အခန်း ၁၄၉ : သေဆုံးခြင်း၊ ဆုလာဘ် တွက်ချက်မှု
[ကံကောင်းမှု ရုတ်တရက် ကုန်ဆုံးသွားတာ ဟုတ်မဟုတ် သင် မသေချာသော်လည်း မဲနှိုက်ရာတွင် သင် အမှန်တကယ် ရှုံးနိမ့်ခဲ့သည်။]
[သင်သည် ဂိုဏ်းပြိုင်ပွဲကြီး၏ နောက်ဆုံး ရွေးချယ်ခံရသူ (၄) ဦး ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။]
[သင်ဟာ စွမ်းအားကြီးသည့် ပြိုင်ဘက် တစ်ဦးကို အနိုင်ယူခဲ့ပြီး ထိုအကြောင်းရင်းကြောင့် သင် ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း၌သာ ရှိနေသေးလေသည်။]
[နောက်ဆုံး ပြိုင်ဘက်နှင့် သင့်ပွဲစဉ်က ဂိုဏ်းများမှ မသေမျိုးကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။]
[ပြိုင်ဘက်၏ ခွန်အားမှာ သင့်ကို ဒုက္ခရောက်စေလောက်အောင် အလွန် သန်မာလှသည်။]
[ထို့ကြောင့် သင့်တွင် ရွေးချယ်စရာ မရှိတော့သဖြင့် ဓားကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ဖော်ပြသလိုက်ရသည်။]
[သင် အနိုင်ရရှိခဲ့ပါသည်]
[ဤဂိုဏ်းပြိုင်ပွဲတွင် သင်ဟာ ပထမဆု ရရှိခဲပြီး သင့်ဂုဏ်သတင်းကလည်း မသေမျိုးကျင့်ကြံခြင်း ကမ္ဘာကို တုန်လှုပ်သွားစေခဲ့သည်]
[...]
သက်လတ်ပိုင်း အမျိုးသားက ဆက်ပြောလိုက်သည်။ "ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"
ထို့နောက် ပိုင်ယီ၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသည့် ဘူးသီးခြောက်တစ်လုံး လေထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထို့နောက် သူဟာ ဘူးသီးခြောက်ပေါ်တွင် ရပ်ပြီး ပိုင်ယီကို ကြည့်လိုက်၏။
ပိုင်ယီ နားလည်လိုက်ပြီး သူလည်း အပေါ်သို့ တက်ရပ်လိုက်သည်။
ဤကြီးမားသည့် ဘူးသီးခြောက်ဟာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အဝေးသို့ ပျံသန်းသွားသည့်အခါ ပိုင်ယီဟာ ခဏတာမျှ တွန့်ဆုတ်နေသော်လည်း မမေးဘဲ မနေနိုင်တော့ပေ။ "စီနီယာ စာကြည့်တိုက် မျှော်စင်က အဲဒီ စီနီယာနဲ့ ဘယ်လို ပတ်သက်မှု ရှိပါသလဲ"
ချီဂိုဏ်းမှ သက်လတ်ပိုင်းအကြီးအကဲက ဒါကို ကြားသည့်အခါ ဤကဲ့သို့သော ပျင်းစရာကောင်းသည့် မေးခွန်းမျိုးကို မဖြေချင်ပေ။
သို့သော် ပိုင်ယီက ဤဂိုဏ်းပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ကြောင်း သူ ထည့်သွင်းစဉ်းစားလိုက်၏။ ဤကဲ့သို့သော ပါရမီရှင်မျိုးက နှစ်ရာပေါင်းများစွာ ကြာပြီးနောက် သာမန်မဟုတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
ကြိုတင် လိုအပ်ချက် အနေဖြင့် သူဟာ ငယ်ငယ်ရွယ်ရွယ်နှင့် မသေဆုံးဖို့တော့ လိုပေသည်။
အကယ်၍ သူက ဤကဲ့သို့သော ပါရမီရှင်မျိုးနှင့် မိတ်ဆွေဖွဲ့ထားနိုင်လျှင် အကျိုးရှိပေလိမ့်မည်။ အကယ်၍ သူ မိတ်ဆွေ မဖွဲ့နိုင်လျှင်တောင် တစ်ဖက်လူနှင့် ရန်ငြိုးရန်စ မရှိသင့်ပေ။
ဒါကို တွေးမိပြီး သူ ပြန်ဖြေလိုက်၏ "ဇနီးမောင်နှံ"
ပိုင်ယီ တိတ်ဆိတ်သွားခဲ့လေသည်။
[ဂိုဏ်းပြိုင်ပွဲမှ ဆုလာဘ်များ အားလုံး လက်ခံရရှိပြီးနောက် သင်ဟာ မရပ်မနားဘဲ ချီဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ သင် ဘာကြောင့် ဒီလောက် အလျင်အမြန် ထွက်ခွာလာရသလဲ ဆိုတာကို သင့်ဆရာ သိချင်နေခဲ့သော်လည်း သင် အသေးစိတ် အများကြီး ပြန်မဖြေခဲ့ပေ။]
[မသေမျိုးကျင့်ကြံခြင်းကမ္ဘာတွင် သင့်ဂုဏ်သတင်း ကြီးမားလာမှုကြောင့် ဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်လိုသူ အရေအတွက် အတော်လေး များပြားလာခဲ့သည်။ ဝိညာဉ်ဂိုဏ်း၏ တပည့်အရေအတွက်ကလည်း နောက်ဆုံးတွင် ဂဏန်းသုံးလုံးကို ချိုးဖျက်ကျော်လွန်သွားပြီ ဖြစ်လေသည်။]
