အခန်း ၁၄၆ : ဂိုဏ်းသခင်၏ ဇနီးသည်၊ အခြေတည်အဆင့်(၂)
ယခု၌ ဂိုဏ်းသခင်ရဲ့ ဇနီးသည်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။ တစ်နည်းအားဖြင့် ပြောရရင် သူမက ပိုင်ယီဆရာသခင်ရဲ့ ဇနီးသည်ပင်။
ဒီဝိညာဉ်ဂိုဏ်းမှာ လက်ရှိ ပိုင်ယီကို အဆင့်မြင့် တိုက်ပွဲဝင် အင်အားတစ်ခု အဖြစ် သတ်မှတ်လို့ ရနေပေပြီ။
'သေစမ်း...ဒါက ကြေကွဲစရာ ကောင်းလွန်းတယ်...'
ထွက်မပြေးတဲ့ ကျန်ရှိနေသေးတဲ့ အပြင်စည်း ဂိုဏ်းသားတွေအတွက် ဆိုရင်တော့... သူတို့အိမ်တွေက ဝိညာဉ်ဂိုဏ်းနဲ့ ဝေးလွန်းနေတာကြောင့် ဒါမှမဟုတ် သူတို့ မဆင်မခြင်ပြန်ပြေးရင် အပြန်လမ်းမှာ သေဆုံးသွားဖို့ ဖြစ်နိုင်ချေ များနေကြလို့ပင်။
ဒါ့အပြင် သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း အခြေခံအုတ်မြစ်တွေကလည်း သိပ်အသုံးမဝင်ကြပေ။ အကယ်၍ သူတို့ဟာ တခြား ဂိုဏ်းတစ်ခုကို ပြောင်းရွှေ့ချင်ရင်တောင် တခြားသူတွေက သူတို့ကို သဘောကျမှာ မဟုတ်လောက်ပေ။
သို့သော် ဝိညာဉ်ဂိုဏ်းအပေါ် သစ္စာရှိတဲ့ လူတစ်စုလည်း ရှိနေတယ် ဆိုတာ ငြင်းလို့ မရချေ။
သူတို့ အရင်တုန်းက ဝိညာဉ် ဂိုဏ်းရဲ့ ကျေးဇူးကို ခံစားခဲ့ရဖူးရာ ဝိညာဉ်ဂိုဏ်းက ဒီလိုအခြေအနေမျိုး ရောက်နေတာတောင် သူတို့ ထွက်မသွားကြပေ။
၎င်းက ရှားပါးလွန်းပေသည်။
ဒီနေ့မှာ ပိုင်ယီဟာ ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းသခင် အသစ်နဲ့ တွေ့ဆုံခဲ့သည်။ ၎င်းက သူ့ဆရာသခင်ရဲ့ ဇနီးသည်ပင်။ ဝိညာဉ်ဂိုဏ်းက ခေါင်းဆောင် မရှိဘဲ ဆက်လက် ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ရာ ဒီဆရာသခင်ရဲ့ ဇနီးသည်က သဘာဝကျစွာ ဂိုဏ်းသခင် ဖြစ်လာခဲ့သည်။
သူမက ငယ်ရွယ်ပုံရတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အပေါ်ယံ ကြည့်ရင် သူမက ပိုင်ယီနဲ့ ရွယ်တူလောက် ရှိပုံရလေသည်။
ဒါပေမဲ့ သူမရဲ့ အခြေခံအုတ်မြစ်ထဲက ရင့်ကျက်မှုနဲ့ ဉာဏ်ရည်က တစ်ဖက်လူ သေချာပေါက် မငယ်ရွယ်တော့ကြောင်း ပိုင်ယီကို ပြောပြနေခဲ့ပြီး သူမက အသက် ရာဂဏန်းလောက် ရှိလောက်ပေပြီ။
အသက် (၂၀၀) သို့မဟုတ် (၃၀၀) လောက် ရှိနေဖို့ ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေ။
ဒီအမျိုးသမီး ဂိုဏ်းသခင်က ရွှေအမြုတေ အဆင့်မှာ ရှိနေပြီး သူမရဲ့ ကျင့်ကြံဆင့်က မိစ္ဆာလက်ချက်နဲ့ သေဆုံးသွားတဲ့ ဂိုဏ်းသခင်ဟောင်းနဲ့ အတူတူပင်။
တစ်ဖက်လူရဲ့ ခွန်အားက အတော်လေး သန်မာလို့သာ သူမ အဲဒီ တိုက်ပွဲကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ပိုင်ယီ မှတ်မိတာက သူမ နာမည်က ရှူကျစ်ဟွာပင်။
ဝိညာဉ်ဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းသခင်က အတော်လေး ပွယောင်းနေတဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတာ ပိုင်ယီ တွေ့လိုက်ရ၏။
