အခန်း ၁၃၀ : ဝိညာဥ်ဖွဲ့စည်းခြင်းဘိုးဘေး ကျဆုံးခြင်း၊ ချန်ဖုန်းယင်သေဆုံးခြင်း၊ အရာအားလုံးက ဆက်နွယ်နေခြင်း
"ဂျူနီယာ ညီမလေးဟို ဘယ်လို နေနေမလဲ မသိဘူး... ငါ ဝင်မပါခဲ့ရင် သူမက ကောင်းကင်ဂိုဏ်းဆီ ပြောင်းရွှေ့သွားမှာလား"
"မဖြစ်နိုင်လောက်ပါဘူး... ဟုတ်တယ်မလား"
ဟိုရင်းယွမ်သည် မသေမျိုး တက်လှမ်းခြင်း ဂိုဏ်းနှင့် လိုက်ပါသွားပြီး မိစ္ဆာလမ်းစဉ်သို့ အတူတကွ ကူးပြောင်းသွားရန် ဖြစ်နိုင်ချေ များသည်ဟု ချန်ချန်ရွှယ် ရုတ်တရက် ခံစားလိုက်ရသည်။
'အင်း...ထားလိုက်ပါတော့..'
သူမဟာ ဘဝသစ် ပြန်စနေပြီ ဖြစ်ပြီး အတိတ်က ကိစ္စများနှင့် သူမတွင် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ပေ။
အကယ်၍ ဂျူနီယာ ညီမလေးဟိုက မိစ္ဆာဂိုဏ်းဘက်သို့ ကူးပြောင်းသွားလျှင်ပင် ၎င်းက အမှန်တကယ် ဆိုးရွားသော ကိစ္စ မဟုတ်ပေ။
အနည်းဆုံးတော့ သူမဟာ ထိုရှေးဟောင်း မိစ္ဆာကြီး၏ လက်ချက်ဖြင့် သေဆုံးရမည် မဟုတ်ပေ။
ဤသည်မှာ ကံဆိုးမိုးမှောင်ကျမှုထဲမှ ကံကောင်းခြင်းပင် ဖြစ်လေသည်။
[မိစ္ဆာ-ချိပ်ပိတ် မျှော်စင်ကို ဖျက်ဆီးပြီး ကျင့်ကြံခြင်း ကမ္ဘာသို့ ဆင်းသက်လာသည့် ရှေးဟောင်း မိစ္ဆာကြီးဟာ မရေမတွက်နိုင်သည့် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်။ အိမ်နီးချင်း မင်းဆက်များမှ ကျင့်ကြံသူ အများအပြားဟာ မိစ္ဆာ နှိမ်နင်းရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး သူတို့ထဲတွင် အားအနည်းဆုံးသူက ရွှေအမြုတေအဆင့်တွင် ရှိကြဆပသည်။]
[သို့သော် ထိုရှေးဟောင်း မိစ္ဆာကြီးနှင့် ရင်ဆိုင်ရသည့်အခါ မိစ္ဆာနှိမ်နင်းရေး မဟာမိတ်အဖွဲ့ ဆိုသည်မှာ မိစ္ဆာကြီးအတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ထိုတိုက်ပွဲတွင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ (၅) ဦး သေဆုံးခဲ့ပြီး ရွှေအမြုတေ အဆင့် ကျင့်ကြံသူ (၇၄) ဦး သေဆုံးခဲ့သည်]
...
