အခန်း ၁၅ : ကျင့်ကြံခြင်း သရုပ်ဖော်စနစ်ကို စွဲလမ်းနေပြီ
ကြောက်ရွံ့မှုတွေ လွှမ်းမိုးထားတဲ့ အခြေအနေအောက်မှာ ဒီလူတွေဟာ သူတို့မိဘတွေကများ လက်နှစ်ဖက် ခြေထောက်နှစ်ချောင်းစီ အပိုပါအောင် မွေးပေးခဲ့ရင် ကောင်းမှာပဲလို့ ဆုတောင်းနေခဲ့ကြလေသည်။
မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ဟာ ခြံဝင်းရှေ့က အလောင်းတွေကို ရှင်းထုတ်လိုက်ကြပြီး သွေးစွန်းနေတဲ့ နေရာတွေကိုပါ သန့်ရှင်းရေး လုပ်လိုက်ကြ၏။
ပြီးတော့ ကမန်းကတန်း ထွက်ခွာသွားကြလေသည်။
ဒီနေရာမှာ တစ်စက္ကန့်လေးတောင် မနေချင်ကြတော့ပေ။
သူတို့က ဒီနေရာနဲ့ မသက်ဆိုင်တော့သလိုပါပင်။
တစ်ဖက်မှာက ချင်းဟယ် ခရိုင်က လီမျိုးနွယ်စုဖြစ်သလို့ နောက်တစ်ဖက်မှာက မသေမျိုးကျင့်ကြံသူဖြစ်သည်။
ဘယ်ဘက်ကိုပဲ ရန်စမိမိ၊ ဘယ်ဘက်ကိုပဲ ကူညီမိမိ၊ သူတို့ဟာ ဒီရွှံ့နွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပေ။
အခုတော့... သူတို့ ကံကောင်းပါစေလို့ စိတ်ထဲကနေ ဆုတောင်းရုံပဲ ရှိတော့ပေသည်။
အပြစ်တင် မခံရဖို့နဲ့ အသတ်မခံရဖို့ ဆုတောင်းနေကြရလေသည်။
...
တစ်ချိန်တည်းမှာပင်...
အခန်းထဲမှာတော့ ပိုင်ယီရဲ့ စိတ်ခံစားချက်က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ သူ ဓားရှည်ကို သန့်ရှင်းရေး လုပ်ပြီးပြီ ဖြစ်ပေမယ့် သူ့မျက်နှာက သိပ်မပြောင်းလဲသေးပေ။
ဒါက ဓားထိန်းချုပ်ခြင်း ပညာကို သုံးပြီး လူသုံးယောက် ဆက်တိုက် သတ်ဖြတ်ဖူးတဲ့ ပထမဆုံး အကြိမ်ဖြစ်ပေမဲ့ သူဟာ သိပ်ပြီး ရွံရှာတာမျိုး မခံစားရချေ။
ဒီလို ဖြစ်ရတာက သူ့မှာ ခွန်အား အတိုင်းအတာ တစ်ခုအထိ ရှိလာလို့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပေသည်။
ဒီရှင်းပြချက်က ယုတ္တိရှိလား မရှိလား ဆိုတာတော့ မသေချာပေ။
ဘာပဲဖြစ်ဖြစ် ပိုင်ယီကတော့ ထိုအကြောင်းပြချက်အား ယုံကြည်လိုက်လေသည်။
'ကိစ္စက ပြီးသွားပြီ...ဒီနေ့ လီကျင်းဖူကို သတ်လိုက်တာက မကြာခင် လီမျိုးနွယ်စု ခေါင်းဆောင်ရဲ့ နားထဲ ရောက်သွားမှာ သေချာတယ်... ငါ အသာစီးရအောင် အရင် လှုပ်ရှားသင့်လား.... လီမျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ နည်းလမ်း ရှာသင့်လား'
အတွေးတစ်ခု ပိုင်ယီ ခေါင်းထဲ ပေါ်လာပေမယ့် ချက်ချင်း ပြန်ဖျောက်လိုက်၏။
လီမျိုးနွယ်စုက အပေါ်ယံ ကြည့်ရင်တော့ သာမန် မျိုးနွယ်စု တစ်ခုပါပင်။ ဒါပေမဲ့ နောက်ဆုံးတော့ နှစ်ပေါင်းရာနဲ့ချီ တည်ရှိလာခဲ့ခြင်းပင်။
ချင်းဟယ် ခရိုင်မှာ ဘယ်လောက် ကြီးမားတဲ့ မတော်တဆမှုတွေပဲ ဖြစ်ပါစေ လီမျိုးနွယ်စုက ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခဲ့သလို့ ပိုတောင် အင်အားကြီးလာခဲ့လေသည်။
ဆိုလိုတာက လီမျိုးနွယ်စုဟာ အပေါ်ယံ မြင်ရသလောက် ရိုးရှင်းမှာ မဟုတ်ပဲ သူတို့ဟာ တစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်နိုင်ပေသည်။
အကယ်၍ သူသာ မဆင်မခြင် သွားတိုက်ခိုက်မယ် ဆိုရင် အန္တရာယ် သိပ်များလေသည်။
"အခု ငါလုပ်နိုင်တာက တစ်လှမ်းချင်းစီ ဖြေရှင်းသွားဖို့ပဲ ရှိတယ်.. လီမျိုးနွယ်စုက သူတို့ရဲ့ ဝှက်ဖဲကို ထုတ်သုံးလာပြီးမှ ငါက တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မလား ကြည့်ရမယ်"
ပိုင်ယီဟာ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။ "အကယ်၍ လီမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က သိပ်ခိုင်မာလွန်းနေရင်တော့ထွက်ပြေးဖို့ ပြင်ဆင်ထားရမှာပဲ"
"ဒါမှမဟုတ်..."
