အခန်း ၁၃၉ : မင်း..မင်းတို့ ဘယ်ကလာတာလဲ
ဖူရွှမ်နီဟာ သူမက ယခုအခါ မိစ္ဆာသားရဲ တစ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေကြောင်း မမေ့လျော့ခဲ့ပေ။
လူသားကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများ.....
သူတို့၏ ဆက်ဆံရေးက သဟဇာတမဖြစ်ပေ။
တစ်ဖက်လူ ဘာကြောင့် ဒီနေရာကို ရောက်လာလဲ ဆိုတာ သူမ မသိသလို အကယ်၍ သူတို့က မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ ရောက်လာတာ ဆိုရင် သူမ ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ဘဲ သွားလိုက်ပါက တစ်ဖက်လူရဲ့ ဓားသွားနဲ့ တည့်တည့် တိုးဝင်လိုက်သလို ဖြစ်သွားပေမည်။
...
တစ်ချိန်တည်းမှာပင်။
"ထူးဆန်းတယ်..."
သူ့ပတ်ဝန်းကျင် အခြေအနေကို အာရုံစိုက်နေသော ချီစုစည်းမှု အဆင့်ကျင့်ကြံသူ တစ်ဦးဟာ မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီနေရာမှာ မိစ္ဆာသားရဲ တစ်ကောင်မှ မရှိရတာလဲ... ဒီရက်ပိုင်း မိစ္ဆာသားရဲတွေ အကုန်လုံး ပုန်းနေကြတာလား"
သူ့ဘေးနားရှိ အခြား ကျင့်ကြံသူ တစ်ဦးက တွန့်ဆုတ်စွာ ပြောလိုက်၏။"စီနီယာ အစ်ကိုချီ ဒီတစ်ခါ ကျွန်တော်တို့ မိစ္ဆာသားရဲတွေ အများကြီး အမဲလိုက်ပြီးပြီပဲ... ဟုတ်တယ်မလား....တောင်တန်းတွေထဲ ပိုနက်ရှိုင်းတဲ့ နေရာဆီ ဆက်သွားရင် ကျွန်တော်တို့ အန္တရာယ် ကြုံရနိုင်တယ်လို့ ကျွန်တော် ခံစားရတယ်"
စီနီယာအစ်ကိုချီ ဟု အခေါ်ခံရသည့် ကျင့်ကြံသူက မကျေနပ်သည့် မျက်နှာအမူရာကို ထုတ်ဖော်ပြသလိုက်သည်။ "အကယ်၍ ငါတို့ မိစ္ဆာသားရဲတွေ ပိုမို အမဲမလိုက်ရင် လုံလောက်တဲ့ ဂိုဏ်းအကျိုးပြု ရမှတ်တွေဘယ်လို စုဆောင်းမလဲ... မင်း အတွင်းစည်း ဂိုဏ်းသားအဖြစ် ရာထူးမတိုးချင်တော့ဘူးလား"
"အကယ်၍ မင်း အတွင်းစည်း ဂိုဏ်းသား အဖြစ် ရာထူးတိုးချင်ရင် မင်း အသက် (၃၀) မပြည့်ခင် ချီစုစည်းမှုအဆင့် (၅) ကို ရောက်ရမယ်"
"ငါတို့ (၃) ယောက်လုံး အသက် (၂၀) ကျော်နေကြပြီ... ပြီးတော့ ငါတို့ အသက် (၃၀) ပြည့်ဖို့ နှစ်အနည်းငယ်ပဲ လိုတော့တယ်"
"စောင့်ဖို့ အချိန် မရှိတော့ဘူး"
ဒါကို ကြားတော့ နောက်ဆုံး ကျန်ရှသည့် ယခင်က စကားမပြောခဲ့သော ကျင့်ကြံသူ ပြောလိုက်သည်။ "စီနီယာအစ်ကိုချီ ပြောတာ မှန်တယ်... ကျွန်တော့်မှာလည်း ဆက်စောင့်နေဖို့ အချိန်မရှိတော့ဘူး.... အကယ်၍ ကျွန်တော်တို့ အချိန်ကို အသုံးချပြီး ဂိုဏ်းအကျိုးပြု ရမှတ်တွေနဲ့ လဲလှယ်ဖို့ မိစ္ဆာသားရဲ ပိုမို အမဲမလိုက်ရင်.... ပြီးတော့ ဂိုဏ်းအကျိုးပြု ရမှတ်တွေကို အသုံးပြုပြီး ကျင့်ကြံခြင်းကို အထောက်အကူ ပြုဖို့ ဆေးလုံး တချို့နဲ့ မလဲလှယ်ရင်..."
