အခန်း ၁၅၂ : ငါက အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ အားနည်းတဲ့ မိန်းကလေးတစ်ယောက်ပေါ့
ဒါက ရဲကင်းလှည့် တစ်ယောက်ရဲ့ အသံ ဖြစ်ကြောင်း ဖူရွှမ်နီ မှတ်မိလိုက်သည်။ တစ်ဖက်လူ၏ လေသံတွင် ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် မိစ္ဆာကျင့်ကြံသူများ၏ ခြေရာများကို အာရုံစိုက်ရန် အိမ်နီးချင်း ခရိုင်ကို အသိပေးဖို့ မနေ့ကမှ ဒီရဲကင်းလှည့်ကို သူမ စေလွှတ်လိုက်တာကို သူမ မှတ်မိလိုက်လေသည်။
'သူက ဒီလောက် မြန်မြန် ပြန်ရောက်လာပြီး သတင်းတောင် ပြန်သယ်လာသေးတာလား...'
"'လူသေတွေဆိုတာ ဘာကို ဆိုလိုတာလဲ" ခရိုင် အုပ်ချုပ်ရေးမှူး၏ အသံတွင် စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေခဲ့သည်။ "တစ်စုံတစ်ယောက် တကယ် သေဆုံးသွားရင်တောင် အဲဒါက ဘေးခရိုင်ရဲ့ ကိစ္စလေ... ငါတို့နဲ့ ဘာဆိုင်လို့လဲ....မင်း ဘာလို့ အသုံးမဝင်တဲ့ သတင်းတွေ ပြန်သယ်လာတာလဲ"
"သခင် သူ့ကို ရှင်းရှင်းလင်းလင်း ပြောပါစေဦး" ဒါက ပိရွှီး၏ အသံဖြစ်သည်။ "မထိတ်လန့်ပါနဲ့....ဆက်ပြောပါ"
ရဲကင်းလှည့်က စိုးရိမ်တကြီး ပြောလိုက်၏။ "ကျွန်တော်... ကျွန်တော် မနေ့က ဘုရင်ခံဆီက အမိန့် ရရှိခဲ့လို့ ယန်ချင်း ခရိုင်ကို အမြန်သွားခဲ့ပါတယ်"
"အဲဒီနောက် ယန်ချင်းခရိုင်ရဲ့ မြို့ရိုးကို စောင့်ကြပ်နေတဲ့သူ တစ်ယောက်မှ မရှိတာ ကျွန်တော် တွေ့လိုက်ရတယ်"
"ကျွန်တော်... ကျွန်တော် စူးစမ်းလိုစိတ်နဲ့ဝင်ကြည့်လိုက်တော့... အထဲမှာ အကုန်လုံး သေနေကြတယ်ဗျ"
"ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ အရပ်ရှည်သူ၊ အရပ်ပုသူ၊ ဝတဲ့သူ၊ ပိန်တဲ့သူ... သူတို့ အားလုံး မြေကြီးပေါ်မှာ လဲလျောင်းနေကြတာ"
"သူတို့... သူတို့ဆီမှာ သွေးတစ်စက်မှ မရှိဘူး ဒါပေမဲ့ သူတို့ မလှုပ်ရှားကြတော့ဘူး"
"သူတို့ သေကုန်ပြီ... သူတို့ အားလုံး သေကုန်ပြီ"
ရဲကင်းလှည့်၏ လေသံတွင် ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေလေသည်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူ ဘယ်လောက်တောင် ဂနာမငြိမ် ဖြစ်နေလဲဆိုတာ မြင်တွေ့နိုင်သလို သူ ပြောတာတွေက အတုအယောင် မဟုတ်ကြောင်းလည်း မြင်တွေ့နိုင်ပေသည်။ သူ တကယ်ပဲ ကြောက်မက်ဖွယ် ကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရတာပင်။
ဒါကို ကြားသည့်အခါ ဖူရွှမ်နီ၏ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့သည်။
သူမ မတ်တတ်ရပ်ကာ အပြင်ထွက်လာခဲ့သည်။
သူမဟာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပိရွှီးကို လစ်လျူရှုပြီး ရဲကင်းလှည့်ထံ တည့်တည့် လျှောက်သွားလိုက်သည်။ သူမ၏ မျက်နှာအမူရာက ယခင်က မကြုံဖူးလောက်အောင် လေးနက်နေခဲ့ပြီး အသံနက်ဖြင့် မေးလိုက်၏။ "မင်း ပြောတာတွေ အမှန်တွေလား"
ရဲကင်းလှည့် ဖူရွှမ်နီကို မြင်ပြီးနောက် သူမ၏ မျက်လုံးများကို တည့်တည့် မကြည့်ရဲပေ။
သူ့ရင်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားလိုက်ပြီး တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။"မမလေး... မမလေး ကျွန်တော် မလိမ်ပါဘူး.... ကျွန်တော် ပြောတာတွေ အကုန် အမှန်ပါ"
ဖူရွှမ်နီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမ၏ လေးနက်သည့် မျက်နှာအမူရာက စိမ်းဖန့်သွားပြီး ကြည့်ရဆိုးသွားခဲ့သည်။
သူမတွင် ခိုင်လုံသည့် သက်သေအထောက်အထား မရှိသော်လည်း ဒီကိစ္စက မြင့်မြတ်သောနှလုံးသား နန်းတော်နဲ့ သက်ဆိုင်နေကြောင်း (၈၀) ရာခိုင်နှုန်း သေချာနေလေသည်။
ဒီအချိန်မှာ၊ ဒီလိုအရာမျိုး လုပ်ရဲတဲ့သူ...
