အခန်း ၁၂၃ : စိတ်အလှုပ်ရှားဆုံးက မင်းကို နှစ်ခါပြန် သတ်ပြစ်ချင်တာပဲ
မဟာဝေ မင်းဆက်၏ နန်းတော်အတွင်း၌...
ချင်းကျောက်ဟာ ချန်ချန်ရွှယ်၏ စီစဉ်ပေးမှုဖြင့် ဝင်ရောက်လာခဲ့ပြီး သူမအား ကိုယ်ပိုင်အမှတ်အသား တစ်ခုနှင့် နေစရာနေရာ တစ်ခုပင် ပေးထားလေသည်။
အမှန်တကယ်တော့ သူမဟာ ချန်ချန်ရွှယ်နှင့် ပထမဆုံး တွေ့ဆုံစဉ်က သူမတွင် ဖြူစင်သည့် သဘောထားတစ်ခုသာ ရှိခဲ့သည်။
ထိုအချိန်တုန်းက သူမ များများစားစား မတွေးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမက ဆုံးရှုံးစရာ ဘာမှ မရှိလို့ ဘာမဆို ရင်ဆိုင်ရဲသူသာ ဖြစ်သည် မဟုတ်ပါလော။
သို့သော်... တစ်ဖက်လူက သူမ၏ အသက်ကို ယူရန် လာခြင်း မဟုတ်ကြောင်းနှင့် သူမ စောစော သေဆုံးမည် မဟုတ်ကြောင်း သဘောပေါက်လာသောအခါ သူမ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ထို့နောက် သူမ၏ ဦးနှောက်ကို အသုံးပြုပြီး စဉ်းစားလာခဲ့သည်။ "တစ်ခုခု မှားနေတယ်… တစ်ခုခု မှားနေတယ်..."
ချင်းကျောက်ဟာ ချန်ချန်ရွှယ် စီစဉ်ပေးထားသည့် နေအိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ သူမ၏ လှပသည့် မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးနေခဲ့ပြီး မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့၏။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ သူမ ပိုပိုပြီး ခံစားလာရသလို သူမကို နန်းတော်ထဲ ခေါ်ဆောင်လာတဲ့ အဲဒီ တော်ဝင်မျိုးနွယ်ဆီမှာလည်း တစ်ခုခု မှားယွင်းနေပေသည်။
သူမ စောစောက ပြောခဲ့တဲ့ စကားတွေက တကယ်ပဲ နည်းနည်း ရယ်စရာကောင်းတယ်ဆိုတာ သူမ သဘောပေါက်လိုက်ပြီး ရိုးသားစွာ ပြောရရင် အကယ်၍ တစ်စုံတစ်ယောက်က သူမကို ဒီလိုစကားမျိုး လာပြောရင် တစ်ဖက်လူက အရူးပဲလို့ ချင်းကျောက် သေချာပေါက် ခံစားမိမှာပင်။
...
'ဒါဆို… အဲဒီလူက သူမရဲ့ ရယ်စရာကောင်းတဲ့ စကားတွေကို ဒီအတိုင်း ယုံကြည်လိုက်တာလား...'
အဲဒီအမျိုးသမီးက 'ငါ မင်းကို ယုံတယ်' လို့ ပြောတုန်းက သူမရဲ့ အသံက လေးနက်နေခဲ့သည်။ ထိုကြောင့် တစ်ဖက်လူက သူမရဲ့ ဇာတ်လမ်းကို တကယ် ယုံကြည်တယ်လို့ ချင်းကျောက် ခံစားခဲ့ရလေသည်။
'အင်း...'
'ဖြစ်နိုင်တာက... ငါပြောသမျှ အရာအားလုံး အမှန်တရား ဖြစ်ကြောင်း သူမ ကြိုသိနေတာလား' ဒီအတွေး ချင်းကျောက်ရဲ့ စိတ်ထဲ ပေါ်လာတဲ့ အခါ သူမရဲ့ ဦးရေပြား ချက်ချင်း ထုံကျင်သွားခဲ့၏။
'တစ်ဖက်လူက ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ...'
ဘာပဲဖြစ်ဖြစ် သူမ ပြောခဲ့တဲ့ အရာတွေ အားလုံးက အနာဂတ်မှာ ဖြစ်ပျက်မယ့် အရာတွေပင်။ 'ဖြစ်နိုင်တာက တစ်ဖက်လူကလည်း အနာဂတ် အကြောင်း သိနေတာလား..'