သူဟာ ချန်ချန်ရွှယ် အကြောင်း ပြန်တွေးလိုက်လေသည်။ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မက တတိယအကြိမ် သရုပ်ဖော်မှုမှာ ပိုပြီး ကြိုးစားလောက်ပြီး ပြီးခဲ့တဲ့ နှစ်ကြိမ်ထက် ပိုပြီး စွမ်းဆောင်ရည် ကောင်းမွန်လောက်ပေသည်။
အကယ်၍ ချန်ချန်ရွှယ်သာ တတိယအကြိမ် သရုပ်ဖော်မှုမှာ ချီစုစည်းမှု အဆင့် မသေမျိုးကျင့်ကြံသူ ဖြစ်လာခဲ့ရင်... ပိုင်ယီလည်း သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ် အကူအညီနဲ့ ချီစုစည်းမှု အဆင့် (၁) ကို သေချာပေါက် ရောက်ရှိလာနိုင်မည်ပင်။
သူဟာ ထိုအချိန်၌ တကယ့် မသေမျိုးကျင့်ကြံသူ စစ်စစ် ဖြစ်လာပေလိမ့်မည်။
သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် ရှိနေသလို မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ်လည်း ရှိထားပြီး ဓားကိုတောင် နည်းနည်းထိန်းချုပ်နိုင်နေပေပြီ။
ပြဿနာက... သူက ချီစုစည်းမှု အဆင့် မရောက်သေးတာပင်။။
အကယ်၍ ချီစုစည်းမှု အဆင့် (၁) မသေမျိုးကျင့်ကြံသူ တစ်ယောက်နဲ့သာ ထိပ်တိုက်တွေ့ခဲ့ရင် သူ့မှာ ဓားထိန်းချုပ်ခြင်း ပညာ ရှိနေရင်တောင် အသာစီးရမှာ မဟုတ်ဘူးလို့ ပိုင်ယီ ခံစားနေခဲ့ရသည်။
ဖြစ်နိုင်ခြေ အများဆုံးကတော့ ဟိုရှောင်ဒီရှောင်တွေ လုပ်ပြီးတဲ့နောက် တစ်ဖက်လူရဲ့ ဓားချက်နဲ့ ပွဲချင်းပြီး သေသွားနိုင်ပေသည်။
'ဟုတ်တယ်... ဖြစ်နိုင်ခြေ တော်တော်များတယ်..'
...
ချန်အိမ်တော်။
ချန်ချန်ရွှယ်ဟာ လက်ရှိမှာ ဝိညာဉ်ဓားတစ်ချောင်းအား သန့်စင်နေခဲ့သည်။ ဒီဝိညာဉ်ဓားက သူမရဲ့ ဆရာသခင် ပေးထားတာ ဖြစ်ပြီး မသေမျိုးကျင့်ကြံခြင်း လောကမှာ ရှားပါးတဲ့ ဝိညာဉ်လက်နက်တစ်ခုလို့ ပြောလို့ရလေသည်။ အပြင်မှာသာ ထုတ်ပြလိုက်ရင် လူအများရဲ့ လောဘတက်တဲ့ မျက်လုံးတွေကို ဆွဲဆောင်ဖို့ လုံလောက်ပေသည်။
သူမဟာ လက်ရှိမှာ ဓားကျင့်စဉ် (မပြည့်စုံ) ကို အသုံးပြုပြီး သူမရဲ့ ကိုယ်ပိုင် ဝိညာဉ်ဓားကို သန့်စင်ဖို့ ကြိုးစားနေခြင်းပင်။
ဓားကျင့်စဉ် မှတ်တမ်းတွေအရ ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက် ကျင့်ကြံနေမယ် ဆိုရင် လက်နက်ဝိညာဉ်ကို မွေးမြူနိုင်မယ့် အခွင့်အရေး အများကြီး ရှိတယ်ဆိုတာပင်။
လက်နက်ဝိညာဉ်...