[ကျင့်ကြံခြင်း ကမ္ဘာထဲရှိ လူတိုင်း အန္တရာယ် ကျရောက်နေခဲ့သည်။]
[တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုမှာ ရှေးဟောင်း မိစ္ဆာကြီးဟာ မြို့အများအပြားမှ မရေမတွက်နိုင်သည့် လူများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သန်းပေါင်းများစွာသော အသက်များကို အသုံးပြုပြီး သူဟာ မိစ္ဆာ လက်နက်တစ်ခုကို ဖွဲ့စည်းခဲ့သည်။]
[မဟာဝေ ဧကရာဇ်မင်းမြတ် အလွန် ဒေါသထွက်ခဲ့ပြီး ရှေးဟောင်း မိစ္ဆာကြီးကို တိုက်ခိုက် ချေမှုန်းရန် စစ်သည် တစ်သန်း စုဆောင်းခဲ့သည်]
[မဟာဝေ မင်းဆက်၏ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ဘိုးဘေးကြီးဟာလည်း မိစ္ဆာကြီးကို အတူတကွ တိုက်ခိုက်ရန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သည်။ နှစ်ဖက်စလုံး၏ စစ်ပွဲက တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီး သွေးများ မြစ်ချောင်းသဖွယ် စီးဆင်းခဲ့ရသည်။]
[မဟာဝေ ဘိုးဘေးကြီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်]
[မဟာဝေ မင်းဆက်မှ မူလဝိညာဉ် အဆင့် ဆရာသခင်အများအပြား တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ရွှေအမြုတေ အဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာ တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ အခြေတည်အဆင့် ကျွမ်းကျင်သူ ထောင်ပေါင်းများစွာဟာလည်း တိုက်ပွဲတွင် ကျဆုံးခဲ့ရသလို ချီစုစည်းမှု အဆင့် ကျွမ်းကျင်သူ သန်းပေါင်းများစွာဟာလည် တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ စစ်သည် သန်းပေါင်းများစွာ အနက် (၁) သိန်း အောက်သာ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။]
[ရှေးဟောင်း မိစ္ဆာကြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်]
[...]
အခြေအနေများ ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
မဟာဝေ မင်းဆက်၏ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ဘိုးဘေးကြီးဟာ မိစ္ဆာကြီး၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ထိုရှေးဟောင်း မိစ္ဆာကြီးဟာလည်း ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေပြီး သူက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် (၃) တွင် ရှိနေခြင်း ဖြစ်၏။
မဟာဝေ မင်းဆက်၏ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ဘိုးဘေးကြီးမှာမူ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် (၁) တွင်သာ ရှိသေးလေသည်။
"အဲဒီ ရှေးဟောင်း မိစ္ဆာကြီးကို တိုက်ခိုက် ချေမှုန်းစဉ် အတွင်း တပ်မတော်ရဲ့ အရေးအကြီးဆုံး တိုက်ပွဲ ဖွဲ့စည်းပုံတွေဖရိုဖရဲ ဖြစ်သွားခဲ့ပါတယ်... ဒါကြောင့် တိုက်ပွဲ ဖွဲ့စည်းပုံတွေ အောင်မြင်စွာ မဖွဲ့စည်းနိုင်ခဲ့ပါဘူး... ပြီးတော့ မိစ္ဆာကြီးက အဲဒီ အခွင့်အရေးကို အသုံးချသွားတာပါ"
မဟာဝေ ဧကရာဇ် ချန်ဖုန်းယင်ဟာ သေဘေးမှ လွတ်မြောက်လာသည့် မဟာဝေ စစ်သူကြီး တစ်ဦးထံမှ သတင်း ရရှိလိုက်သည်။
သူ့လေသံတွင် မယုံကြည်နိုင်မှုများနှင့် အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်လောက်သည့် ဒေါသများ ပြည့်နှက်နေခဲ့လေသည်။
မဟာဝေ စစ်သူကြီးဟာ တုန်လှုပ်နေခဲ့ပြီး အရှင်မင်းကြီး၏ ဒေါသ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားလေသည်။
ထို့ကြောင့် သူဟာ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရဲခြင်း မရှိပေ။
သူ အံကြိတ်လိုက်ပြီး ဝမ်းနည်းကြေကွဲမှု၊ ဒေါသများနှင့် ပြောလိုက်၏။ "အရှင်မင်းကြီး... မူလဝိညာဉ် အဆင့် ကျင့်ကြံသူ အများအပြား၊ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ၊ အခြေတည်အဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာ၊ ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်သန်း... ဒီလို သတ်ဖြတ်ခြင်း ဖွဲ့စည်းပုံက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် အဆုံးစွန် တိုက်ခိုက်မှုတစ်ခု ဖွဲ့စည်းဖို့ လုံလောက်ပါတယ်"
"ဒါပေမဲ့... ဖွဲ့စည်းပုံ ဖွဲ့စည်းလိုက်တဲ့ အချိန်မှာ မဖြစ်ပေါ်သင့်တဲ့ အားနည်းချက်အများအပြား ပေါ်လာခဲ့ပါတယ်... မိစ္ဆာကြီးကို မသတ်နိုင်ခဲ့တဲ့ အပြင် အနားယူနေတဲ့ ဘိုးဘေကိုပါ ဒုက္ခရောက်စေခဲ့ပါတယ်..."
