို ဖြစ်နေတယ်"
ဒီစကားက ပိုင်ယီကို အမှတ်ရသွားစေခဲ့သည်။ မြင့်မြတ်သောနှလုံးသား နန်းတော်မှ မဟာယန် မင်းဆက်အနှံ့ လေလွင့်ခွေးတွေလို ပြန့်ကျဲနေတဲ့ မိစ္ဆာတွေ အများကြီး ရှိနေရတဲ့ အကြောင်းရင်းက သူတို့ အားလုံး ထွက်ပြေးခဲ့ကြလို့ပင်။
......
အကယ်၍ တစ်ဖက်လူက မြင့်မြတ်သောနှလုံးသား နန်းတော်က ရွှေအမြုတေ မိစ္ဆာတစ်ကောင် ဆိုရင် တစ်ဖက်လူက မကြာသေးမီက တိုက်ပွဲကြီး တစ်ခု ကြုံတွေ့ခဲ့ရတယ်လို့ ဆိုလိုတာပင်။
ထို့အပြင် ဒီမိစ္ဆာက ဒီတိုက်ပွဲကြီးက ရရှိခဲ့တဲ့ ဒဏ်ရာတွေကနေ ပြန်လည် မသက်သာလောက်သေးပေ။
ပိုင်ယီဟာ ရွှေအမြုတေရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ "အကယ်၍ တစ်ဖက်လူက တကယ် ဒဏ်ရာရထားတာ ဆိုရင် ပြီးတော့ ဒဏ်ရာက သိပ်မပြင်းထန်ဘူးလို့ ယူဆရင် ဆရာနဲ့ ကျွန်တော် သူ့ကို ဘယ်လောက်ကြာကြာ တားထားနိုင်မလဲ"
ရှူကျစ်ဟွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ "အမွှေးတိုင် တစ်ဝက်လောက်"
ရွှေအမြုတေ ရုပ်သေးရုပ် ထပ်မေးလိုက်သည် - "ဒဏ်ရာ ပြင်းထန်ရင်ကော"
"ဒဏ်ရာ ပြင်းထန်ရင်...." ရှူကျစ်ဟွာ အပြုံးတစ်ခု ထုတ်ဖော်ပြသလိုက်သည်။ "အကယ်၍ အဲဒါသာ ဆိုရင် အခွင့်အရေး တစ်ခု ရှိကောင်း ရှိနိုင်တယ်..."
ရွှေအမြုတေ ရုပ်သေးရုပ် ပြောလိုက်၏။ "ဒီနေရာက ဝိညာဉ်ဓားဂိုဏ်းလို့ ခေါ်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းနဲ့ သိပ်မဝေးဘူး... ငါတို့နဲ့ မိစ္ဆာကြားက တိုက်ပွဲက ဝိညာဉ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်"
ဒါကို ကြားတော့ ရှူကျစ်ဟွာ နားလည်လိုက်သည်။
အကယ်၍ တစ်ဖက်လူက ဒဏ်ရာ အနည်းငယ်ပဲ ရထားတာ တွေ့ရရင် သူမက တစ်ဖက်လူကို ခဏလောက် နှောင့်နှေးအောင်လုပ်ပြီး အကယ်၍ သူမ နှောင့်နှေးအောင် မလုပ်နိုင်ရင် ချက်ချင်း ထွက်ပြေးရပေမည်။
အကယ်၍ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ နှစ်ယောက် ထွက်ပြေးချင်ရင် မူလဝိညာဉ်အဆင့်ကျင့်ကြံမှု မရှိဘဲနဲ့ ရန်သူက လွယ်လွယ်ကူကူ အမီလိုက်နိုင်မှာ မဟုတ်ပေ။
အကယ်၍ တစ်ဖက်လူရဲ့ ဒဏ်ရာတွေက တစ်အားပြင်းထန်နေရင် အချိန်ဆွဲတာလောက်နဲ့ မရိုးရှင်းတော့ပဲ သူတို့ ပြန်လည် တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။
သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်ရဲ့ မျက်လုံးထဲက တစ်ယောက်ရဲ့ တိတ်တဆိတ် နားလည်မှုကို မြင်တွေ့လိုက်ကြသည်။ မျက်တောင်တစ်ခတ် အတွင်း သူတို့ဟာ အလင်းတန်း နှစ်ခု အဖြစ် ပြောင်းလဲသွားပြီး ယွမ်ယင်းခရိုင် အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။
သူတို့ ယွမ်ယင်းခရိုင်အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားတဲ့ အခါ တုန်လှုပ်စရာကောင်းတဲ့ အော်ရာ ရှိတဲ့ မိစ္ဆာ အော်ရာ အပြင် မိစ္ဆာကျင့်ကြံသူ တစ်ယောက်နဲ့ ဆင်တူတဲ့ ပြန့်ကျဲနေတဲ့ အော်ရာတချို့လည်း ရှိနေကြောင်း သူတို့ ချက်ချင်း အာရုံခံမိလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သာမန်ကျင့်ကြံသူ တစ်ယောက်ရဲ့ အော်ရာလည်း အမှန်တကယ် ရှိနေခဲ့သည်။
ရှူကျစ်ဟွာက ဒါဟာ အတော်လေး ကံကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်လို့ ထင်လိုက်မိသည်။
သူမက အဲဒီ ထူးဆန်းတဲ့ ခေါင်းလောင်းသံရဲ့ သက်ရောက်မှုကို မခံခဲ့ရပေ။
ပိုင်ယီ ထိန်းချုပ်ထားတဲ့ ရွှေအမြုတေရုပ်သေးရုပ်ကတော့ အဲဒီ အော်ရာကို ချက်ချင်း မှတ်မိလိုက်သည်။
'ချန်ချန်ရွှယ်...'
မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေရဲ့ ကိစ္စများကြောင့် ရွေးချယ်ခံတွေရဲ့ တည်နေရာကို အာရုံခံဖို့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို တကယ် အသုံးမပြုခဲ့မိခဲ့ပေ။ ထို့အပြင် သူ့ရဲ့ ရွေးချယ်ခံနံပါတ် (၁) က ယွမ်ယင်းခရိုင်ထဲမှာ တကယ် ရှိနေလိမ့်မယ်လို့လည်း သူ မျှော်လင့်မထားခဲ့ပေ။
အကယ်၍ အဲဒါ ချန်ချန်ရွှယ် ဆိုရင် သူမ သက်ရောက်မှု မခံရတာ အံ့သြစရာ မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သူမက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မဖြစ်လေသည်။
အကယ်၍ သူတော်စင်မတစ်ယောက်က ထောင်ချောက်ထဲ ဒီလောက် မြန်မြန် ကျရောက်သွားရင် သူမက ရှက်လွန်းလို့ ကိုယ့်ပါးကိုယ် ရိုက်လိုက်တာက ပိုကောင်းပေလိမ့်မည်။
ပိုင်ယီဟာ ချန်ချန်ရွှယ်ဆီက သူ့အာရုံစိုက်မှုကို ပြန်ရုတ်သိမ်းလိုက်သည်။
ချန်ချန်ရွှယ်က ပိုသတိထားတတ်ကြောင်းနဲ့ ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း သူ သိလေသည်။
"ကြည့်လိုက်.."
