အခန်း ၁၅၄ : ရှူကျစ်ဟွာ- ငါက လပေါင်း ၃၆၀၀ပဲရှိသေးတဲ့ ၁၈နှစ်မိန်းမပျိုလေးပဲရှိသေးတာ
သူမ ပိုင်ယီရဲ့ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။"တပည့် ငါ မင်းအတွက် စောင့်ကြည့်ပေးမယ်... စိတ်မပူနဲ့ ငါ့တာဝန်ထားလိုက်"
ရှူကျစ်ဟွာ တစ်စုံတစ်ရာ နားလည်မှုလွဲနေကြောင်း ပိုင်ယီ ခံစားလိုက်ရသည်။ သူမက သူ့အတွက် ရွေးချယ်ခံတစ်ယောက် သက်သက်သာ ဖြစ်လေသည်။
ဒါကို တွေးမိပြီး သူ မျှော်လင့်ချက်မဲ့စွာ ပြုံးလိုက်၏။
အခု မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ ရွေးချယ်ခံ (၃) ယောက် ရှိနေပေပြီ။ လက်တွေ့ကမ္ဘာမှာ ရွှေအမြုတေ ရုပ်သေးရုပ်တွေနဲ့ ရှူကျစ်ဟွာ ရှိနေခဲ့သည်။
ပိုင်ယီဟာ သူက နောက်ကွယ်က ကြိုးကိုင်သူနဲ့ ပိုပိုပြီးတူလာပြီလို့ ခံစားလိုက်ရသည်။ တကယ်တော့ သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ပန်းတိုင်တွေ မရှိပေ။
ကံမကောင်းစွာနဲ့ ရှူကျစ်ဟွာက သရုပ်ဖော် စနစ်ထဲ ဝင်ရောက်ဖို့ ရွေးချယ်ခံတစ်ယောက် ဖြစ်မလာနိုင်ပေ။ အကယ်၍ သူမ ဖြစ်လာနိုင်ရင် ပိုကောင်းပေမည်။
...
အချိန်ကုန်ဆုံးသွားခဲ့သည်။
တုန်လှုပ်စရာ သတင်းကို ကြားပြီးနောက် ချင်းဟယ်ခရိုင်မှာ ယာယီ နေထိုင်နေကြတဲ့ ကျင့်ကြံသူတွေဟာ ဘေးနားက ယန်ချင်း ခရိုင်ဆီ ချက်ချင်း အပြေးသွားလိုက်ကြသည်။
သူတို့ ရောက်လာတဲ့အခါ မင်းသမီးက သူတို့ထက် စောပြီး ဒီနေရာကို ရောက်နေကြောင်း သူတို့တွေ့လိုက်ကြရလေသည်။
'ဒါပေမဲ့ မင်းသမီးရဲ့ ဘေးနားက အမျိုးသမီးက ဘယ်သူလဲ... ရှူး.... သူမရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အော်ရာက မင်းသမီးထက်တောင် ပိုသန်မာနေတယ်...'
'ဖြစ်နိုင်တာက... စီရင်စု အစိုးရရုံးက စစ်ကူတွေရောက်လာတာများလား... ဒါ မမှန်လောက်ဘူး ဘာလို့ဆို စစ်ကူက တစ်ယောက်မဖြစ်နိုင်ဘူး....'
သူတို့ တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ မနေနိုင်တော့ပေ။
သူတို့ အားလုံး သူတို့ရဲ့ ဇဝေဇဝါ ဖြစ်မှုကို ထုတ်ဖော်ပြသလိုက်ကြ၏။
ဖူရွှမ်နီက စီရင်စုအစိုးရရုံးက ကျင့်ကြံသူတွေကို ကြည့်ပြီး ထို့နောက် ရွှေအမြုတေ ရုပ်သေးရုပ်ကို ကြည့်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။ "စီနီယာ လီ"
ဖူရွှမ်နီ ဘေးနားရှိ ရှူကျစ်ဟွာက စီရင်စုအစိုးရရုံးမှ ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်သည်။
သို့ပေမဲ့ သူမ၏ အကြည့်က ဒီလူတွေဆီမှာ ရပ်တန့်မနေခဲ့ပေ။
ထိုအစား ရွှေအမြုတေ ရုပ်သေးရုပ်ဆီမှာ ရပ်တန့်သွားခဲ့သည်။ ရွှေအမြုတေ ရုပ်သေးရုပ်ရဲ့ ကျင့်ကြံမှုက သူမနဲ့ သိပ်မကွာခြားကြောင်း သူမ မြင်တွေ့နိုင်လေသည်။
သူမ အံ့သြစွာ စိတ်ထဲမှ ရေရွတ်လိုက်၏။ 'ငါ့တပည့်က ဒီလောက် စွမ်းအားကြီးတဲ့ ရုပ်သေးရုပ်ကို ဘယ်က ရခဲ့တာလဲ..'
