အခန်း ၁၅၆ : ထူးဆန်းသည့် ခေါင်းလောင်း၏အသံ၊ ယွမ်ယင်းခရိုင်တစ်ခုလုံးမှ လူများ မေ့မျောသွားခြင်း
"ထူးဆန်းတယ်... ငါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက် တစ်ခုရှိနေတယ်" ချန်ချန်ရွှယ်ဟာ မနေ့ကတည်းက ခရိုင်ထဲကနေ ထွက်ခွာသွားချင်ခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူမက ဒီနေရာမှာ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့ပြီး မဖြစ်ပေါ်စေသင့်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့လေသည်။
ထို့အပြင် ချင်းဟယ်ခရိုင်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း နန်းတော်က ကျင့်ကြံသူ နှစ်ယောက်ဆီကနေ သူမ သိရှိခဲ့ရသည်။
ချန်ချန်ရွှယ် မူလက ချန်မိသားစုရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ကြည့်ရှုဖို့ ချင်းဟယ် ခရိုင်ဆီ ဦးတည်သွားချင်ခဲ့တာပင်။
ဒါပေမဲ့ သူမရဲ့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ ဆိုးရွားတဲ့ ကြိုတင်နိမိတ် တစ်ခု ရှိနေခဲ့သည်။
ထို့ကြောင့် သူမဟာ ခဏတာမျှ မဆင်မခြင် မလုပ်ဆောင်ခဲ့ပေ။
သူမဟာ မူလ တည်းခိုခန်းမှာ မနေထိုင်တော့ပဲ ပိုသာမန်ကျပြီး ဝေးလံခေါင်သီတဲ့ တည်းခိုခန်း တစ်ခုဆီသို့ ပြောင်းရွှေ့လာခဲ့သည်။
ထို့အပြင် သူမဟာ ချင်းဟယ်ခရိုင်ဆီ ခရီးမထွက်ခင် သူမရဲ့ ဆိုးရွားတဲ့ ကြိုတင်နိမိတ် ပျောက်ကွယ်သွားတဲ့ အထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ထားခဲ့လေသည်။
ချန်ချန်ရွှယ် သူမရဲ့ ကြိုတင်နိမိတ်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့သည်။
နောက်ဆုံး တစ်ရက်နီးပါး နေထိုင်ပြီးနောက်မှာတောင် ဒီနိမိတ်မကောင်းတဲ့ ကြိုတင်နိမိတ် ပျောက်ကွယ်မသွားခဲ့ပဲ ထိုအစား ပိုပြီး ပြင်းထန်လာခဲ့သည်။
'ဒီနိမိတ်မကောင်းတဲ့ ကြိုတင်နိမိတ်က ယွမ်ယင်းခရိုင်အန္တရာယ် ရှိနေကြောင်း သူမကို သတိပေးချက်တစ်ခုများ ဖြစ်နေမလား..'
ယွမ်ယင်းခရိုင်ဆိုတာ ချန်ချန်ရွှယ် ရောက်ရှိနေတဲ့ ခရိုင်ရဲ့ နာမည်ပင်။
"အကယ်၍ ဒီလိုဖြစ်မယ်မှန်း ငါ သိခဲ့ရင် စောင့်ဆိုင်းမနေဘဲ မနေ့ကတည်းက ဒီနေရာကနေ ထွက်ခွာခဲ့ပါတယ်"
......
ချန်ချန်ရွှယ် ခေါင်းခါလိုက်၏။ "တွက်ချက်မှု မှားယွင်းတယ်လို့ သတ်မှတ်လို့ ရတာပေါ့"
"အခု ထွက်ခွာသွားရင်တောင် သိပ်နောက်မကျသေးပါဘူး.... ဒီကနေ ချင်းဟယ်ခရိုင်ဆီ ဓားနဲ့ အမြန်ဆုံး ပျံသန်းသွားရင် သိပ်ကြာမှာ မဟုတ်ဘူး"
"ပြီးတော့ ချင်းဟယ်ခရိုင် ရောက်ရင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ပြန်လည်အသုံးပြုနိုင်မည့် အချိန် ပြည့်တဲ့ အထိ စောင့်နေလိုက်ရုံပဲ" သူမ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။
သူမ ထွက်ခွာတော့မည့် အချိန်တွင်ပင် သူမ၏ မျက်နှာအမူရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကြက်သီးထစရာ ကောင်းသည့် ခံစားချက်တစ်ခုက သူမရင်ထဲမှာ ပြည့်နှက်လာပြီး သူမ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
'မကောင်းတော့ဘူး..'