"ဒါဆို ကျွန်တော်တို့ အတွင်းစည်း ဂိုဏ်းသား ဖြစ်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး.... ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး အပြင်စည်း ဂိုဏ်းသားတွေ အဖြစ်ပဲ နေသွားရလိမ့်မယ်..."
"အာ..." တွန့်ဆုတ်နေသည့် ကျင့်ကြံသူ အံကြိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ် မိစ္ဆာသားရဲ (၁၀) ကောင်လောက် အမဲလိုက်ကြတာပေါ့"
သူတို့ (၃) ယောက်လုံးဟာ တူညီသည့် ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ထို့အပြင် သူတို့ ဒီနေရာကို ရောက်လာရတဲ့ ရည်ရွယ်ချက်က မိစ္ဆာသားရဲ အမဲလိုက်ဖို့ ဖြစ်လေသည်။
ဒါကြောင့်လည်း မိစ္ဆာသားရဲတွေနဲ့ လူသားတွေကြားက ဆက်ဆံရေးဟာ ပုံမှန်အားဖြင့် မကောင်းမွန်ပေ။
ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ မိစ္ဆာသားရဲတွေက ရတနာတွေနဲ့ ပြည့်နှက်နေပြီး သူတို့ရဲ့ မစင်ကတောင် ထူးခြားတဲ့ လုပ်ဆောင်ချက် ရှိပေသည်။ ထူးခြားတဲ့ မိစ္ဆာသားရဲ တချို့ရဲ့ မစင်ကို ဆေးလုံး သန့်စင်ဖို့တောင် အသုံးပြုလို့ ရပေသည်။
ဒီလို အခြေအနေမျိုးမှာ သူတို့က မိစ္ဆာသားရဲတွေနဲ့ သဟဇာတ ဖြစ်အောင် နေနိုင်ဖို့ ဆိုတာ သဘာဝကျစွာ မဖြစ်နိုင်သလို သူတို့ရဲ့ ကျင့်ကြံမှုကို တိုးတက်စေဖို့ အတွက် ကျင့်ကြံသူတွေက နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ကျင့်ကြံကြလေသည်။
မိစ္ဆာသားရဲ အမဲလိုက်ခြင်းက ကျင့်ကြံခြင်း နည်းလမ်းတွေထဲက တစ်ခုပင်။
ဂိုဏ်းက ကျင့်ကြံသူ (၃) ယောက်ရဲ့ ခန္ဓာကိုယ်တွေမှာ ထူထဲတဲ့ သွေးချီတွေ ပြည့်နက်နေခဲ့ကြသည်။ ထို့အပြင် သူတို့က မိစ္ဆာလမ်းစဉ်ဂိုဏ်းက လာလို့ မဟုတ်ပဲ ဆန့်ကျင်ဘက် အနေနဲ့ သူတို့က နာမည်ကောင်းရှိတဲ့ဂိုဏ်းက လာကြခြင်းပင်။
ဒါပေမဲ့ သူတို့ဟာ ဒီတောင်တန်းထဲမှာ သတ်ဖြတ်ခြင်း အပြစ်အများအပြား ကျူးလွန်ခဲ့ကြရာ ဒီသွေးချီက မိစ္ဆာကျင့်ကြံသူ တချို့ထက် မနိမ့်ကျပေ။
"နေပါဦး..."