မသေမျိုးကျင့်ကြံခြင်း လောကမှာ အလွန် ရှားပါးတဲ့ အရာတစ်ခု ဖြစ်၏။
အနည်းဆုံးတော့ ချန်ချန်ရွှယ် သိသလောက် မရေမတွက်နိုင်တဲ့ ဝိညာဉ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ သူမရဲ့ ဆရာသခင်မှာတောင် လက်နက်ဝိညာဉ် မရှိချေ။
လက်နက်ဝိညာဉ်လို ထူးခြားတဲ့ အရာတစ်ခုက မသေမျိုးကျင့်ကြံသူရဲ့ တိုက်ခိုက်နိုင်စွမ်းကို အများကြီး တိုးမြှင့်ပေးနိုင်လေသည်။
သူတို့က သခင်အပေါ် နှိုင်းယှဉ်မရအောင် သစ္စာရှိကြပြီး လက်နက်ဝိညာဉ်ရဲ့ ခွန်အားက သခင်နဲ့လည်း ဆက်နွယ်နေလေသည်။
တစ်နည်းအားဖြင့် ပြောရရင်... အကယ်၍ ချန်ချန်ရွှယ်သာ လက်နက်ဝိညာဉ် တစ်ကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ရင် အနာဂတ်မှာ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ တစ်ယောက်ချင်း မဟုတ်တော့ဘဲ၊ နှစ်ယောက် တစ်ယောက် ဖြစ်သွားကာ ရန်သူတွေကို အလစ်အငိုက် ဖမ်းနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပဲ ဓားကျင့်စဉ် စာအုပ်ထဲမှာ ထူးခြားတဲ့ ဓားထိန်းချုပ်ခြင်း ပညာ တစ်ခု မှတ်တမ်းတင်ထားသည်အား တွေ့ရလို့ ချန်ချန်ရွှယ် အံ့သြသွားခဲ့သည်။
ဒီဓားထိန်းချုပ်ခြင်း ပညာက မပြည့်စုံပေမယ့် ကျင့်စဉ် စာသားအနည်းငယ်သာ ပါရှိပေမယ့် ချန်ချန်ရွှယ် အသုံးပြုလို့ ရနေသေးလေသည်။
အရေးအကြီးဆုံးကတော့ သူမ ဝိညာဉ်ဓားကို မွေးမြူနေစဉ်မှာ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်တွေကို ဖြည်းဖြည်းချင်း သန့်စင်ယူနေတာကို ရှင်းရှင်းလင်းလင်း ခံစားနေရခြင်းပါပင်။
ဆိုလိုတာက သူမ အနေနဲ့ ဓားကျင့်စဉ်ကို အသုံးပြုပြီး ကျင့်ကြံမှု အတားအစီးကို ချိုးဖျက်နိုင်ဖို့ ဖြစ်နိုင်ခြေ တော်တော်များနေပေသည်။
ထို့ကြောင့် သူမဟာ ဘယ်လိုလုပ် အံ့သြဝမ်းသာ မဖြစ်ဘဲ နေနိုင်မည်နည်ူ။
မပြည့်စုံတဲ့ ဓားကျင့်စဉ်ကတောင် ဒီလောက် မှော်ဆန်နေရာ အကယ်၍သာ ပြည့်စုံတဲ့ ဗားရှင်း ဆိုရင် ဘယ်လိုနေမလဲပင်။
ချန်ချန်ရွှယ်ဟာ စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ နောက်ဆုံးတော့ သူမရဲ့ ကံတရားက သိပ်မကောင်းသေးချေ။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ကောက်ရခဲ့တဲ့ ကျင့်စဉ်က မပြည့်စုံတဲ့ ဗားရှင်း ဖြစ်နေခဲ့သည်။
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း ညဉ့်နက်သွားခဲ့၏။
ချန်ချန်ရွှယ်ရဲ့ အိပ်ခန်းထဲမှာ ဝိညာဉ်စွမ်းအင်တွေ အဆက်မပြတ် လှိုင်းထနေခဲ့ပြီး ပတ်ဝန်းကျင် မီတာ တစ်ထောင် အကွာအဝေးအတွင်းက ဝိညာဉ်စွမ်းအင် အားလုံးကို ဆွဲဆောင်ထားသလို ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူမရဲ့ မျက်လုံးတို့အား ဖွင့်လိုက်ပြီး လေပူတစ်ချက်အာူ မှုတ်ထုတ်လိုက်သည်။
"စွမ်းအင် ကုန်လိုက်တာ"