ဒါ့အပြင် ဒီလိုအရာမျိုး လုပ်ဖို့...
မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာတွေက လွဲရင် တခြား ဘယ်သူ ဖြစ်နိုင်မည်နည်း။
ဖူရွှမ်နီ လက်မခံနိုင်တဲ့ အချက်က တစ်ဖက်လူက သူမ မျက်စိအောက်မှာတင် တိုက်ခိုက်ခဲ့ခြင်းပင်။
ယန်ချင်းခရိုင်က ချင်းဟယ် ခရိုင်ရဲ့ ဘေးနားလေးတင်ဖြစ်ပေသည်။
"အဲဒီ လူ (၄) ယောက်ကို ခေါ်လိုက်" ဖူရွှမ်နီ မျက်နှာအမူရာ ပြောင်းလဲပြီးနောက် သူမ နောက်တစ်ကြိမ် တည်ငြိမ်မှုကို ပြန်လည်ရရှိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒေါသထွက်နေခြင်းက အသုံးမဝင်ကြောင်း သူမ သိသောကြောင့် ဖြစ်ပေသည်။
သူမ ပြောသည့် လူ (၄) ယောက်ဆိုသည်မှာ သဘာဝကျစွာ သူမနှင့် အတူ ချင်းဟယ် ခရိုင်သို့ လိုက်ပါလာသော လူ (၄) ယောက် ဖြစ်သည်။
ထို့နောက် ဖူရွှမ်နီ တစ်ဖက်သို့ လျှောက်သွားလိုက်သည်။ သူမ ရွှေအမြုတေ ရုပ်သေးရုပ်ထံ သွားဖို့လိုပေသည်။
ဒါက ကြီးမားတဲ့ ကိစ္စရပ် တစ်ခု ဖြစ်ကြောင်းနဲ့ သူမဟာ သန်မာတဲ့ အထောက်အပံ့ လိုအပ်ကြောင်း ဖူရွှမ်နီ သိပေသည်။
လောလောဆယ်တွင် စီရင်စု အစိုးရရုံးမှ အထောက်အပံ့ ရောက်မလာသေးပေ။ ထို့ကြောင့် သူမ စဉ်းစားလို့ ရနိုင်တဲ့ တစ်ခုတည်းသော သန်မာတဲ့ အထောက်အပံ့က ရွှေအမြုတေ ရုပ်သေးရုပ်ပင်။ ဒါပေါ့ အဲဒါက လူသား ရုပ်သေးရုပ်တစ်ရုပ် ဆိုတာ သူမ မသိချေ။
အခုချိန်ထိ သူမဟာ ရွှေအမြုတေ ရုပ်သေးရုပ်ကို အတော်လေး ဖော်ရွေတဲ့ လေလွှင့်ကျင့်ကြံသူ လီဖေးယုအဖြစ်ပဲ အမြဲ ဆက်ဆံခဲ့လေသည်။
'ဟင်... နေပါဦး..'
'လေလွှင့်ကျင့်ကြံသူ..'