အဲဒီလူရဲ့ ကျင့်ကြံမှု အဆင့်က အများဆုံး သူမနဲ့ တူညီတဲ့ အဆင့်ပဲ ရှိရာ သူမ ဘယ်လိုလုပ် ဒီလို ရယ်စရာကောင်းတဲ့ အရာမျိုး လုပ်နိုင်မည်နည်း။ မူလဝိညာဉ် ဒါမှမဟုတ် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် စွမ်းအားရှင်တွေတောင် အနာဂတ်ကို မမြင်နိုင်ကြပေ။
သူမ... ချင်းကျောက်တောင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အကူအညီနဲ့မှ လုပ်နိုင်တာပင်။
"အယ်..." ချင်းကျောက် တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိလိုက်၏။ ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်၌ အမူအရာ အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။
သူမရင်ထဲမှ ခံစားချက်များကလည်း ပြင်းထန်စွာ လှုပ်ရှားနေခဲ့ပေသည်။
"ကလေးမလေး ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ"
အဘွားအိုချင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"... ဘာမှ မဟုတ်ပါဘူး"
ချင်းကျောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူမ၏ ခန့်မှန်းချက်က အနည်းငယ် ဖြစ်နိုင်ချေ နည်းလွန်းသည်ဟု ခံစားလိုက်ရသည်။
သို့သော် မဖြစ်နိုင်တာတော့ မဟုတ်ပေ။
[တစ်ခုခု မှားယွင်းနေကြောင်း သင် အာရုံခံမိပြီး သင့်ကို နန်းတော်ထဲ ခေါ်ဆောင်လာသော တော်ဝင်မျိုးနွယ်၏ ကိုယ်ပိုင်အမှတ်အသားကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သင်သည် လက်ရှိတွင် မင်းသမီး ချန်နင်း၏ နန်းဆောင်ထဲ၌ ရောက်ရှိနေကြောင်း နန်းတွင်းအပျိုတော် တစ်ဦးထံမှ သိရှိလိုက်ရသည်]
[သင် မယုံနိုင်အောင် ဖြစ်သွားသည်။ တစ်နည်းအားဖြင့်... သင် တွေ့ခဲ့ရသည့် လူက ယခင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတွင် ပထမဆုံး သေဆုံးခဲ့ရသည့် မဟာဝေ တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် တစ်ဖက်လူတွင် သင် မုန်းတီးသော နာမည်တစ်ခု ရှိနေခဲ့သည်။]
[အခြေအနေများက သင့်မျှော်လင့်ချက် ပြင်ပသို့ ပိုပိုပြီး ရောက်ရှိလာကြောင်း သင် သဘောပေါက်လိုက်သည်။ ချန်ချန်ရွှယ်ဆိုသည့် အမည်ကို လစ်လျူရှုရန် အမှန်တကယ် ခက်ခဲလှသည်။]
[တစ်ပတ် ကြာပြီးနောက် သင့်စိတ်နှလုံး ရှုပ်ထွေးနေပြီး မင်းသမီး ချန်နင်းကို သွားရောက် ရှာဖွေရန် ကိုယ့်သဘောဆန္ဒ အလျောက် ဆုံးဖြတ်လိုက်သည်။]
[သူမ သင့်နှင့် တွေ့ဆုံရန် သဘောတူလိုက်သည်။]
ယခု ချင်းကျောက်ဟာ ချန်ချန်ရွှယ်နှင့် နောက်တစ်ကြိမ် တွေ့ဆုံတော့ပေမည်။
အခြား မင်းသမီးများနှင့် ဆင်တူသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ချန်ချန်ရွှယ်ဟာ ပန်းခြံဆောင် တစ်ခုထဲတွင် ထိုင်နေသည်ကို သူမ မြင်လိုက်ရ၏။
ချန်ချန်ရွှယ်၏ ဘေးတွင်တော့ အဘွားအို ထိုင်နေခဲ့သည်။
ချင်းကျောက် မျက်မှောင်ကြုတ်လိုက်သည်။ သူမစိတ်ထဲမှ ရှုပ်ထွေးနေသည့် အတွေးများက သူမကို တည်ငြိမ်အောင် လုပ်ပြီး စဉ်းစားရန် ခက်ခဲစေသည်။
သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
အဘွားအို၏ စေ့စေ့စပ်စပ် ကြည့်ရှုသော အကြည့်အောက်တွင် သူမ တည့်တည့် လျှောက်သွားလိုက်သည်။
သူမ တစ်ဝက် လှည့်လိုက်ပြီး ချန်ချန်ရွှယ်၏ ရှေ့သို့ ရောက်လာကာ ချန်ချန်ရွှယ်၏ မျက်နှာကို စိုက်ကြည့်လိုက်၏။
တစ်ခဏချင်း ချင်းကျောက်၏ စိတ်ကို လျှပ်စီး တစ်ခု ဝင်ဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမစိတ်ထဲမှ အတွေးများက အလွန် ရှုပ်ထွေးနေသဖြင့် သူမ၏ တည်နေရာကိုပင် ရှာမတွေ့နိုင်တော့ပေ။
ဤအချိန်တွင် သူမ၏ မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် ခက်ခဲနေခဲ့သည်။
အဲဒါက... သူမဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာ ဘယ်တော့မှ မမေ့နိုင်မယ့် မျက်နှာတစ်ခုပင်။
အဲဒါက သူမ နေ့တိုင်း ညတိုင်း တွေးတောနေတဲ့ မျက်နှာ... သူမ အိမ်မက်ထဲမှာတောင် မက်တဲ့ မျက်နှာပင်။
ချင်းကျောက် သေချာသွားပေပြီ။
သူမရှေ့က ရင်းနှီးနေတဲ့ ဒီလူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့တဲ့ တော်ဝင်မျိုးနွယ်ဖြစ်နေခဲ့သည်။
'ဘာလို့ တစ်ဖက်လူက ရုတ်တရက် ဒီလို ဖြစ်လာရတာလဲ... ဖြစ်နိုင်တာက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက တစ်ဖက်လူက သူမရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲထားတာလား...'