ဝိညာဉ်ဓား သန့်စင်ခြင်းက အလကား မရဘူး ဆိုတာ ချန်ချန်ရွှယ် တွေ့ရှိလိုက်ရသည်။ သူမရဲ့ စိတ်ဝိညာဉ်က နည်းနည်း ပင်ပန်းနေပေပြီ။
ကုတင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေတာ ဆိုပေမယ့် တိုက်ပွဲဝင်ထားသလိုမျိုး ပင်ပန်းနေခဲ့သည်။
ရလဒ်ကတော့ သူမ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ နည်းနည်း တိုးလာခဲ့ပြီး ရှေ့မှာ ပျံဝဲနေတဲ့ ဝိညာဉ်ဓားကလည်း အရင်ကနဲ့ နည်းနည်း ကွာခြားသွားသလိုပင်။
ဝိညာဉ်ဓားထဲမှာ ဝိညာဉ်အနှစ်သာရတစ်ခု တိုးလာသည်အား ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
ဒီခံစားချက်က သိပ်ထူးဆန်းပြီး ဖော်ပြရ နည်းနည်း ခက်ပေသည်။
သူမ စိတ်ကို လှုပ်ရှားလိုက်ရာ ဝိညာဉ်ဓားဟာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သိုလှောင်အိတ်ထဲ ဝင်သွားခဲ့သည်။ ထို့နောက် သူမဟာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ "မနက်ဖြန် မွန်းတည့်ချိန်ဆို တတိယအကြိမ် သရုပ်ဖော် စနစ်ကို စတင်လို့ ရလောက်ပြီ မဟုတ်လား... ဒီတစ်ခါတော့ သရုပ်ဖော် စနစ်ထဲမှာ ပိုမြင့်တဲ့ အဆင့် ရောက်အောင် ကျင့်ကြံရမယ်"
"သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ်နဲ့ ဆိုရင် အခြေတည်အဆင့် (၁) ရဲ့ အတားအစီးကို ချိုးဖျက်နိုင်မှာပဲ... ဝိညာဉ်ဓားဂိုဏ်းကို ပြန်ရောက်ရင် ငါ အခြေတည်အဆင့် (၂) ရောက်နေတာကို တွေ့ပြီး ဆရာသခင် အံ့သြသွားလောက်တယ်.."
"ဝမ်းနည်းစရာ ကောင်းတာက ပြီးဆုံးတိုင်း (၁၂) နာရီ စောင့်နေရတာပဲ။အဲ့လိုမဟုတ်ပဲ ပြီးတာနဲ့ ချက်ချင်း ပြန်စလို့ ရရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ဒီအထိ ပြောပြီးတော့ ချန်ချန်ရွှယ်၏ နှုတ်ခမ်းထောင့်တို့က ကွေးတက်သွားခဲ့သည်။ သူမဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်အား စွဲလမ်းနေခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ်... သရုပ်ဖော် စနစ်ထဲမှာ သေသွားလည်း လက်တွေ့မှာ မသေသည့်အပြင် သရုပ်ဖော် စနစ်ကနေ ဆုလာဘ်တွေလည်း ရနိုင်ပေသည်။
ဒါက သူမကို ချက်ချင်း သရုပ်ဖော်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
ချန်ချန်ရွှယ်ဟာ သူမရဲ့ ဒီလို စိတ်အခြေအနေကို သတိထားမိပြီး သူမဟာ ၎င်းအပေါ် နည်းနည်း ယစ်မူးနေပြီလို့ ခံစားလိုက်ရ၏။
ဒါပေမဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အခွင့်အလမ်း တစ်ခုဖစ်ရာ တခြားလူသာ ဆိုရင်လည်း စိတ်လွတ်သွားကြမည်ပင်။
စိတ်ထဲက အတွေးပေါင်းစုံကို ဖယ်ရှားလိုက်ပြီး ချန်ချန်ရွှယ်ဟာ ဒီည ကောင်းကောင်း အိပ်စက်ဖို့ ဆုံးဖြတ်လိုက်သည်။
မနက်ဖြန်ကျရင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝကို ကြိုဆိုရဦးမည်ဖြစ်ရာ အကောင်းဆုံး အခြေအနေအား ထိန်းသိမ်းထားရပေမည်။
...