လီဖေးယုလို့ ခေါ်တဲ့ လူက ပိုင်ယီ ထိန်းချုပ်ထားတဲ့ လူသားရုပ်သေးရုပ်တစ်ရုပ် သက်သက်သာ ဖြစ်ကြောင်း သူမ သိလေသည်။
အဲဒါက ပိုင်ယီ သူမကို ထုတ်ဖော်ပြသခဲ့တဲ့ သတင်းအချက်အလက်ပင်။
အစပိုင်းမှာ လူသား ရုပ်သေးရုပ်တစ်ရုပ်က ရွှေအမြုတေ အဆင့် ကျင့်ကြံမှု ရှိနိုင်တယ် ဆိုတာ ရှူကျစ်ဟွာ သိပ်မယုံကြည်ခဲ့ချေ။
အခု... သူမ ဒီရွှေအမြုတေ လူသား ရုပ်သေးရုပ်ကို ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်လိုက်ရပြီဖြစ်ရာ မယုံကြည်လို့ မရတော့ပေ။
'ပြောရမယ် ဆိုရင်... ဒီလူသား ရုပ်သေးရုပ်ကို ထိန်းချုပ်နေတဲ့ လူက ပိုင်ယီ မဟုတ်လား..'
ဒါကို တွေးမိလိုက်တာနဲ့ ရှူကျစ်ဟွာရဲ့ နှုတ်ခမ်းထောင့်က ရုတ်တရက် ကွေးညွှတ်သွားခဲ့သည်။ ထို့နောက် သူမဟာ ရွှေအမြုတေ ရုပ်သေးရုပ် ရှိရာ ဘက်သို့ မျက်တောင် ခပ်ဖွဖွ ခတ်ပြလိုက်သည်။ သူမ တစ်စုံတစ်ရာ တိတ်တဆိတ် ပြောနေသကဲ့သို့ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများ ပွင့်ဟသွားပြီး ပြန်ပိတ်သွားခဲ့သည်။
ရွှေအမြုတေရုပ်သေးရုပ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ခါသွားပြီး သူမကို မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။
ရှူကျစ်ဟွာ၏ အပြုံးက ပိုမို ပီပြင်လာပြီး သူမ လျှာလေးကိုပင် တိတ်တဆိတ် ထုတ်ပြလိုက်သည်။
သူမက အသက် ရာဂဏန်း ရှိနေပြီ ဆိုတာ ထင်ရှားနေတာတောင် ငယ်ရွယ်ချင်ယောင် ဆောင်နေတုန်းပင်။
ရှူကျစ်ဟွာရဲ့ မူးနေရင် အသုံးပြုသည့် စကားလုံးတွေက သူမညာ ငယ်ရွယ်သေးပြီး လပေါင်း (၃,၆၀၀) သက်တမ်းရှိတဲ့ (၁၈) နှစ် အရွယ် မိန်းကလေးပဲဟုဆိုလေသည်။
သူမ ဘယ်လိုလုပ် အသက် ရာဂဏန်း ရှိနိုင်မည်နည်း.....
အသရေဖျက်မှု.... အဲဒါတွေ အားလုံးက အသရေဖျက်မှုတွေပင်......
ဘယ်သူမှ ရှူကျစ်ဟွာရဲ့ လုပ်ရပ် အသေးအဖွဲလေးတွေကို သတိမထားမိလိုက်ကြပေ။ တကယ်တော့ သူတို့ အားလုံး အချိန်တူလောက် ရောက်လာကြတာပင်။ ဖူရွှမ်နီက ဒီကျင့်ကြံသူ အနည်းငယ်ထက် အနည်းငယ် စောပြီး ရောက်နေတာပဲ ရှိလေသည်။
ဒီအချိန်မှာမှာ ဖူရွှမ်နီဟာ သူမရှေ့က ယန်ချင်း ခရိုင်ကို ကြည့်လိုက်သည်။ သူမ သွေးနံ့ တစ်စုံတစ်ရာ မရသော်လည်း ယန်ချင်း ခရိုင်မှာ တစ်ခုခု မှားယွင်းနေကြောင်း သူမ ခံစားလို့ ရနေလေသည်။ ဘာလို့လဲဆိုတော့ ဒီနေရာက အရမ်းတိတ်ဆိတ်လွန်းနေလို့ပင်။
ယန်ချင်းခရိုင်က ချင်းဟယ်ခရိုင်လောက် မစည်ကားပေမယ့် လူဦးရေ (၁) သိန်းကနေ (၂) သိန်းကျော် ရှိလေသည်။
ထို့ကြောင့် ယုတ္တိကျကျ ပြောရရင် ယန်ချင်းခရိုင်က သက်ဝင်လှုပ်ရှားနေသင့်ပေသည်။
သို့သော် အခုက ဘာလှုပ်ရှားမှုမှ မရှိချေ။
ဖူရွှမ်နီ၏ မျက်နှာအမူရာက တဖြည်းဖြည်း လေးနက်လာခဲ့သည်။
သူမ အသက်ရှူလိုက်ပြီး ပြောလိုက်၏။ "ငါတို့ အပြင်ကနေ ဘယ်လိုပဲ ကြည့်ကြည့် ဘာမှ မြင်ရမှာ မဟုတ်ဘူး... ဒါကြောင့် ငါတို့ ဝင်ကြည့်ကြမယ်...'
