အခန်း ၁၄ : ဓားထိန်းချုပ်ခြင်းပညာအား ပထမဆုံး စမ်းသပ်ခြင်း
အကယ်၍ ပိုင်ယီသာ အသက် (၁၀) နှစ်လောက် ပိုငယ်ခဲ့မယ်ဆိုရင် သူဟာ တစ်ဖက်လူကို ပြန်တိုက်ခိုက်မိမှာ သေချာပေသည်။ ပိုပြီး သက်သောင့်သက်သာ ရှိတဲ့ ဘဝတစ်ခုအတွက် သူ အစွမ်းကုန် တိုက်ခိုက်မိမှာပင်။
ဒါပေမဲ့ အခုတော့...
လီကျင်းဖူရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ သူ့မှာ ဘာခံစားချက်မှ သိပ်မရှိတော့ပေ။
သူ့မူလခန္ဓာကိုယ်နေရာကို သူ အစားမထိုးနိုင်တာကြောင့်လား ဒါမှမဟုတ် သူတို့ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် မမြင်တော့တာကြောင့်လား သူ မသိပေ။
ပိုင်ယီ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်၏။ "မရောင်းနိုင်ဘူး"
ဒီစကားလုံး (၃) လုံး ပြောလိုက်တာနဲ့ လီကျင်းဖူ မျက်နှာပေါ်က ကြင်နာတတ်တဲ့ အပြုံးက အနည်းငယ် တောင့်တင်းသွားသည်အား ပိုင်ယီ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
လီကျင်းဖူဟာ သူ့၏အပြုံးအား ပြန်ရုပ်သိမ်းလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "လုပ်ကြတော့.... လီမျိုးနွယ်စုက အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးပြီ အနီးအနားမှာ နေတဲ့ လူတွေကိုလည်း ခေတ္တ ဖယ်ရှားထားပြီးပြီ....ဒီနေရာကို ပြောင်းပြန်လှန်ပြီး မြေဂရန်တွေ အကုန်ရှာကြ"
"ပြီးတော့ သခင်လေးပိုင်ကို ကောင်းကင်ဘုံက သူ့မိဘတွေနဲ့ သွားတွေ့ခိုင်းလိုက်...."
"မြေဂရန် (၁၀) ခုကျော် အပြင် အထဲမှာ တန်ဖိုးရှိတာ တွေ့ရင်လည်း အကုန်ယူကြ"
"သခင်လေးပိုင်ကို ယဉ်ကျေးနေစရာ မလိုဘူး"
လီကျင်းဖူဟာ ဟန်ဆောင်မှုတွေ အကုန်ခွာချလိုက်ပြီ သူ့ရဲ့ စကားတွေက သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေခဲ့လေသည်။
သူ့အသံ ဆုံးသွားတာနဲ့ အင်္ကျီလက်တို အနက်ရောင် ဝတ်ထားတဲ့ အသားအရေ ကြမ်းတမ်း မည်းနက်တဲ့ ချောင်ဂိုဏ်းသားတွေရဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့ အပြုံးတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ရုတ်တရက် ပေါ်လာခဲ့ကြသည်။ ထို့နောက် သူတို့ဟာ ထက်မြက်သော ဓားတိုတစ်လက်စီ ကိုင်ဆိုင်လိုက်ကြ၏။
တောင့်တင်းသန်မာသော ချောင်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအား လှုပ်ရှားမှုများ ရှိနေကြပြီး သူတို့ဟာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ပြေးဝင်လာခဲ့ကြသည်။
မျက်လုံးတွေကက ပိုင်ယီအား စူးစိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်နှာများက သတ်ဖြတ်လိုစိတ်ပြည့်နက်နေခဲ့ကြလေသည်။
ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ ဓားတိုကို မြှောက်ပြီး ချက်ချင်း ခုတ်ချလိုက်သည်။
ဓားသွားက ပိုင်ယီဆီသို့ တည့်တည့် ရောက်လာခဲ့လေသည်။
"ရွှပ်"