ဖူရွှမ်နီ ရုတ်တရက် တုံ့ပြန်လိုက်၏။ ချင်းဟယ် ခရိုင်ထဲမှာ ခွန်အား မသိရတဲ့ အခြား လေလွှင့်ကျင့်ကြံသူ တစ်ယောက် ရှိနေသေးတာ သူမ သတိရလိုက်၏။
အနည်းဆုံးတော့ အဲဒီနေ့က သူ့ကို မြင်ပြီးနောက် သူ့ကျင့်ကြံမှု အဆင့် ဘယ်လောက်လဲ ဆိုတာ သူမ မပြောနိုင်ခဲ့ပေ။
'ဒါပေမဲ့ သူမ သူ့ဆီက အကူအညီ တောင်းလို့ ရပါ့မလား... သူ အကူအညီ ပေးဖို့ ရွေးချယ်ပါ့မလား...'
ဖူရွှမ်နီ မျက်မှောင်ကြုတ်လိုက်၏။ သူမဟာ အနည်းငယ် မသေချာ ဖြစ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူနဲ့ ပတ်သက်ပြီး သူမ မသေချာပေ။ 'အကယ်၍ သူမ သူ့အကူအညီ မရနိုင်ဘဲ သူ့ကို ရန်စမိရင်ကော... အခြေအနေတွေ ပိုဆိုးသွားစေမှာ မဟုတ်ဘူးလား...'
'ထားလိုက်ပါတော့....ကြိုးစားကြည့်ကြတာပေါ့...'
အဲဒီ လေလွှင့်ကျင့်ကြံသူဆီက အကူအညီ ရနိုင်မလား ဆိုတာ ကြိုးစားကြည့်ဖို့ ဖူရွှမ်နီ ဆုံးဖြတ်လိုက်၏။ ဘာလို့လဲဆိုတော့ အခု သူမအတွက် နောက်ထပ် အကူအညီ တစ်ယောက် ရနိုင်ရင် သူမဆီမှာ အကူအညီ တစ်ယောက် ပိုရှိလာမည်ပင်။
ရောက်လာတော့မယ့် ကြီးမားတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူမ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးပြုဖို့ ကြိုးစားရုံသာ တတ်နိုင်လေသည်။
ဖူရွှမ်နီဟာ ရွှေအမြုတေ ရုပ်သေးရုပ်ဆီ ဦးစွာ သွားပြီး ယန်ချင်းခရိုင်မှာ ဘာဖြစ်ခဲ့လဲ ဆိုတာ ပြောပြလိုက်သည်။ ဒီအချိန်မှာ သူမဟာ ဘာမှ ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘဲ ရွှေအမြုတေ ရုပ်သေးရုပ်ရဲ့ အကူအညီ လိုအပ်ကြောင်း တိုက်ရိုက် ပြောလိုက်၏။
ရွှေအမြုတေရုပ်သေးရုပ် ခဏလောက် တွန့်ဆုတ်နေပြီး သဘောတူလိုက်သည်။
ထို့နောက် ရွှေအမြုတေ ရုပ်သေးရုပ်၏ အံ့သြနေသည့် အကြည့်အောက်တွင် ဖူရွှမ်နီဟာ သူမ၏ ဓားကို စီးနင်းလိုက်၏။
ပြီးခဲ့တဲ့ တစ်ခေါက်က အဲဒီနေရာကို သူမ သွားခဲ့တဲ့ လမ်းကြောင်း အတိုင်း အချိန်တိုလေး အတွင်းမှာ ဦးတည်ရာ နေရာဆီ ပျံသန်းရောက်ရှိလာခဲ့သည်။
ဒီနေရာက တကယ်တော့ ပိုင်ယီ နေထိုင်တဲ့ နေရာပင်။
သူမ အရင်က တွေးမိခဲ့တဲ့ ချင်းဟယ်ခရိုင်က ဂိုဏ်းအဖွဲ့အစည်းတွေနှင့် မသက်ဆိုင်သည့် ကျင့်ကြံသူက ပိုင်ယီပင်။
"ဟူး..." ဖူရွှမ်နီ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ သူမ အတွေးတွေကို တည်ငြိမ်အောင် လုပ်လိုက်ပြီး တံခါးကို ယဉ်ကျေးစွာ ခေါက်ဖို့ အပေါ် လမ်းလျှောက်တက်မလို့ လုပ်စဉ်မှာပဲ ရုတ်တရက် အသံတစ်ခုက သူမရဲ့ နှလုံးကို ခုန်ပေါက်သွားစေလေသည်။