'ဒါက... ဒါက သူမရဲ့ မူလ ပုံပန်းသဏ္ဍာန်လား....'
'ရှူး..'
'မင်းသမီး ချန်နင်း...'
'ချန်ချန်ရွှယ်..'
ဒီစကားလုံး နှစ်လုံး ချင်းကျောက်ရဲ့ စိတ်ထဲမှာ ဝင်တိုက်မိပြီး နောက်ဆုံးတော့ ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မ ပုံပန်းသဏ္ဍာန် အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ရှင်..."
"ငါ..."
"ဒါက..."
ချင်းကျောက် ပြောချင်တဲ့ စကားလုံးပေါင်း ထောင်သောင်းချီ သူမရင်ထဲမှာ ရှိနေပြီး သူမရင်ထဲက တုန်လှုပ်မှု အားလုံးကို ထုတ်ဖော်ပြသချင်နေခဲ့သည်။
ဒါပေမဲ့ ဒီစကားလုံးတွေ သူမပါးစပ်ဆီ ရောက်လာတဲ့ အခါ ဘယ်လို ပြောရမလဲ မသိတော့ချေ။
ခဏတာမျှ သူမ ပြောစရာ စကားမဲ့သွားပြီး ဘယ်လို ရှင်းပြရမလဲ မသိပေ။
"ရှင် ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ..." နောက်ဆုံးတော့ ဒီစကားလုံး လေးလုံး အဖြစ်ပဲ ပြောင်းလဲသွားခဲ့သည်။
ချန်ချန်ရွှယ်၏ ရှေ့တွင် ကျောက်စားပွဲ တစ်လုံး ရှိနေပြီး ကျောက်စားပွဲပေါ်တွင် ဝိညာဉ် လက်ဖက်ရည်တစ်အိုး ရှိနေခဲ့သည်။
ဝိညာဉ် လက်ဖက်ရည်၏ ဝေ့ဝဲနေသော မွှေးပျံ့သည့် ရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် လူများကို စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စေရန် လုံလောက်ပေသည်။
အကယ်၍ သာမန်လူ တစ်ယောက် တစ်ငုံ သောက်လိုက်လျှင် သူတို့ခန္ဓာကိုယ်ထဲမှ ရောဂါဘယ အားလုံးကို ဖယ်ရှားပစ်ရန် လုံလောက်ပေသည်။
ချန်ချန်ရွှယ်ဟာ ချင်းကျောက်၏ မေးခွန်းကို ဖြေရန် အလျင်မလိုပေ။
သူမဟာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ခဏ ရပ်တန့်လိုက်၏။ ထို့နောက် သူမ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ချင်းကျောက်ကို ကြည့်လိုက်သည်။
သူမ နောက်ဆုံးတော့ ပါးစပ်ဖွင့်ပြီး ပြောလိုက်သည်။ "မင်း ဖြစ်နေမှန်း ငါ သိလိုက်ရတဲ့ အချိန်တုန်းက အတွေးပေါင်း များစွာ ငါ့စိတ်ထဲ ဝင်ရောက်လာတယ်... ငါ့ကို စိတ်အလှုပ်ရှားစေဆုံး အတွေးတွေထဲက တစ်ခုကတော့... မင်းကို နှစ်ခါပြန် သတ်ပစ်ချင်တာပဲ"