ဒီစကားလုံး နှစ်လုံး သူမစိတ်ထဲ ပေါ်လာသည်နှင့် တပြိုင်နက် အသူရာချောက်နက်ထဲမှ လာပုံရသည့် ခေါင်းလောင်းသံတစ်ခုက အဝေးကနေ ထွက်ပေါ်လာသည်ကို ချန်ချန်ရွှယ် ကြားလိုက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။
"ဒေါင်...ဒေါင်..ဒေါင်.."
ထူးဆန်းသည့် ခေါင်းလောင်းသံများက ခမ်းနားထည်ဝါသည့် အာရုံခံစားမှု အနည်းငယ်မျှ မပါဝင်ခဲ့ပဲ ထိုအစား ဘယ်ကနေမှန်း မသိ ပေါ်ထွက်လာသည့် အေးစက်သည့် အာရုံခံစားမှု တစ်ခု ပါဝင်နေခဲ့ကာ လူများကို ကြက်သီးထသွားစေခဲ့သည်။
"ဒေါင်.."
နောက်ထပ် ခေါင်းလောင်းသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ချန်ချန်ရွှယ်ဟာ ခဏတာမျှ ယိုင်လဲမသွားဘဲမနေနိုင်တော့ပေ။ သူမ၏ စိတ်အာရုံက အမှန်တကယ် အနည်းငယ် တွေဝေသွားပြီး သူမကို အိပ်ချင်စိတ် ဖြစ်ပေါ်လာစေပေသည်။
"မဟုတ်ဘူး.."
'ဒီခေါင်းလောင်းသံက သေချာပေါက် တိုက်ဆိုင်မှု မဟုတ်ဘူး.... တစ်စုံတစ်ယောက်က တမင်တကာလုပ်နေတာ..'
ဒါ့အပြင် ဒီထူးဆန်းတဲ့ ခေါင်းလောင်းသံထဲမှာ ဝိညာဉ် အတက်အကျ တချို့ မှိန်ဖျဖျ ပါဝင်နေခဲ့ပြီး ဒီလိုအသံမျိုးက ယွမ်ယင်းခရိုင် တစ်ခုလုံးကို ပျံ့နှံ့သွားစေဖို့ လုံလောက်ကြောင်း သူမ ခန့်မှန်းလိုက်သည်။
'ခရိုင်တစ်ခုလုံးကို လွှမ်းခြုံဖို့ ဒီလိုထူးဆန်းတဲ့ ဝိညာဉ် လက်နက်တစ်ခုကို အသုံးပြုရလောက်အောင် ဘယ်သူက ဒီလောက် ရက်ရောနေရတာလဲ... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..'
သတိပေး ခေါင်းလောင်းသံများ ချန်ချန်ရွှယ်၏ ရင်ထဲတွင် မြည်ဟည်းသွားခဲ့သည်။ သူမ အကြားအာရုံကို ပိတ်ပင်ရန် ဂါထာတစ်ခု အလျင်အမြန် အသုံးပြုလိုက်သည်။
သို့သော် အသုံးမဝင်ခဲ့ပေ။
"ဒေါင်..."