ရုတ်တရက် စီနီယာအစ်ကိုချီဟု အခေါ်ခံရသည့် ကျင့်ကြံသူက သတိထားသည့် မျက်နှာအမူရာ ဖြင့် ခြေလှမ်း ရပ်တန့်လိုက်၏။
သူ့ကျင့်ကြံမှုကြောင့် အသံလွှဲပြောင်းခြင်း နည်းစနစ်ကို အသုံးမပြုနိုင်သေးပေ။သူဟာ အသံတိုးတိုးဖြင့်သာ ပြောရန် ကြိုးစားလိုက်ရ၏။ "မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အနံ့ ရနေတယ်... ဒါပေမဲ့... တခြား အနံ့တွေနဲ့ ရောနှောနေသလိုပဲ.... ဝိညာဉ် ဆေးဖက်ဝင် အပင်ရဲ့ အနံ့ ရသလိုပဲ"
ဝိညာဉ် ဆေးဖက်ဝင် အပင်....
ကျန်တဲ့ နှစ်ယောက် နားမလည်နိုင်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က အသံတိုးတိုးဖြင့် ခန့်မှန်းလိုက်၏။ "ဖြစ်နိုင်တာက သက်တမ်းရင်နေတဲ့ ဝိညာဉ် ဆေးဖက်ဝင် အပင်တွေကို စောင့်ကြပ်နေတဲ့ မိစ္ဆာသားရဲ အမျိုးအစားနဲ့ တွေ့တာများလား"
စီနီယာ အစ်ကို ချီ စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ဖြစ်နိုင်ချေ များတယ်... လေဖုံးကွယ် အမှုန့်ကို ခန္ဓာကိုယ်ပေါ် ဖြူးလိုက်ကြ... ပြီးရင် ဖြည်းဖြည်းချင်း သွားကြည့်ကြမယ်"
သူတို့ (၃) ယောက်ဟာ တူညီသည့် ဆေးပုလင်းငယ်များကို ထုတ်ယူလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ အမှုန့်များ လောင်းချလိုက်ကြသည်။
ထို့နောက် သူတို့ခန္ဓာကိုယ်ပေါ်မှ အနံ့ဟာ ချက်ချင်း ပတ်ဝန်းကျင် အနေအထားနှင့် တူညီသွားခဲ့သည်။
မကြာမီ သူတို့ဟာ တစ်ဖက်သို့ ဖြည်းညှင်းစွာ စမ်းတဝါးဝါး သွားလိုက်ကြသည်။
သိပ်မကြာခင်မှာပဲ သူတို့ ပစ်မှတ် တစ်ခုကို တွေ့လိုက်ရပြီး ၎င်းက ဆိတ်မိစ္ဆာတစ်ကောင်ပင်။
ဒါပေမဲ့ ၎င်းက သာမန် ဆိတ်တစ်ကောင်နဲ့ မတူပေ။ အရွယ်အစားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိလေသည်။ ဒါ့အပြင် တစ်ဖက်လူက တောဝက် ခြေထောက်တစ်ချောင်းကို ပါးစပ်မှာ ကိုက်ထားသေးပြီး ပါးစပ်မှာ ထက်မြက်တဲ့ အစွယ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။
မျက်စိအဖမ်းစားဆုံး အရာကတော့... ဆိတ်မိစ္ဆာရဲ့ ဦးချိုမှာ ချိတ်ဆွဲထားတဲ့ ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင် ရှိနေပြီး အဲဒီ ဝိညာဉ် ဆေးဖက်ဝင် အပင်က လောလောဆယ် မှိန်ဖျဖျ ဆေးရနံ့ ထုတ်လွှတ်နေခဲ့သည်။
"အနှစ်သာရစုစည်းခြင်း မြက်ပင်"