"ပိုင်ယီ မင်း ပြန်လည်သက်သာလာပြီလား"
ရှူကျစ်ဟွာလို့ အမည်ရတဲ့ ဝိညာဉ်ဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းသခင်ရဲ့ လှပတဲ့ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာအမူရာ ရှိနေခဲ့သည်။
သူမဟာ အတော်လေး ပြန်လည်သက်သာလာပြီ ဖြစ်တဲ့ ပိုင်ယီကို ကြည့်ပြီး အံ့သြနေတဲ့ လေသံနဲ့ ပြောလိုက်၏။ "မင်းရဲ့ ဒဏ်ရာတွေနဲ့ ဝိညာဉ်စွမ်းအား ကုန်ခန်းမှုက ပြင်းထန်တာတောင် မင်းက လဝက်လောက်ပဲ အနားယူလိုက်တာနဲ့ အခု အဆင်ပြေနေပြီလား"
"ဟင်..." သူမ ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး သူမရဲ့ လှပတဲ့ မျက်ခုံးတွေကို ဖြည်းညှင်းစွာ မကြုတ်ဘဲ မနေနိုင်တော့ပေ။ "မင်း ဘယ်တုန်းက အခြေတည်အဆင့်ကို အဆင့်ချိုးဖျက် ဝင်ရောက်သွားတာလဲ... မင်းအရင်တုန်းက ချီစုစည်းမှုအဆင့် (၈) မှာပဲ ရှိသေးတာ မဟုတ်ဘူးလား"
ဒီရွှေအမြုတေ အဆင့် ဂိုဏ်းသခင်နဲ့ တွေ့ဆုံရတော့ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားလို့ မရနိုင်မှန်း ပိုင်ယီ သေချာပေါက် သိပေသည်။
သူ့ရဲ့ အခြေတည်အဆင့် ဆေးလုံးက ချီစုစည်းမှုအဆင့် (၈) ကနေ အခြေတည်အဆင့် အဆင့် (၁) ကို တိုက်ရိုက် အဆင့်ချိုးဖျက် ဝင်ရောက်ခွင့် ပေးခဲ့ရာ ထိုးထွင်းသိမြင်တတ်တဲ့ မျက်လုံးရှိတဲ့ ဘယ်သူမဆို ဒီလိုကျင့်ကြံမှု ပြောင်းလဲခြင်းကို မြင်တွေ့နိုင်လေသည်။
ထို့ကြောင့် ပိုင်ယီဟာ ဆင်ခြေတစ်ခု ကြိုတင်စဉ်းစားထားပြီးသားဖြစ်လေသည်။ "မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ပွဲ ဖြစ်နေစဉ် အတွင်း ကျွန်တော် ဉာဏ်အလင်းပွင့်ခဲ့ပုံ ရတယ်... အထူးသဖြင့် ကျွန်တော် သတိမေ့မြောနေတဲ့ အချိန်ကာလ အတွင်း ကျွန်တော့်စိတ်က ပြင်ပအာကာသထဲ လှည့်လည်သွားလာနေပြီး ကမ္ဘာလောကကြီးထဲက အရာခပ်သိမ်းရဲ့ လျှို့ဝှက်ချက်တွေကို ခံစားနေရသလို ဖြစ်ခဲ့တယ်"
"ကျွန်တော် နိုးလာတဲ့အခါ ကျွန်တော့်ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေက ဒီရေလှိုင်းတွေလို တက်လာခဲ့တယ်.. ရက်အနည်းငယ် အတွင်းမှာတင် ကျွန်တော် အဆင့် အနည်းငယ်ကို ဆက်တိုက် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်... ပြီးတော့ လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုတုန်းက ကျွန်တော် အခြေတည်အဆင့် အဆင့် (၁) ကို တစ်ရှိန်ထိုး အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့တယ်"
သူ့လေသံက ရိုးသားပုံရပြီး အမှန်တရားတို့ကို ပြောနေသလိုပင်။
ရှူကျစ်ဟွာ အံ့သြသည့် မျက်နှာအမူရာကို ထုတ်ဖော်ပြသလိုက်၏။ "မင်း... ဉာဏ်အလင်းပွင့်ခဲ့တာလား..."
ဉာဏ်အလင်းပွင့်ခြင်း.......