[သင် ရရှိခဲ့သည့် ကျင့်ကြံခြင်းနည်းစနစ် နှစ်ခုကိုဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းသခင်နှင့် မျှဝေခဲ့သည်။ ချီရွှမ် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို ကြည့်ပြီး ရှူကျစ်ဟွာဟာ နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားပုံရပြီး ပြောရန် တွန့်ဆုတ်နေခဲ့သည်။]
[သင့်အတွက် မလွယ်ကူခဲ့ကြောင်း တွေးမိပြီး သူမ သင့်ပခုံးကို ပုတ်လိုက်သည်။]
[အသက် ၂၉ နှစ် - ဂိုဏ်းပြိုင်ပွဲ၏ ပထမဆု ဆိုသည့် ဘွဲ့ထူးကြောင့် ဟုတ်မဟုတ် သင် မသိသော်လည်း ၎င်းက ထင်ပေါ်လွန်းနေခဲ့ရာ သင် မိစ္ဆာကျင့်ကြံသူ အချို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်သွားပြီး ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။]
[ကံကောင်းစွာဖြင့် သင့်တွင် ဝှက်ဖဲအလုံအလောက် ရှိသဖြင့် သင် အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော် မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်မှုက အဆုံးသတ်မည် မဟုတ်ကြောင်း သင် မျှော်လင့်မထားခဲ့ပေ။]
[အသက် ၃၀ နှစ် - ရွှေအမြုတေမိစ္ဆာကျင့်ကြံသူ တစ်ဦးဟာ ဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ခဲ့ပြီး သင်မှလွဲ၍ တပည့်အားလုံးကို သတ်ဖြတ်လိုက်သည်။]
[သင့်ဆရာ ရှူကျစ်ဟွာဟာ သူ့ကို တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ ကျင့်ကြံမှုက နယ်ပယ်တစ်ခု နိမ့်ကျနေသဖြင့် တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။]
[သင့်ဆရာ တိုက်ပွဲတွင် ကျဆုံးခဲ့သည်]
[သင်လည်း သေဆုံးသွားခဲ့သည်]
[အသက် - ၃၀ နှစ်၊ ၀၇ လ၊ ၂၉ ရက်]
ပြီးဆုံးသွားပေပြီ။
အတိတ်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုကို အကြိမ် (၃၀) ကျော် ပြုလုပ်ခဲ့စဉ်ကတည်းက သေခြင်းတရား၏ အရသာကို ပိုင်ယီ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။ သူ သေဆုံးရတာကို ထုံထိုင်းနေပြီဟုပင် ပြော၍ရပေသည်။
ဒီတစ်ခါလည်း မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ သူ နောက်တစ်ကြိမ် သေဆုံးသွားခဲ့ရပေမဲ့ ပိုင်ယီ၏ နှလုံးသားက အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိပေ။ သူ့တွင် မလိုလားအပ်သည့် ခံစားချက်များ မရှိသလို ထူးဆန်းသည့် အငြိုးအတေးများလည်း မရှိပေ။ ထို့အပြင် နောင်တရစရာ တစ်စုံတစ်ရာလည်း မရှိပေ။
ဒီသရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝက ခုနစ်နှစ်တာ တိုတောင်းသည့် အချိန်ကာလသာ ကြာမြင့်ခဲ့သော်လည်း ပိုင်ယီ ကျေနပ်နေလေသည်။
"နောက်ဆုံးတော့ ငါ ကိုယ်ပိုင် တွက်ချက်ခြင်း ဆုလာဘ်တစ်ခု ရပြီ.." သူ ရေရွတ်လိုက်၏။
[သင်ဟာ သင့် (၃၇) ကြိမ်မြောက် သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝတွင် ၃၀ နှစ်၊ ၀၇ လ နှင့် ၂၉ ရက် အသက်ရှင်နေထိုင်ခဲ့သည်။ ဆုလာဘ် လက်ခံရရှိနိုင်သည့် စံချိန်စံညွှန်းသို့ သင် ရောက်ရှိခဲ့ပါပြီ။ သင့်နောက်တစ်ကြိမ် သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝ မတိုင်မီ (၂၄) နာရီ ပြန်လည်အသုံးပြုနိုင်မည့် အချိန် လိုအပ်ပါသည်။]
[သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိခဲ့ပါသည်]
...