အခန်း ၁၃၂ : မြို့ထဲသို့ မိစ္ဆာတစ်ကောင် ရောက်ရှိလာခြင်း
ချန်ချန်ရွှယ် အသက် (၅) နှစ် အရွယ်တွင် သူမဟာ ဝိညာဉ်ဓားဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် (၁၄) နှစ်ကြာအောင် ခါးသီးစွာ ကျင့်ကြံခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က အမှန်တကယ် အလွန် ကောင်းမွန်ပြီး သူမ၏ ပါရမီကလည်း ဝိညာဉ်ဓားဂိုဏ်းတွင် ထိပ်တန်းအဆင့်၌ ရှိနေခဲ့ပေသည်။
သို့သော် ထိုအချက်က သူမ အနေဖြင့် ပင်ပန်းကြီးစွာ ကျင့်ကြံရန် မလိုအပ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူမ အသုံးပြုခဲ့ရသည့် စွမ်းအင်နှင့် ချွေးပမာဏများက အခြားသူများထက် မလျော့နည်းခဲ့ပေ။
ထိုအချိန်တုန်းက သူမဟာ အသက် (၅) နှစ် အရွယ်တွင် ချီစုစည်းမှု အဆင့် (၁) သို့ အဆင့်ချိုးဖျက် ဝင်ရောက်လိုခဲ့သည်။
ထို့ကြောင့် သူမဟာ ချီစုစည်းမှု အဆင့် (၁) သို့ တစ်ရှိန်ထိုး အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ရန်အတွက် လဝက် ကြာအောင် အိပ်စက်ခြင်း မပြုခဲ့ပေ။
ယခင်က အခြေတည်အဆင့် (၁) သို့ အဆင့်ချိုးဖျက် ဝင်ရောက်ရန်အတွက် ချန်ချန်ရွှယ်ညာ နှစ်ဝက်ကြာအောင် တံခါးပိတ်ကျင့်ကြံခြင်းကိုပင် ပြုလုပ်ခဲ့ရ၏။
ထိုနှစ်ဝက် အတွင်း သူမဟာ အိပ်စက်ခြင်း မရှိသလို အနားယူခြင်းလည်း မရှိခဲ့ပေ။
အကယ်၍ သူမသာ နောက်ဆုံးတွင် အခြေတည်အဆင့်သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါက ဤကဲ့သို့ ပြင်းထန်သည့် ကျင့်ကြံမှုမျိုးက သူမ၏ ခန္ဓာကိုယ်အား ဆိုးကျိုးများ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
ကံကောင်းစွာဖြင့်…
ထိုအချိန်က သူမ၏ ကြိုးစားအားထုတ်မှု အလဟဿ မဖြစ်ခဲ့ဘဲ သူမဟာ အခြေတည်အဆင့် အဆင့် (၁) သို့ အောင်မြင်စွာ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။
သို့သော် သူမ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ ဖိတ်ခေါ်ခြင်း ခံရပြီး ထိုမရင်းနှီးသည့် ကျင့်ကြံခြင်း ကမ္ဘာထဲသို့ ရောက်ရှိသွားသောအခါ…
သူမ၏ ယခင် ကြိုးစားအားထုတ်မှု အားလုံးက အလဟဿ ဖြစ်သွားသကဲ့သို့ ချန်ချန်ရွှယ် ရုတ်တရက် ခံစားလိုက်ရသည်။
(၁၀) နှစ်ကျော်ကြာ ခါးသီးစွာ ကျင့်ကြံပြီးနောက် သူမ ဘာရရှိခဲ့သနည်း။
သူမဟာ သေမျိုးဘဝမှ အခြေတည်အဆင့် အဆင့် (၁) မသေမျိုးကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့သည်။
......