ဒီရုတ်တရက် အသံက သူမ နောက်ကျောဘက်ကနေ ထွက်ပေါ်လာခြင်းပင်။"ဟင်....တုန်လှုပ်စရာ ကောင်းလိုက်တဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ပါလား"
အဲဒါက အမျိုးသမီး တစ်ယောက်ရဲ့ အသံပင်။ သူမရဲ့ လေသံက အံ့သြနေခဲ့သည်။"မင်းရဲ့ အရိုး သက်တမ်းက (၂၀) ဝန်းကျင်လောက်ပဲ ရှိသေးတယ် မဟုတ်လား.... မင်း အခြေတည်အဆင့်ကို ရောက်နေပြီလား"
"ပြီးတော့ ဒီထူးခြားတဲ့ အော်ရာ မင်း ဘယ်မင်းဆက်က လာတာလဲ"
ရင်းနှီးခြင်း မရှိသည့် အသံက ဖူရွှမ်နီ၏ ဖြူဖွေးသည့် နဖူးပြင်ကို ချွေးစေးများ ထွက်စေခဲ့သည်။
သူမက ဖူရွှမ်နီ၏ အသက်နှင့် ကျင့်ကြံမှုကို တစ်ချက်တည်းနှင့် ပြောနိုင်သည့်အပြင် ဖူရွှမ်နီ၏ ကိုယ်ပိုင်အမှတ်အသားကို တစ်ချက်တည်းနှင့် မှတ်မိလေသည်။
'ဘယ်သူလဲ..'
အကယ်၍ တစ်ဖက်လူက ရန်လိုမှုတစ်စုံတစ်ရာ မပြသခဲ့လို့သာ မဟုတ်ရင် ဖူရွှမ်နီဟာ ရန်သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီလို့ ထင်မှတ်မိပေမည်။ ဒီနေ့ ဒီနေရာမှာ သူမ သေဆုံးတော့မယ်လို့တောင် သူမ ထင်မှတ်မှာပင်။
သူမ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ကြောင်အသွားခဲ့ရသည်။
'သိပ်လှတာပဲ....' ဒီစကားလုံး နှစ်လုံးက သူမ စိတ်ထဲ ပေါ်လာတဲ့ ပထမဆုံး အတွေးပင်။
သူမ နောက်ကျောဘက်မှာ လှပပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက် ရှိနေကြောင်း ဖူရွှမ်နီ တွေ့ရှိလိုက်ရသည်။
ဖူရွှမ်နီဟာ အရက်နံ့ အနည်းငယ် ရလိုက်ပြီး အဲဒါက ဝိညာဉ်ဝိုင်အနံ့ပင်။
သူမ စိတ်ထင်လို့လားဆိုတာ မသိပေမယ့် ဖူရွှမ်နီ ခံစားလိုက်ရသည်။ သူမရှေ့က ဒီထူးဆန်းပြီး အန္တရာယ်များတဲ့ အမျိုးသမီးက သူမကို ကြည့်လိုက်တဲ့ အခါ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ရှိနေခဲ့သည်။
သူမ စဉ်းစားလို့ မရပေ။
"စီနီယာ ရှင် ဘယ်သူလဲ ဆိုတာ မေးလို့ ရမလား" သူမရှေ့က လူက မိစ္ဆာကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလို့ ဖူရွှမ်နီ ခံစားလိုက်ရလေသည်။ ဘာပဲဖြစ်ဖြစ် အကယ်၍ တစ်ဖက်လူက မိစ္ဆာကျင့်ကြံသူ တစ်ယောက်သာ ဆိုရင် သူမ သေဆုံးနေလောက်ပြီဖြစ်ရာ ဒါကြောင့် သူမ ယဉ်ကျေးစွာ မေးလိုက်၏။
"ငါလား... ငါက ကိုယ့်ဂိုဏ်းကိုတောင် မကာကွယ်နိုင်ဘဲ ကိုယ့်အသက်ရှင်သန်ဖို့ အတွက် ရုန်းကန်နေရတဲ့အားနည်းတဲ့ မိန်းကလေးတစ်ယောက်ပါ"
တစ်ဖက်လူ ပြုံးလိုက်သည်။
...