ထက်မြက်သော ဓားက အသားနှင့် သွေးကို ဖြတ်တောက်သွားသော အသံနှင့်အတူ ခေါင်းကြီးတစ်လုံးဟာ ပခုံးပေါ်မှ လျှောကျလာခဲ့သည်။ သွေးများက နေရာအနှံ့ လွင့်စဉ်သွားပြီး ခေါင်းပြုတ်ကျသွားချိန်တွင် သွေးမိုးရွာသလို ဖြစ်သွားစေခဲ့ပေသည်။
တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကြီးဟာ နှစ်ချက်လောက် ဆတ်ခနဲ တုန်သွားပြီး မြေကြီးပေါ် လဲကျသွားခဲ့သည်။
ထို့နောက် ပြုတ်ကျသွားသော ခေါင်းဟာ လီကျင်းဖူ၏ ခြေထောက်နားသို့ လိမ့်သွားခဲ့လေသည်။
ခေါင်းပြတ်ကြီး၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ရှိနေသေးသော်လည်း ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်လည်း ပေါ်နေခဲ့သည်။
လီကျင်းဖူ မျက်လုံးပြုးသွားခဲ့သည်။
ချောင်ဂိုဏ်းသားများဟာလည်း ချက်ချင်း ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြပြီး သူတို့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့ကြရသည်။
ထို့နောက် သူတို့မျက်လုံးတွေက ပိုင်ယီဆီ ရောက်သွားကြပြီး မြင်လိုက်ရသည်မှာ သွေးများ စွန်းထင်းနေသော ဓားရှည်တစ်ချောင်း ပိုင်ယီ့ရှေ့တွင် တိတ်ဆိတ်စွာ ပျံဝဲနေခဲ့ပြီး ဓားသွားပေါ်မှ သွေးများ စီးကျနေခြင်းပင်။
ဓားရှည်က ပိုင်ယီရဲ့ ထိန်းချုပ်မှုအောက်မှာ နည်းနည်း မငြိမ်မသက် ဖြစ်နေခဲ့ပြီး ယိမ်းယိုင်နေသလို ဖြစ်နေခဲ့သည်။
ဒါပေမဲ့... လီမျိုးနွယ်စုနဲ့ ချောင်ဂိုဏ်းသားတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ရိုက်ခတ်သွားစေခဲ့လေသည်။
'ဓားထိန်းချုပ်ခြင်း ပညာ....
မသေမျိုးကျင့်ကြံသူ.....
ပိုင်ယီက တကယ်ကြီး မသေမျိုးကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာလား....'
သူ့စိတ်ထဲတွင် တုန်လှုပ်မှုနှင့် အံ့သြမှုများ ရောထွေးနေခဲ့သည်။ လီကျင်းဖူဟာ လီမျိုးနွယ်စု၏ တိုက်ရိုက် သွေးသားဆက်ခံသူ တစ်ဦး ဖြစ်ပြီး ဆက်ခံသူများထဲတွင် ထူးချွန်သူဟု သတ်မှတ်ခံထားရသော်လည်း ဒီအချိန်မှာတော့ သူမြင်နေရသည်အား ယုံကြည်ဖို့ ခက်ခဲနေခဲ့လေသည်။
သူ့အမြင်မှာတော့ ပိုင်ယီဟာ အသတ်ခံဖို့ စောင့်နေတဲ့ သိုးသူငယ်လေး တစ်ကောင်ပါပင်။
ဒါပေမဲ့ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်မှာ ထိုသိုးသူငယ်လေးက မိစ္ဆာဘုရင်ကြီးအဖြစ်သို့ ပြောင်းလည်းသွားခဲ့လေသည်။
လေထဲမှာ ပျံဝဲနေတဲ့ ဓားရှည်က သူ့ကို ပြောပြနေတာက သူ အမှားကြီး မှားခဲ့ပြီဟုပင်။
"မသေမျိုးကျင့်ကြံသူ ဖြစ်နေတော့ရော ဘာဖြစ်လဲ... သူက..."
ဒီအချိန်မှာ အရက်နံ့ နံနေပုံရတဲ့ ချောင်ဂိုဏ်းသား တစ်ယောက်က စကားပြောလို့တောင် မဆုံးသေးခင် ဓားရှည်က 'ရွှပ်' ခနဲ ဖြတ်သန်းသွားခဲ့သည်။ ဓားသွားက သူ့နှလုံးသားထဲ ဝင်ရောက်သွားခဲ့ပြီး သူ့ရဲ့အသံကလည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး အလွန် ထိတ်လန့်သွားခဲ့လေသည်။