အကယ်၍ ဤအရာသာ အတိတ်ကာလတွင် ဖြစ်ခဲ့ပါက ၎င်းဟာ အမှန်တကယ် ယုံကြည်နိုင်စရာ မရှိသော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
(၁၉) နှစ် အရွယ် အခြေတည်အဆင့် အဆင့် (၁) ကျင့်ကြံသူ တစ်ဦးဟာ ကျင့်ကြံခြင်း ကမ္ဘာတွင် ရာစုနှစ် တစ်ခုမှ တစ်ကြိမ်သာ တွေ့ရခဲသည့် တည်ရှိမှု ဖြစ်လေသည်။
သို့သော် ယခု သူမဟာ ထိုသို့ မထင်တော့ပေ။
သူမ၏ ပါရမီက ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ဟု ချန်ချန်ရွှယ် ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် အကြိမ်အနည်းငယ် သရုပ်ဖော်ပြီးနောက်…
သူမဟာ သူမ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို ပေါ့ပေါ့ပါးပါးပင် ကျော်လွန်သွားခဲ့သည် မဟုတ်ပါလော။
ဤအရာအားလုံးက သူမ၏ ယခင် ကြိုးစားအားထုတ်မှု အားလုံးကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ချန်ချန်ရွှယ် နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားခဲ့သည်။
"ဒါ မမှန်ဘူး…"
တစ်နာရီတိတိ စဉ်းစားပြီးနောက် ချန်ချန်ရွှယ်ဟာ ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး သူမ၏ မျက်လုံးများတွင် အရောင်အဝါများ ပြန်လည် ရရှိလာခဲ့သည်။ "ငါ အယူအဆ အမှားတစ်ခုထဲ ကျရောက်သွားပုံ ရတယ်... မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ရက်အနည်းငယ်က ငါ့ရဲ့ (၁၀) နှစ်ကြာ ခါးသီးတဲ့ ကျင့်ကြံမှုနဲ့ နှိုင်းယှဉ်လို့ ရတာ မှန်ပါတယ်…"
"ဒါပေမဲ့ ပြဿနာက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ရက်အနည်းငယ် ဆိုတာ တကယ်တော့ ဆယ်စုနှစ်၊ ရာစုနှစ်၊ ဒါမှမဟုတ် နှစ်ရာပေါင်းများစွာတောင် ကြာမြင့်တာလေ... လက်တွေ့ကမ္ဘာမှာ ရက်အနည်းငယ်ပဲ ကုန်ဆုံးသွားပေမယ့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာတော့ ရှည်လျားတဲ့ အချိန်ကာလ တစ်ခု ကုန်ဆုံးသွားခဲ့တာ"
"မသေမျိုးကျင့်ကြံသူ တစ်ယောက်ရဲ့ ဘဝကို သရုပ်ဖော်ဖို့ ငါ စိုက်ထုတ်ခဲ့ရတဲ့ ကြိုးစားအားထုတ်မှုက လက်တွေ့ကမ္ဘာမှာ ငါ စိုက်ထုတ်ခဲ့ရတဲ့ ကြိုးစားအားထုတ်မှုထက် ပိုတောင် များသေးတယ်..."
သူမ ဤစကား ပြောလိုက်သောအခါ ချန်ချန်ရွှယ်၏ အတွေးများ ချက်ချင်း ရှင်းလင်းသွားခဲ့သည်။
သူမဟာ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
"ကံကောင်းစွာနဲ့ ငါ အချိန်မီ သဘောပေါက်သွားတယ်" သူမ အသံတိုးတိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ "အကယ်၍ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခဏလောက် ဆက်ရုန်းကန်နေရင် စိတ်နှလုံးမိစ္ဆာတစ်ကောင် မွေးဖွားလာဖို့က ရှောင်လွှဲလို့ မရနိုင်ပါဘူး...အဲဒီအချိန် ရောက်ရင် ငါပဲခံစားရမှာ"
အကယ်၍ စိတ်နှလုံးမိစ္ဆာ တစ်ကောင် သရုပ်ဖော် စနစ်ထဲမှာ မွေးဖွားလာရင် ချန်ချန်ရွှယ်ဟာ သူမရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပေမည်။ အဆိုးဆုံး အခြေအနေမှ သူမဟာ အစကနေ ပြန်စလိုက်ရုံပင်။
သို့ပေမဲ့ အကယ်၍ စိတ်နှလုံးမိစ္ဆာ တစ်ကောင် လက်တွေ့ကမ္ဘာမှာ မွေးဖွားလာရင် သူမရဲ့ ချီလမ်းကြောင်း လွဲမှားခြင်းကြောင့် သေဆုံးသွားဖို့ ဖြစ်နိုင်ချေက များပေသည်။
အနည်းဆုံးအနေနဲ့ သူမဟာ မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားပြီး သူမဟာ ပြောင်းလဲသွားပေမည်။
ချန်ချန်ရွှယ်ညာ သူမစိတ်ထဲမှ ပျက်စီးယိုယွင်းသည့် အတွေးများကို ဖယ်ရှားလိုက်ပြီး ဒီတစ်ခါ သူမ ရရှိခဲ့သော ဆုလာဘ်အပေါ် အာရုံစိုက်လိုက်သည်။
.