ဒီအချိန်မှာ ရှူကျစ်ဟွာရဲ့ လေးနက်တဲ့ အသံ ထွက်ပေါ်လာခဲ့သည်။ "တပည့် ယွမ်ယင်းခရိုင်ထဲက ဒီထူးဆန်းတဲ့အသံက အဲဒီဝိညာဉ်လက်နက်ကဖြစ်လောက်တယ်"
ရွှေအမြုတေအဆင့် ရုပ်သေးရုပ် လှမ်းကြည့်လိုက်ရာ ယွမ်ယင်းခရိုင်ရဲ့ အလယ်ဗဟိုမှာ ကြီးမားတဲ့ အနက်ရောင် မြူခိုးတစ်ခု ဝဲပျံနေတာကို မြင်လိုက်ရသည်။
များပြားလှသည့် အနက်ရောင် မြူခိုးများက အချင်းဝက် မီတာ ရာပေါင်းများစွာကို ဖုံးလွှမ်းထားပြီး အနက်ရောင် မြူခိုးရဲ့ အတွင်းပိုင်းက အေးစက်ပြီး မှောင်မိုက်တဲ့ အော်ရာတွေနဲ့ ပြည့်နှက်နေခဲ့သည်။
ရွှေအမြုတေအဆင့်ရဲ့ ဝိညာဉ် အာရုံခံစားမှုတောင် ဒီအနက်ရောင် မြူခိုးကြောင့် ဖြည်းညှင်းစွာ ပျက်စီးသွားလေသည်။
ထိုအပြင် အနက်ရောင် မြူခိုးထဲကနေ အဆုံးမရှိတဲ့ ညည်းတွားသံတွေ ထွက်ပေါ်လာတာကို သူတို့ မသဲမကွဲ ကြားလိုက်ပြီး အနီးကပ် ကြည့်လိုက်တဲ့ အခါ အနက်ရောင် မြူခိုးထဲမှာ ဝိညာဉ် ထောင်ပေါင်းများစွာရှိနေပြီး အတူတကွ ဖိသိပ်ခံထားရကာ လိမ်တွန့်နေကြတာ တွေ့ရှိလိုက်ရလို့ တုန်လှုပ်သွားရပေသည်။
အဲဒီ ဝိညာဉ်တွေက လူသား ပုံသဏ္ဍာန်တွေလို ဖြစ်ပြီး သူတို့ရဲ့ ဝါးတားတား မျက်နှာတွေ၌ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေဖြင့် ပြည့်နက်နေသလိုပင်။
ဝိညာဉ် တစ်ခုပြီး တစ်ခု ဝါးမျိုးခံနေရသည့် မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အနက်ရောင်မြူခိုး အတွင်းပိုင်းမှာတော့ သွေးရောင် အလင်းတန်း တဖျပ်ဖျပ်လက်နေခဲ့သည်။
ထိုသွေးရောင်အလင်းတန်းက ကြီးမားတဲ့ ခေါင်းလောင်းကြီးတစ်လုံး ပုံသဏ္ဍာန်ဖြစ်နေခဲ့ပြီး သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ အနီရောင်ဖျော့ဖျော့ အသံလှိုင်းတွေက ခေါင်းလောင်းကြီးဆီကနေ ပျံ့နှံ့ထွက်ပေါ်နေခဲ့လေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ၎င်းက မီတာ ရာပေါင်းများစွာ အဝေးထိ ပျံ့နှံ့သွားပြီး အလွန် မြန်ဆန်သည့် အရှိန်အဟုန်နဲ့ ယွမ်ယင်း ခရိုင် တစ်ခုလုံးကို ပျံ့နှံ့သွားစေခဲ့သည်။
တွန့်ဆုတ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ရှူကျစ်ဟွာနဲ့ ရွှေအမြုတေအဆင့် လူသားရုပ်သေးရုပ်တို့ဟာ လှုပ်ရှားလိုက်ကြပြီး သွေးရောင် ခေါင်းလောင်းကြီးကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။
ရှူကျစ်ဟွာက အထူးဝိညာဉ်လက်နက်တစ်ခု ထုတ်ယူလိုက်သည်။ ၎င်းက အေးစက်တဲ့ လေလှိုင်းတွေထုတ်လွှတ်နေသည့် လှံရှည်ကြီး တစ်ချောင်းပင်။
ထို့နောက် ရွှေအမြုတေအဆင့် (၆) ရဲ့ အော်ရာတို့က ပေါက်ကွဲထွက်လာပြီး လှံရှည်ကြီးက ကမ္ဘာလောကထဲ ရေခဲနဂါးတစ်ကောင် ပေါ်ထွက်လာသလို ဆန့်ထွက်သွားခဲ့သည်။
၎င်းက ကောင်းကင်ကို ဖုံးလွှမ်းထားတဲ့ အနက်ရောင် မြူခိုးကို ဆုတ်ဖြဲပစ်လိုက်ပြီး ကြီးမားတဲ့ သွေးရောင် ခေါင်းလောင်းကြီးဆီ တည့်တည့် ဦးတည်သွားခဲ့သည်။
"ဘုန်း..."