လီကျင်းဖူ လေအေးတစ်ချက် ရှူရှိုက်လိုက်မိ၏။ သူ့ရဲ့ အမှားအတွက် ကြီးမားတဲ့ ပေးဆပ်မှု ဖြစ်လာနိုင်မှန်း သူ သိလိုက်ပေပြီ။
ပထမဆုံးအကြိမ် လူသတ်ဖူးတဲ့ ပိုင်ယီကတော့ ဘာမှ မသက်မသာ မခံစားရပါပေ။ ဘာလို့လဲဆိုတော့ လီမျိုးနွယ်စုက ဒီနေ့ သူ့အသက်ကို ယူဖို့ လာခဲ့ကြတာကြောင့်ပင်။
သူတို့က သူ့တံခါးဝအထိ လာပြီး တံခါးခေါက်ကာ ဓားဖြင့် သူ့လည်ပင်းအား ချိန်ရွယ်နေရာ ပိုင်ယီ အနေနဲ့ သူတို့အား သနားစရာ အကြောင်းပြချက် မရှိပါပေ။
သို့ပေမဲ့ ချီစုစည်းမှု အဆင့် (၁) တောင် မရောက်သေးတဲ့ သူဟာ ရန်သူတွေသတ်ဖို့ ဓားပျံအားထိန်းချုပ်တိုက်ခိုက်လိုက်ရသည့် တန်ကြေးကတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခြင်းပင်။ ဒီအတိုင်း ဆက်ပြီး အချိန်ဆွဲနေပါက သူ့ခန္ဓာကိုယ်ထဲက နည်းပါးလှတဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားနိုင်မှန်း ပိုင်ယီ သိလေသည်။
အခု အရေးအကြီးဆုံးက ဒီလူအုပ်စုကို အမြန်ဆုံး ရှင်းပစ်ဖို့ပင်။
ထို့နောက် ပိုင်ယီဟာ ဓားလက်ချောင်း နဲ့ ညွှန်လိုက်၏။
အတွေးတစ်ချက် သူ့ခေါင်းထဲ ဖြတ်သန်းသွားခဲ့ပြီး လုံးဝ တွန့်ဆုတ်မနေဘဲ ထက်မြက်သော ဓားထိပ်ဖျားက မျက်နှာပျက်နေသော လီကျင်းဖူ ဘက်သို့ လှည့်သွားခဲ့သည်။
ဒီမြင်ကွင်းကို မြင်တော့ လီကျင်းဖူ တစ်ယောက် ချွေးစေးတွေ ပြန်လာခဲ့ပြီး သူ့ရဲ့ ဟန်ဆောင်ထားတဲ့ သိက္ခာတွေကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။
သူ ကမန်းကတန်း အော်ပြောလိုက်၏။ "သခင်လေးပိုင် ပြောစရာ ရှိရင် ကောင်းကောင်း ပြောကြတာပေါ့...လက်ပါတာက မကောင်းပါဘူးဗျာ"
"ပြီးတော့ ဒါက အထင်လွဲနေတာပါ"
"ဒါက အထင်လွဲမှု တစ်ခုပါဗျ"
ကံဆိုးစွာနဲ့ ပိုင်ယီဟာ သူ့ရှင်းပြချက်ကို နားထောင်ဖို့ စိတ်မဝင်စားပါပေ။
နောက်တစ်ခဏတွင် ဓားတစ်ချောင်းဟာ နှလုံးသားကို ဖောက်ထွင်းသွားခဲ့လေသည်။
လီကျင်းဖူက ချောင်ဂိုဏ်းသားတွေကို ဝင်တိုက်ဖို့ အမိန့်ပေးချင်တဲ့ အခိုက်အတန့်မှာပဲ ပိုင်ယီဟာ သူ့အား သတ်လိုက်ပြီ ဖြစ်လေသည်။ လီမျိုးနွယ်စုရဲ့ တိုက်ရိုက် သွေးသားဆက်ခံသူ တစ်ယောက် သေဆုံးသွားတာက သူနဲ့ လီမျိုးနွယ်စုကြား သေရေးရှင်ရေး တိုက်ပွဲ ဖြစ်လာစေမှာ သေချာပေသည်။
ဒါပေမဲ့ ပြဿနာက ပိုင်ယီ သူ့အား မသတ်ရင်လည်း နှစ်ဖက်စလုံးက သေရေးရှင်ရေး တိုက်ပွဲ ဖြစ်နေကြပြီပင်။
ဒါဆိုမှတော့... အရင် ဦးအောင် တိုက်တာ ပိုကောင်းပေသည်။
"သခင်... သခင်လေး အသတ်ခံလိုက်ရပြီ..." လီမျိုးနွယ်စုက အစေခံတစ်ယောက်ဟာ မျက်နှာဖြူဖတ်ဖြူရော်နဲ့ မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့သည်။ "သခင်ကြီး... သခင်ကြီးသာ သိသွားရင် ကျွန်တော်တို့ သေချာပေါက် သခင်လေးနဲ့အတူ မြေမြှုပ်ခံရတော့မယ်"
ဒီအစေခံတွေက လီကျင်းဖူ နောက်ကို နောက်လိုက်တွေလို လိုက်နေခဲ့ကြလေသည်။သူတို့ရဲ့ ရည်ရွယ်ချက်က လီကျင်းဖူကို ကူညီပေးဖို့နဲ့ သူ့ဘေးကင်းရေးကို ကာကွယ်ပေးဖို့ပင်။