ချန်ချန်ရွှယ်၏ စိတ်အာရုံ နောက်တစ်ကြိမ် တွေဝေသွားခဲ့ပြန်သည်။ ထိုအိပ်ချင်တဲ့ ခံစားချက်က တကယ်ကို ဖိနှိပ်ရန် ခက်ခဲလှပေသည်။ သူမ၏ မျက်နှာအမူရာက ပုံမှန်မဟုတ်ဘဲ လေးနက်နေခဲ့လေသည်။ "ဒီအသံကို ကြားရတာ နားက ကြားတာ မဟုတ်ဘူး... ဝိညာဉ်က ကြားတာ"
ချန်ချန်ရွှယ်ဟာ သူမ၏ စိတ်အာရုံကို ကာကွယ်ပေးသည့် ကျမ်းစာတစ်ပုဒ်ကို အလျင်အမြန် ရွတ်ဆိုလိုက်သည်။ ထိုထူးဆန်းသည့် ခေါင်းလောင်းသံက အသူရာ ချောက်နက်ကဲ့သို့ ဖြစ်သော်လည်း တဖြည်းဖြည်း ပို၍ ပို၍ သေးငယ်လာခဲ့သည်။
သူမဟာ မှိန်ဖျဖျ ကြားနေရဆဲ ဖြစ်သော်လည်း သူမ၏ စိတ်အာရုံနှင့် ဝိညာဉ်ကို ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေရန် မလုံလောက်တော့ပေ။
သူမဟာ ဒီနေရာမှာ တစ်ညပဲ တည်းခိုရုံနဲ့ ဒီလိုအရာမျိုး ကြုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
'ကံဆိုးတာလား...'
'ဖြစ်နိုင်တာက သူမ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ကံဆိုးမှုတွေကို လက်တွေ့ဘဝထဲ ယူဆောင်လာခဲ့တာများလား...'
'အကယ်၍ အဲဒါ တကယ်သာ ဆိုရင်...ဒါဆို ဒီတစ်ခါ... သူမ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်း နည်းပါးနေပြီလား..'
"ငါ အဲဒီ ပြဿနာတွေကို အမြဲ ရှောင်ရှားချင်ခဲ့တာ... ဒါပေမဲ့ အဲဒီ ပြဿနာတွေက ခြေထောက်ပေါက်ပြီး ငါ့ဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... ဒါ့အပြင် ပြဿနာတွေရဲ့ အန္တရာယ်အဆင့်ကလည်း တဖြည်းဖြည်း မြင့်တက်လာသေးတာ"
ဒါက အတော်လေး ရယ်စရာ ကောင်းတယ်လို့ချန်ချန်ရွှယ် ခံစားလိုက်ရသည်။ အကယ်၍ သူမ စိတ်အခြေအနေ မကောင်းလို့သာ မဟုတ်ရင် သူမ ဒေါသထွက်လွန်းလို့ ရယ်မောမိလောက်ပေသည်။
"ဟင်..." သူမ ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ "အပြင်ဘက်မှာ... ဘာလို့ ဒီလောက် တိတ်ဆိတ်သွားရတာလဲ"
ချန်ချန်ရွှယ် ခဏတာမျှ ကြောင်အသွားခဲ့ပြီး သူမ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
သူမက အခြေတည်အဆင့် (၃) ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေမဲ့ ဒီလိုထူးဆန်းတဲ့ ခေါင်းလောင်းသံနဲ့ ရင်ဆိုင်ရတဲ့ အခါ သူမတောင် သူမရဲ့ စိတ်အာရုံကို တည်ငြိမ်အောင် ထိန်းထားဖို့ မနည်း ကြိုးစားခဲ့ရသည်။
ထိုသို့ဆိုပါက အဲဒီ ချီစုစည်းမှုအဆင့် လေလျွင့်ကျင့်ကြံသူတွေနှင့် ဒီ သာမန်လူတွေက... သူတို့ ဘာဖြစ်သွားကြမည်နည်း။
ချန်ချန်ရွှယ် သူမ၏ ဝိညာဉ် အာရုံခံစားမှုကို ချက်ချင်း ဖြန့်ကျက်လိုက်၏။ သူမ၏ ဝိညာဉ် အာရုံခံစားမှုက ပြန်လည် ပေးပို့လိုက်သော ပုံရိပ်တို့က သူမ၏ မျက်နှာပေါ်တွင် မယုံနိုင်စရာ မျက်နှာအမူရာတစ်ခု ပေါ်လာစေခဲ့သည်။
ချန်ချန်ရွှယ် တည်းခိုခန်း ဧည့်သည်တော် အခန်း၏ ပြတင်းပေါက်ကို ချက်ချင်း တွန်းဖွင့်လိုက်ပြီး အောက်ဘက် လမ်းမကြီးကို ငုံ့ကြည့်လိုက်သည်။
"မျှော်လင့်ထားတဲ့ အတိုင်းပဲ..."