ကြောက်မက်ဖွယ် ကျယ်လောင်သည့် အသံက လူတွေရဲ့ နားစည်တွေကို တုန်ခါသွားစေပြီး သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ နေရာတိုင်းမှာ ထူထဲတဲ့ နှင်းခဲတစ်လွှာ ဖြစ်ပေါ်လာလေသည်။ နှင်းခဲအပေါ်၌ အဆက်မပြတ် လှိုင်းထနေတဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေတုန်းပင်။
ရွှေအမြုတေရုပ်သေးရုပ်လည်း ချက်ချင်း လှုပ်ရှားလိုက်သည်။ သူဟာသွေးရောင် ပုတီးစေ့တစ်လုံး ထုတ်ယူလိုက်ရာ ကြောက်မက်ဖွယ် သွေးချီတစ်ခုက ပျံ့နှံ့သွားလာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင် ကွင်းတစ်ကွင်းကိုလည်း ရွှေအမြုတေ ရုပ်သေးရုပ်ရဲ့ သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်သည်။
သွေးပုတီးစေ့....
ရွှေကွင်း.....
ဒီနှစ်ခုက ရွေးချယ်ခံတွေ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်တုန်းက ရရှိခဲ့တဲ့ ဝိညာဉ်လက်နက်တွေဖြစ်ပေသည်။
ပထမ တစ်ခုက မိစ္ဆာဂိုဏ်း၏ ဝိညာဉ်လက်နက် ဖြစ်ပြီး ဒုတိယတစ်ခုက တစ်ခါသုံး ဝိညာဉ်လက်နက်ပင်။
သွေးပုတီးစေ့နဲ့ ရွှေကွင်း အတူတကွ ပျံသန်းထွက်ခွာသွားပြီး အနက်ရောင် မြူခိုးထဲမှာ ပေါက်ကွဲသွားတဲ့ တောက်ပတဲ့ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရှူကျစ်ဟွာရဲ့ ကမ္ဘာမြေကို တုန်လှုပ်သွားစေတဲ့ လှံတိုက်ခိုက်မှုနဲ့ အတူ စွမ်းအား သုံးခု ထပ်ပေါင်းလိုက်ပြီး ကြောက်မက်ဖွယ် တုန်ခါမှု လှိုင်းတစ်ခုဟာ အရပ်မျက်နှာ အသီးသီးဆီ တိုက်ခတ်သွားကာ အဆောက်အဦး အများအပြားကို ပျက်စီးသွားစေခဲ့လေသည်။
ထို့နောက် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် အနက်ရောင် မြူခိုးတွေဟာ ထိုပေါက်ကွဲမှုကြောင့် လွှင့်ပျယ်သွားခဲ့ပြီး ထူးဆန်းတဲ့ ခေါင်းလောင်းသံကလည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"ဘယ်သူလဲကွ"
အနည်းငယ် ကြမ်းတမ်းပြီး အက်ရှနေသည့် အသံတစ်ခုဟ ရက်စက်ကြမ်းကြုတ်သည့်သားရဲ တစ်ကောင်လို ဟိန်းဟောက်လိုက်၏။
...
အခြားတစ်ဖက်တွင်။
သူမရဲ့ ပျံသန်းတဲ့ ဓားကို ထုတ်ယူပြီး ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ ချန်ချန်ရွှယ်ဟာ ယွမ်ယင်းခရိုင်ရဲ့ အလယ်ဗဟိုကို ကြည့်ဖို့ ရုတ်တရက် ခေါင်းလှည့်လိုက်သည်
"အဲဒါ ဘာလဲ" သူမ အံ့သြစွာ ပြောလိုက်သည်။ "တစ်ယောက်ယောက်က မိစ္ဆာနဲ့ တိုက်ခိုက်နေတာလား"
"ဒါ့အပြင် သူတို့က ဝိညာဉ်ဓားဂိုဏ်းက မဟုတ်ဘူး...."
"..."
...