"မပြည့်စုံတဲ့ ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်"
"ဝိညာဉ် ခန္ဓာ တစ်ဝက်"
ချန်ချန်ရွှယ်၏ စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုမှတ်ဉာဏ်ထဲတွင် ကြီးမားသည့် သတင်းအချက်အလက် ပမာဏ ပါဝင်ခဲ့လေသည်။ ဤသတင်းအချက်အလက်များက စကားလုံးပေါင်း သိန်းချီ၍ ရှိပြီး စကြဝဠာ၏ လျှို့ဝှက်ချက်များ ပါဝင်နေသကဲ့သို့ အလွန် နက်ရှိုင်းလှသည်။
အကယ်၍ ကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမ၏ စိတ်ထဲသို့ အတင်းအကျပ် ထည့်သွင်းမပေးခဲ့ပါက အကြောင်းအရာ အချို့ကို သူမ နားလည်နိုင်မည် မဟုတ်ပေ။
"အကြောင်းအရာ ဆယ်ပုံတစ်ပုံပဲလား" ချန်ချန်ရွှယ် ကြောင်အသွားခဲ့သည်။
သူမ အရင်က မိစ္ဆာကြီး အများအပြားကို ဝါးမျိုးခဲ့သော်လည်း နောက်ဆုံးတွင် သူမဟာ ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်၏ ဆယ်ပုံတစ်ပုံသာ ဆုလာဘ် ရရှိခဲ့လေသည်။
ဖြစ်နိုင်တာက…
"ဒါက သိပ်ထူးခြားလွန်းလို့လား"
ချန်ချန်ရွှယ် ဒီလိုပဲ တွေးလို့ ရတော့ပေသည်။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးက ယူဆောင်လာတဲ့ အိမ်မက်ကမ္ဘာက သူမကို ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုပေးခဲ့လေသည်။
အိမ်မက်ကမ္ဘာထဲက မြင်ကွင်းကြောင့် သူမဟာ ဘယ်လောက် အားနည်းကြောင်း နက်ရှိုင်းစွာ သဘောပေါက်စေခဲ့သည်။
သူမဟာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဆေးလုံး တစ်လုံး ထုတ်ယူလိုက်၏။
ထိုဆေးလုံးဆီမှ မွှေးပျံ့သည့် ရနံ့တစ်မျိုး ထွက်ပေါ်လာပြီး တစ်ခဏချင်း ဆေးလုံးပေါ်တွင် ဝဲပျံနေသည့် မှိန်ဖျဖျ ဝိညာဉ် အလင်းတန်းက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့အပြင် ဆေးလုံး ရနံ့ကလည်း အလွန် မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ဆေးလုံးဟာ ရွှံ့လုံးတစ်လုံးကဲ့သို့ သာမန် ဆေးလုံး တစ်လုံး အဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းက တစ်ချိန်က ဝိညာဉ် ဆေးလုံးတစ်လုံး ဖြစ်ခဲ့ဖူးကြောင်း မည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။
မကြာမီ ထိုဆေးလုံးဟာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ လွင့်ပါးသွားလေတော့သည်။
"ဒါက…"
ချန်ချန်ရွှယ်၏ လှပသော မျက်လုံးများထဲတွင် တုန်လှုပ်မှု တစ်ချက် ဖြတ်သန်းသွားခဲ့သည်။ "ဘယ်လောက် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ မိစ္ဆာ နည်းစနစ်လဲ"
သူမ၏ တုံ့ပြန်မှုက ပိုင်ယီနှင့် မကွာခြားလှပေ။
"ဒါ့အပြင် ချင်းကျောက်ရဲ့ ဝိညာဉ် ခန္ဓာ တစ်ဝက်…"
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမအား စာသား သတိပေးချက်တစ်ခု ပေးခဲ့ပြီး ဝိညာဉ် ခန္ဓာ တစ်ဝက်၏ လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးခဲ့သည်။
"ရွှေအမြုတေ အဆင့်အောက်မှာ အတားအဆီး မရှိဘူး ဟုတ်လား"
ချန်ချန်ရွှယ် အနည်းငယ် အံ့သြသွားခဲ့သည်။
'ချင်းကျောက် အဲဒီ ငတုံးမလေးဆီမှာ တကယ်ပဲ ဒီလို ထူးခြားတဲ့ ပါရမီမျိုး ရှိနေတာလား..'
'သူမ တော်တော် ကံကောင်းတာပဲ..'
'သူမရဲ့ ပါရမီကို ငါ အခုလေးတင် ရလိုက်တယ် ဆိုတာ ချင်းကျောက် သိရင် ဘယ်လိုနေမလဲ ဆိုတာ ငါ သိချင်မိတယ်…'
'သူမ ဘယ်လို တွေးမလဲ...'
ချန်ချန်ရွှယ်၏ စိတ်ထဲတွင် အတွေးပေါင်း မြောက်မြားစွာ ပြည့်နှက်နေစဉ် အပြင်ဘက်မှ ရုတ်တရက် လှုပ်ရှားမှု တစ်ခုက သူမ၏ အတွေးများကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်…
"မိစ္ဆာ မပြေးနဲ့.."
"အောက်က လူတိုင်း ကိုယ့်အိမ်ထဲမှာ ပုန်းနေကြ.... ငါတို့က နန်းတော်ရဲ့ ဧည့်သည်တော် ကျင့်ကြံသူတွေပါ.... မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာတစ်ကောင် မြို့ထဲ စိမ့်ဝင်လာပြီ.... မိစ္ဆာ သတ်တာ မခံချင်တဲ့ လူတွေ မြန်မြန် ပုန်းနေကြ..."
"မိစ္ဆာ မင်း သေရမယ်"
"သူ့ကို သတ်"
"…"
ဒေါသတကြီး အော်ဟစ်သံများတစ်ခုပြီး တစ်ခု မိုးကြိုးပစ်သံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ဤအသံများ အားလုံးတွင် ဝိညာဉ်စွမ်းအင် အတက်အကျများပါဝင်နေသဖြင့် ၎င်းတို့ကို ပုံမှန်မဟုတ်လောက်အောင် ကျယ်လောင်နေစေခဲ့သည်။