လူတိုင်း ကန့်ကွက်စရာ မရှိကြပေ။
ဖူရွှမ်နီဟာ ရွှေအမြုတေ ရုပ်သေးရုပ်၊ ရှူကျစ်ဟွာ အပြင် ပြည်နယ်အရာရှိ နှစ်ဦးနဲ့ ပြည်နယ် မိသားစု တပည့် နှစ်ဦး အားလုံးပေါင်းလူ(၇) ဦး ပါဝင်တဲ့ အုပ်စုဟာ ယန်ချင်း ခရိုင်ထဲ ဝင်ရောက်သွားကြသည်။
သူတို့ ဝင်ရောက်သွားတဲ့အခါမြင်လိုက်ရတာက ကြောက်မက်ဖွယ် ကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။
လူအုပ်ကြီးက အေးစက်တဲ့ မြေပြင်ပေါ် ပုံစံမျိုးစုံနဲ့ လဲကျနေတာ သူတို့ တွေ့လိုက်ရပြီး သူတို့ မျက်နှာပေါ်မှာ ကြောက်ရွံ့မှု သို့မဟုတ် နာကျင်မှုတို့ မရှိချေ။ လူတိုင်းဟာ မျက်လုံးတွေ ပိတ်နေခဲ့ကြသည်။
ထို့အပြင် သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ မရှိသလို သွေးစက် ခြေရာလက်ရာလည်း မရှိပေ။
၎င်းက လူတိုင်းတချိန်တည်းမှာ မြေပြင်ပေါ် လဲကျသွားသလိုပင်။
သူတို့ရှေ့က လူအရေအတွက် တင် ရာဂဏန်း ရှိနေခဲ့သည်။
ကံကောင်းစွာနဲ့ ရှိနေတဲ့ လူတိုင်းက အတွေ့အကြုံ ရှိကြရာ သူတို့ရှေ့က မြင်ကွင်းကြောင့် တုန်လှုပ်သွားကြပေမယ့် ထိတ်လန့်မှု တစ်စုံတစ်ရာ မပြသခဲ့ကြပေ။ ထိုအစား သူတို့ ပတ်ဝန်းကျင် အခြေအနေကို လေ့လာစောင့်ကြည့်လိုက်ကြသည်။
"သူ သေနေပြီလား... မဟုတ်ဘူး..." ဖူရွှမ်နီ ထိုင်ချလိုက်ပြီး မြေပြင်ပေါ် လဲလျောင်းနေတဲ့ လူတစ်ယောက်နား တိုးကပ်သွားလိုက်သည်။
အဲဒီလူက အားနည်းစွာ အသက်ရှူနေသေးကြောင်းနဲ့ အသက်ငွေ့ ကျန်ရှိနေသေးကြောင်း သူမ တွေ့လိုက်ရသည်။
ဒီလူတစ်ယောက်တည်း မဟုတ်ပဲ မြေပြင်ပေါ် လဲလျောင်းနေတဲ့ လူအားလုံး အသက်ရှင်နေကြတုန်းပင်။
သူတို့ မသေကြသေးပဲ သတိမေ့နေကြတာဖြစ်ပေသည်။
'ဒါပေမဲ့ သူတို့ကို သတိမေ့သွားစေတဲ့ အကြောင်းရင်းက ဘာလဲ....ကြည့်ရတာ ခရိုင်တစ်ခုလုံး ဒုက္ခရောက်နေတာ ဖြစ်လောက်တယ်... ဟုတ်တယ်မလား..'
ဖူရွှမ်နီ မျက်မှောင်ကြုတ်လိုက်၏။
သူမရှေ့က သတိမေ့နေတဲ့ လူတွေထဲမှာ ချီစုစည်းမှု အဆင့်ကျင့်ကြံသူ တစ်ယောက် အမှန်တကယ် ရှိနေကြောင်း သူမ တွေ့ရှိလိုက်ရသည်။
သူက ဂိုဏ်းအဖွဲ့အစည်းနှင့် မသက်ဆိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်ပေသည်။
ကျင့်ကြံသူ တစ်ယောက်တောင် ဒီလို သတိမေ့သွားတယ် ဆိုတာ ယုံကြည်နိုင်စရာ မရှိပေ။
ယန်ချင်းခရိုင်ဆီက ဘာလှုပ်ရှားမှုမှ မရှိတာ အံ့သြစရာ မဟုတ်တော့ပဲ အကယ်၍ သူမ လူတွေကို ဒီနေရာကို စေလွှတ်လိုက်လို့သာ မဟုတ်ရင် ဒီနေရာမှာ တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း တွေ့ရှိဖို့ နောက်ထပ် ရက်အနည်းငယ်လောက် ကြာမြင့်သွားနိုင်လေသည်။
အဲဒီအချိန်ကျရင် သိပ်နောက်ကျသွားလောက်ပေပြီ။