"အရှင်မင်းကြီး ကျွန်တော်အပြစ်ရှိပါတယ်"
.
"မင်းမှာ အပြစ်မရှိဘူး" ချန်ဖုန်းယင်၏ မျက်နှာက မည်းမှောင်နေခဲ့ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ဒီခွေးသူတောင်းစားတွေ ဘယ်လောက်အထိ ယုတ်မာနိုင်လဲ ဆိုတာ လျှော့တွက်မိခဲ့တဲ့ ငါ့အမှားပဲ"
မဟာဝေ ဧကရာဇ်မင်းမြတ် အနေဖြင့် ရိုင်းစိုင်းသော စကားလုံးများကိုပင် အသုံးပြုခဲ့ရာ မည်မျှ ဒေါသထွက်နေကြောင်း ပြသရန် လုံလောက်ပေသည်။
"မြောင်းပုပ်ထဲမှာ ပုန်းအောင်းနေပြီး ခေါင်းတောင် မပြရဲတဲ့ ပိုးကောင်တွေ"
"သူတို့ကို သတ်ပစ်သင့်တယ်"
"သူတို့ သေသင့်တယ်..."
မူလဝိညာဉ် အဆင့် (၁၀) တွင် ရှိနေသည့် ချန်ဖုန်းယင်ဟာ လူပေါင်းများစွာကို ကြောက်ရွံ့တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အော်ရာ ကို ထုတ်လွှတ်လိုက်သည်။
ဤအချိန်တွင် မည်သူမျှ သူ့ကံဆိုးမှုကို လက်ယပ်မခေါ်ချင်ကြတာကြောင့် လူတိုင်းနီးပါးဟာ အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ပေ။
ချန်ဖုန်းယင်၏ နှလုံးသားထဲ၌ ဒေါသသာမက အဆုံးမဲ့ စိုးရိမ်ပူပန်မှုများလည်း ရှိနေခဲ့သည်...
သူတို့ဟာ ရှေးဟောင်း မိစ္ဆာကြီးကို မသတ်နိုင်ခဲ့ဘဲ ပြင်းထန်စွာ ဒဏ်ရာရစေရုံသာ ပြုလုပ်နိုင်ခဲ့လေသည်။
ထို့ကြောင့် မိစ္ဆာကြီး ဒဏ်ရာ ပြန်လည် ကောင်းမွန်လာပြီးနောက် မဟာဝေ မင်းဆက်က အန္တရာယ် ကျရောက်ပေလိမ့်မည်။
ဒါကို တွေးမိတော့ ချန်ဖုန်းယင် အမှန်တကယ် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရ၏။
ကျင့်ကြံခြင်း ကမ္ဘာထဲတွင် ချိပ်ပိတ်ခံထားရသည့် ရှေးဟောင်း မိစ္ဆာတစ်ကောင် ရှိနေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
နှစ်သန်းပေါင်းများစွာ ကြာအောင် ချိပ်ပိတ်ခံထားရသည့် မိစ္ဆာတစ်ကောင်က ဤမျှ စွမ်းအားကြီးနေဆဲ ဖြစ်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
မဟာဝေ ဧကရာဇ်မင်းမြတ် အနေဖြင့်...