ဒါပေမဲ့ ယခု သူတို့ဟာ လီကျင်းဖူကို မကာကွယ်နိုင်ခဲ့ကြပေ။
ထို့အပြင် သာမန်လူနဲ့ မသေမျိုးကျင့်ကြံသူကြားက ကွာဟချက်က သူတို့ ဖြည့်ဆည်းပေးနိုင်တဲ့ အရာ မဟုတ်ချေ။
ဒီလူတွေ ဖြစ်ပျက်သွားတဲ့ ရုပ်ပျက်ဆင်းပျက် အခြေအနေကို ကြည့်ပြီး... ဒီကမ္ဘာမှာ မသေမျိုးကျင့်ကြံသူ ဖြစ်ဖို့က သိပ်အရေးကြီးတယ်လို့ ပိုင်ယီ ခံစားလိုက်ရ၏။
မသေမျိုးကျင့်ကြံသူတွေက သာမန်လူ အနည်းငယ်ကို သတ်လိုက်ရင်တောင် သာမန်လူတွေက တစ်ခွန်းမှ ပြန်မပြောရဲကြပေ။။
ဒီလူတွေထဲမှာ သိုင်းပညာရှင်တွေ အများကြီး ပါနေရင်တောင် မသေမျိုးကျင့်ကြံသူတွေနဲ့ ယှဉ်လို့ ရမှာ မဟုတ်ပေ။
ပိုင်ယီဟာ ဒီလူတွေ အကုန်လုံးကို မသတ်ခဲ့တာက အလောင်းတွေကို ဘယ်လို ရှင်းရမလဲ မသိတာကြောင့်ပင်။
"သူတို့ကို ယူသွားကြ ပြီးရင် ကြမ်းပြင်ကို ဆေးခြ့လိုက်"
ပိုင်ယီ ပြောလိုက်တဲ့ စကားကြောင့် ဒီလူတွေဟာ မယုံနိုင် ဖြစ်သွားခဲ့ကြ၏။
'ဘုရားရေ...'
'သူတို့... အသက်ရှင်ခွင့် ရပြီလား..'
ပိုင်ယီ လှည့်ထွက်သွားပြီး တံခါးပိတ်လိုက်တာ မြင်တော့မှ သူတို့ ရုတ်တရက် သတိဝင်လာခဲ့ကြသည်။
'သူတို့ တကယ် အသက်ရှင်ခွင့် ရတာပဲ...'
လီမျိုးနွယ်စု အစေခံတွေနဲ့ ချောင်ဂိုဏ်းသားတွေ တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချလိုက်မိကြသည်။
အဲဒီကျမှ သူတို့ သတိထားမိလိုက်တာက သူတို့ရဲ့ ကျောပြင်တွေ မသိလိုက်ဘာသာဖြင့် ချွေးစေးတွေ ရွှဲနေပြီ ဆိုတာပါပင်။
သူတို့ ခန္ဓာကိုယ်တွေက ချွေးစော်နံနေခဲ့လေသည်။
"မသတ်တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်... မသတ်တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် သခင်လေးပိုင်.."
"မင်းတို့ လီမျိုးနွယ်စု အစေခံတွေ ဘာရပ်လုပ်နေကြတာလဲ... မင်းတို့ သခင်လေး အလောင်းကို မြန်မြန် လာသယ်ကြလေ... သခင်လေးပိုင် စိတ်မချမ်းသာအောင် ဒီမှာ ထားခဲ့မလို့လား"
"နံပါတ် (၅) ခေါင်းဆောင်က မသေမျိုးကျင့်ကြံသူ လက်ချက်နဲ့ သေသွားပြီ... ငါတို့ ချောင်ဂိုဏ်းက မသေမျိုးကျင့်ကြံသူ တစ်ယောက်ကို စော်ကားမိလိုက်ပြီဆိုတော့ ပြန်ရောက်ရင် နံပါတ် (၁) ခေါင်းဆောင်ကို ဘယ်လို ရှင်းပြရမလဲ"
"သောက်ကျိုးနည်း... လီမျိုးနွယ်စု အတွက် ငါတို့ ဒီလို မလုပ်ခဲ့သင့်ဘူး... သေလုနီးပါးတောင် ဖြစ်သွားရသေးတယ်"
"ဘာတွေ ပြောနေကြတာလဲ... မြန်မြန် လုပ်ကြ..."
"နံပါတ် (၅) ခေါင်းဆောင်ရဲ့ ခေါင်းကို မြန်မြန် သယ်သွားကြ..."
"..."
သေမင်းတံခါးဝကနေ ပြန်လှည့်လာရပြီးနောက် သူတို့အားလုံးရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ကျန်ရှိနေတုန်းပင်။
လောလောဆယ် သူတို့ လုပ်ချင်တာက အလောင်းကို မြန်မြန် သယ်ထုတ်ပြီး ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ဖို့ပင်။
ပြီးရင် ဒီရှုပ်ထွေးတဲ့ နေရာကနေ ထွက်သွားကြပေမည်။
...