ကျင့်ကြံသူ တစ်ယောက်က အဲဒီ ဝိညာဉ် ဆေးဖက်ဝင် အပင်ကို မှတ်မိလိုက်ပြီး သူ့လေသံထဲမှာ အံ့သြမှု အရိပ်အယောင် ပါဝင်နေခဲ့သည်။ "အနှစ်သာရစုစည်းခြင်း မြက်ပင် တစ်ပင်တည်းနဲ့တင် ဂိုဏ်းထဲမှာ ဂိုဏ်းအကျိုးပြု ရမှတ် (၁၀၀) နဲ့ လဲလှယ်ဖို့ လုံလောက်တယ်... ပြီးတော့ ဂိုဏ်းအကျိုးပြု ရမှတ် (၁၀၀) ဆိုရင် ကျင့်ကြံခြင်းကို အထောက်အကူ ပြုဖို့ ချီစုဆောင်းခြင်း ဆေးလုံး တစ်ပုလင်းနဲ့ လဲလှယ်နိုင်တယ်"
သူ့စကား ကြားပြီးနောက် ကျန်တဲ့ ကျင့်ကြံသူ နှစ်ယောက်ဟာလည်း မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ထို့အပြင် သူတို့ မျက်လုံးထဲတွင်လည်း လောဘရိပ်များ ဖြတ်သန်းသွားခဲ့လေသည်။
"ဒါက ချီစုစည်းမှု အဆင့် အဆင့် (၂) မှာပဲ ရှိသေးတာ...ငါတို့ ပြိုင်ဘက် မဟုတ်ဘူး... သတ်လိုက်"
"ပြီးတော့ တစ်ခါတည်း ဝိညာဉ် ဆေးဖက်ဝင် အပင်ကိုပါ လုယူလိုက်..."
ဒီမိစ္ဆာသားရဲက ဘာလို့ ဝိညာဉ် ဆေးဖက်ဝင် အပင်ကို ဦးချိုမှာ ချိတ်ဆွဲထားချင်ရတာလဲ ဆိုတာ သူတို့ ဂရုမစိုက်တော့ပေ။
ဓားတစ်လက်စီ ကိုင်ဆောင်ထားသည့် လူသုံးယောက်ဟာ ဆိတ်မိစ္ဆာကို လျင်မြန်စွာ ဝိုင်းရံလိုက်၏။
သူတို့ (၃) ယောက်ဟာ ဆိတ်မိစ္ဆာ၏ လမ်းကြောင်းများကို ပိတ်ဆို့လိုက်ပြီး သူတို့၏ မျက်လုံးများထဲတွင် အလွန် အေးစက်သည့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီး သူတို့၏ အော်ရာများ ပေါက်ကွဲထွက်လာခဲ့ကြသည်။
ထို့ကြောင့် ဆိတ်မိစ္ဆာဟာ အလွန် ကြောက်လန့်သွားသဖြင့် ၎င်း၏ ပါးစပ်ထဲမှ တောဝက် ခြေထောက်က ပြုတ်ကျသွားခဲ့သည်။
ဘာဖြစ်သွားလဲ ဆိုတာ ၎င်း နားမလည်သေးပေ။
၎င်း၏ သူဌေးအတွက် ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင် ရှာတွေ့ဖို့ မလွယ်ကူခဲ့ပေ။
၎င်းကို သူဌေးအား ပေးရန် ပြင်ဆင်နေခြင်း ဖြစ်၏။
သို့သော် နောက်ဆုံးတွင်.. ဒီကောင်တွေ ဘယ်ကနေမှန်း မသိ ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းကို တားဆီးနေခဲ့ကြသည်။
ဒါ့အပြင်... သူတို့က ဘယ်လို မိစ္ဆာသားရဲမျိုးတွေလည်း မသိချေ။
ဆိတ်မိစ္ဆာဟာ မွေးဖွားလာချိန်မှ ယခုအချိန် အထိ လူသားကျင့်ကြံသူ တစ်ဦးမှ မမြင်ဖူးပေ။ ထို့ကြောင့် ဂိုဏ်းမှ ကျင့်ကြံသူ (၃) ယောက်ကိုလည်း မိစ္ဆာသားရဲများ ဖြစ်သည်ဟု ထင်မှတ်လိုက်၏။
ထို့နောက် ၎င်းက ပြောလိုက်သည်။ "မင်း... မင်းတို့ ဘယ်က လာတာလဲ... ဒါ ဘယ်သူ့... ဘယ်သူ့ ပိုင်နက်လဲ ဆိုတာ မင်းတို့ သိလား"