မဟာဝေ၏ နိုင်ငံတော် ကံကြမ္မာက အလွန် မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် ကျဆင်းနေကြောင်း သူ ရှင်းလင်းစွာ အာရုံခံစားမိနေခဲ့သည်။
တစ်ခုပြီး တစ်ခု ဝင်ရောက်လာသည်ပ အကြပ်အတည်းများက သူ့ကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေခဲ့သည်။
[အသက် ၅၀ နှစ် - (၅) နှစ်ကြာ ပျောက်ကွယ်နေခဲ့သော ရှေးဟောင်း မိစ္ဆာကြီးဟာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ တစ်ဖက်လူဟာ မဟာဝေ နယ်နိမိတ် အတွင်း၌ပင် ရှိနေသေးလေသည်။ တစ်ဖက်လူက မြို့အများအပြားကို နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ သူဟာ ကြီးမားသည့် ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုနှင့် ဂိုဏ်းငယ် အများအပြားကိုပင် ဖျက်ဆီးခဲ့သည်။]
[မဟာဝေ အတွင်းရှိ မိစ္ဆာကျင့်ကြံသူ အားလုံး ပျော်ရွှင်နေကြပြီး မရေမတွက်နိုင်သည့် မိစ္ဆာကျင့်ကြံသူများဟာ ရှေးဟောင်း မိစ္ဆာကြီး၏ လက်အောက်ခံ ဖြစ်လိုကြသော်လည်း တစ်ဖက်လူက သူတို့ကို အထင်သေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ထိုမိစ္ဆာကျင့်ကြံသူ အားလုံး အသတ်ခံလိုက်ရသည်။]
[အသက် ၅၂ နှစ် - သင့်တွင် ဆိုးရွားသည့် ကြိုတင်နိမိတ်တစ်ခု ခံစားရပြီး ဤကြိုတင်နိမိတ်က လျင်မြန်စွာ အမှန်တကယ် ဖြစ်လာခဲ့သည်။]
[ရှေးဟောင်း မိစ္ဆာကြီးသည် မဟာဝေ နေပြည်တော်သို့ ဆင်းသက်လာပြီး သွေးစွန်းသည့် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။]
[စစ်ပွဲက မဟာဝေ နေပြည်တော်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲလုနီးပါး ဖြစ်စေခဲ့သည်။]
[မဟာဝေ ဧကရာဇ်မင်းမြတ်ဟာ နိုင်ငံတော် ကံကြမ္မာ၏ စွမ်းအားကို အသုံးပြုပြီး မိစ္ဆာကြီးနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲကို ဆင်နွှဲခဲ့သည်]
[သို့သော် နောက်ဆုံးတွင် သူဟာ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ခဲ့ရပြီး မဟာဝေ ဧကရာဇ်မင်းမြတ် တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။]
[ကံမကောင်းစွာဖြင့် သင်လည်း သေဆုံးသွားခဲ့သည်...]
[အသက် - ၅၂ နှစ်၊ ၀၅ လ၊ ၀၆ ရက်]
[...]
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် (၅၂) နှစ်ကြာ နေထိုင်ခဲ့သော်လည်း လက်တွေ့ကမ္ဘာတွင် တစ်နာရီပင် မကုန်ဆုံးသေးပေ။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာသည့် ချန်ချန်ရွှယ်ဟာ သူမ၏ သေဆုံးမှုအပေါ် အံ့သြခြင်း မရှိပေ။
သူမဟာ လက်မခံနိုင်သည့် ပုံစံလည်း မပြသခဲ့ပေ။
သူမ၏ ခံစားချက်များ တည်ငြိမ်နေခဲ့သည်။
သူမအသံတိုးတိုးဖြင့်ကိုယ့်ကိုယ်ကိုယ်ရေရွတ်လိုက်၏။ "ငါကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကဒီအခိုက်အတန့်မှာအတူတကွလာဆုံနေသလိုပဲ... ဒါ့အပြင်မူလကတစ်ခုနဲ့တစ်ခုမသက်ဆိုင်တဲ့လမ်းကြောင်းတွေအများကြီးကသီးခြားအချိန်ကာလတစ်ခုမှာတစ်ခုနဲ့တစ်ခုယှက်နွှယ်နေကြတယ်"