ဒါက မသေမျိုးကျင့်ကြံခြင်း ကမ္ဘာမှာ ရှားပါးပေသည်။
မသေမျိုးကျင့်ကြံသူ အများအပြားဟာ သူတို့ ဘဝတစ်လျှောက်လုံး ဘယ်တုန်းကမှ ဉာဏ်အလင်း မပွင့်ဖူခဲ့ကြပေ။
သူမ ကိုယ်တိုင်လည်း အတူတူပင်။
ပြီးတော့ ထူးကဲတဲ့ ပါရမီနဲ့ ကောင်းမွန်တဲ့ ကံတရား ရှိတဲ့ ကျင့်ကြံသူ တချို့ဟာ သူတို့တစ်ခါ ဉာဏ်အလင်းပွင့်တာနဲ့ ရရှိတဲ့ အကျိုးကျေးဇူးတွေက တခြားကျင့်ကြံသူတွေ မနာလိုနိုင်လောက်အောင်ဖြစ်စေလေသည်။
ပိုင်ယီလည်း ဒီအချက်ကို ကောင်းကောင်း နားလည်ပေသည်။။
ဒီလိုဆင်ခြေမျိုးက နည်းနည်း ယုတ္တိမရှိသလိုဖြစ်နေပေမယ့် ရှူကျစ်ဟွာ ဘာလို့ ယုံကြည်သွားလဲ ဆိုတာ သူ မသိချေ။
သူမ ပိုင်ယီကို ကြည့်တဲ့ အခါ သူက ကြည့်ရတာ သိပ်မျက်စိပသာဒ ဖြစ်စရာ ကောင်းတယ်လို့ ရှင်းပြလို့မရနိုင်လောက်အောင် ခံစားလိုက်ရသည်။
ပိုင်ယီလို ဖြောင့်မတ်တဲ့ မျက်နှာထားရှိတဲ့ လူငယ်တစ်ယောက်က... လိမ်ညာနိုင်မှာ မဟုတ်ဘူးလို့ သူမ ခံစားလိုက်ရသည်။
ဒါကို တွေးမိတော့ ရှူကျစ်ဟွာ အပြုံးအရိပ်အယောင် တစ်ခုကို ညှစ်ထုတ်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဒီတိုက်ပွဲကြီး အပြီးမှာ မင်း ဉာဏ်အလင်းပွင့်နိုင်ခဲ့တာ အခွင့်အလမ်း တစ်ခု ရရှိခဲ့တယ်လို့ သတ်မှတ်လို့ ရတာပေါ့"
သူမ ရုတ်တရက် သက်ပြင်းချလိုက်၏။ "တကယ်တော့... အကယ်၍ မင်း ဝိညာဉ်ဂိုဏ်းကနေ ထွက်ခွာသွားချင်ရင် ငါ မင်းကို တားမှာ မဟုတ်ပါဘူး"
"လက်ရှိ ဝိညာဉ်ဂိုဏ်းက အရင်ကနဲ့ မတူတော့ဘူး"
ဝိညာဉ်ဂိုဏ်းကနေ ထွက်ခွာမည်ဆိုသည့်အတွေးမျိုး ပိုင်ယီမှာ မရှိချေ။ ဒီတစ်ခါ ကျင့်ကြံခြင်း သရုပ်ဖော်မှုရဲ့ ရည်ရွယ်ချက်က တကယ်တော့ ပိုကြာကြာ အသက်ရှင်ဖို့ပင်။
လက်ရှိ ဝိညာဉ်ဂိုဏ်းက အခြေနေဆိုးတယ်ဆိုပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း ဝိညာဉ်ဂိုဏ်းမှာ မက်မောစရာ ဘာမှ မရှိတော့ဘူးဟု ပြောရပေမည်။
ဝိညာဉ်ဂိုဏ်းအောက်က ဝိညာဉ် သွေးကြောအသေးလေးတစ်ခုတောင် အဲဒီ တိုက်ပွဲကြီးမှာ ပျက်စီးသွားခဲ့ပေပြီ။
ဒီလို အခြေအနေမျိုးမှာ... အလောဘကြီးဆုံး လူတောင်မှ ဆင်းရဲတဲ့ ဝိညာဉ်ဂိုဏ်းကို လစ်လျူရှုထားပေမည်။
ဘာပဲဖြစ်ဖြစ် သူတို့ လဲကျနေတုန်း ဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ရတဲ့ ကုန်ကျစရိတ်က သူတို့ ရရှိမယ့် အကျိုးအမြတ်နဲ့ တိုက်ရိုက် အချိုးမကျပဲ အရှုံးတာ များနေပေမည်။
ပိုင်ယီ ပြန်ဖြေလိုက်သည်။ "ဂိုဏ်းသခင် ဒီတပည့့် ဝိညာဉ်ဂိုဏ်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး"
ရှူကျစ်ဟွာ ကြောင်အသွားခဲ့ပြီး သူမမျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း ပိုသဘာဝကျလာခဲ့သည်။