သူမ၏ မျက်နှာအမူရာက အနည်းငယ် ကြည့်ရဆိုးနေခဲ့သည်။ "အဲဒီ ထူးဆန်းတဲ့ ခေါင်းလောင်းသံကို ဖန်တီးခဲ့တဲ့ သူက ငါ့ကို ပစ်မှတ်ထားတာ မဟုတ်ဘူး... ယွမ်ယင်းခရိုင်ထဲက လူတိုင်းကို ပစ်မှတ်ထားတာ"
လမ်းပေါ်ရှိ ဈေးသည်များ၊ လမ်းသွားလမ်းလာများ၊ အမျိုးသမီးများနှင့် ကလေးများ အားလုံး... သူတို့ အားလုံးဟာ အလောင်းကောင်များ ကဲ့သို့ မြေကြီးပေါ် လဲကျသွားသည်ကို သူမ မြင်လိုက်ရသည်။
သူတို့ လုံးဝ မလှုပ်ရှားကြတော့ပေ။
အကယ်၍ သူတို့ခန္ဓာကိုယ်ပေါ်တွင် အော်ရာ အငွေ့အသက်အနည်းငယ် ကျန်ရှိနေသေးကြောင်း သူမ အာရုံမခံနိုင်ခဲ့လျှင်...
သူတို့ အားလုံး သေကုန်ပြီလို့တောင် ချန်ချန်ရွှယ် ထင်မှတ်မိပေမည်။
သို့သော် ဒီလို အခြေအနေမျိုးမှာ ဒီလူတွေက သေဆုံးခြင်းနဲ့ ဘာမှ မခြားနားကြတော့ပေ။
ဘာလို့လဲဆိုတော့ အကယ်၍ သူတို့ကို နှိုးဖို့ နည်းလမ်း မရှိရင် သူတို့ဟာ ရက်အနည်းငယ် အတွင်း အစာငတ်၊ ရေငတ်ပြီး သေဆုံးကုန်ကြပေမည်။
သူတို့ဟာ ထူးဆန်းတဲ့ သတိမေ့မြောနေတဲ့ အိမ်မက်ထဲမှာ တိတ်တဆိတ် သေဆုံးသွားကြပေမည်...
ချန်ချန်ရွှယ်၏ ဝိညာဉ် အာရုံခံစားမှုက မီတာ ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသော အကွာအဝေးကို လွှမ်းခြုံနိုင်သော်လည်း သူမဟာ အသက်ရှင်နေသည့် သူတစ်ဦးတစ်ယောက်မျှ အာရုံမခံနိုင်ခဲ့ပေ။ သူမ၏ ဝိညာဉ် အာရုံခံစားမှု အကွာအဝေး အတွင်းရှိ လူတိုင်းဟာ ခေါင်းလောင်းသံ၏ သက်ရောက်မှုကို ခံလိုက်ကြရသည်။
သူတို့ အားလုံး သတိမေ့ကာ မြေပြင်ပေါ်သို့ လဲကျနေခဲ့ကြသည်။
ဒီလိုကိစ္စမျိုးမှာ မပါဝင်ဖို့ သူမ၏ ဆင်ခြင်တုံတရားက သူမကို ပြောနေခဲ့လေသည်။ ခရိုင်တစ်ခုလုံးကို သက်ရောက်စေနိုင်သည့် ထိုထူးဆန်းသည့် ခေါင်းလောင်းသံက အလွန် ထူးခြားကာ ဆန်းကြယ်သော ဝိညာဉ်လက်နက်တစ်ခု ဖြစ်ရပေမည်။ ထို့အပြင်ဒီလို ဝိညာဉ်လက်နက်မျိုးကို ၎င်းကို အသက်သွင်းဖို့အတွက် အံ့မခန်း လောက်အောင် မြင့်မားသည့် ကျင့်ကြံမှု အဆင့်လိုအပ်ပေလိမ့်မည်။