"ကောင်းပြီ" သူမ အနည်းငယ် ခေါင်းငြိမ့်ပြီး ပြောလိုက်၏။ "ဒါဆိုရင် ဒီနေ့က စပြီး မင်းက ဝိညာဉ်ဂိုဏ်းရဲ့ စီနီယာ အစ်ကိုကြီးဖြစ်သွားပြီ... တစ်ချိန်တည်းမှာပဲ မင်းက ငါ့ရဲ့ ဆက်ခံသူ တပည့်လည်း ဖြစ်လိမ့်မယ်... အနာဂတ်မှာ ငါ မင်းရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးမယ်"
"အခုက ဝိညာဉ် ဂိုဏ်းကို ပြုပြင်မွမ်းမံဖို့ လိုအပ်နေတယ်... မင်းကို ဒီလေးလံတဲ့ တာဝန်ထမ်းဆောင်စေဖို့ ငါ ဒီကို ခေါ်လိုက်တာ"
"ဝိညာဉ်ဂိုဏ်းကို ယခင် အခြေအနေ အတိုင်း ပြန်ရောက်အောင် လုပ်ဖို့ မလိုပါဘူး... အဆင်ပြေရုံလောက်ဆိုရင် ရပြီ"
ပိုင်ယီ ပြန်ဖြေလိုက်သည်။ "တပည့် အမိန့်ကို လက်ခံပါတယ်"
ပိုင်ယီ ထွက်ခွာသွားချိန် သူ့ကျောပြင်ကို ကြည့်ပြီး ရှူကျစ်ဟွာ ဘာကြောင့်မှန်း မသိပေမယ့် သူမ သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကြည့်ချင်နေမိခဲ့သည်။
ဒါက... သူမ သူ့ကို ကြည့်လို့ မဝနိုင်သလိုဖြစ်နေခဲ့သည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူမအကြည့်ကို တခြားနေရာဆီ ပြောင်းလဲဖို့ အပြင်းအထန် ကြိုးစားလိုက်ပြီး သူမ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏ "ထူးဆန်းတယ် ဘာလို့ ငါ့နှလုံးသားက ရှုပ်ထွေးနေတာလဲ"
"ဘာတွေ ဖြစ်နေတာလဲ"
သူမ ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
[အသက် ၂၄ နှစ် - သင်ဟာ ဝိညာဉ်ဂိုဏ်း၏ စီနီယာ အစ်ကိုကြီး အောင်မြင်စွာ ဖြစ်လာခဲ့သည်။ သင် နောက်ဆုံးတွင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ၌ တစ်နှစ်ကျော် အသက်ရှင်နေထိုင်နိုင်ခဲ့ပေပြီ။ သင့်စိတ်အခြေအနေက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။]
[ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းသခင်က သင့်ကို အလွန် နက်ရှိုင်းသော လမ်းညွှန်မှုပေးခဲ့သည်။ သင် သူမထံမှ များစွာ သင်ယူခဲ့ရပြီး ဤသည်မှာ သင့်ကို များစွာ အကျိုးရှိစေခဲ့သည်။]
[သူမဟာ အလွန်ကောင်းမွန်သည့် ဆရာတစ်ဦး ဖြစ်သည်ဟု သင် ထင်မြင်လာခဲ့သည်။]
[အသက် ၂၅ နှစ် - သင်ဟာ အပြင်စည်း ဂိုဏ်းသားများ အကြား ကောင်းမွန်သည့် ဂုဏ်သတင်းတစ်ခု တည်ဆောက်နိုင်ခဲ့သည်။ နှစ်နှစ်ကြာ ပြန်လည်တည်ဆောက်ပြီးနောက် ဝိညာဉ်ဂိုဏ်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ယခင်ကကဲ့သို့ ခမ်းနားထည်ဝါခြင်းမရှိသော်လည်း သင့်တင့်လျောက်ပတ်သည့် အခြေအနေရှိနေဆဲ ဖြစ်သည်။]
[အသက် ၂၆ နှစ် - မပြည့်စုံသည့် ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာနည်းစနစ်မှတဆင့် မူလစွမ်းအင် အမြောက်အမြားကို သင် စုပ်ယူခဲ့သည်။]
[သင် အခြေတည်အဆင့် (၂) သို့ စတင် အဆင့်ချိုးဖျက်သည်]
[အောင်မြင်ပါသည်]
[...]
…