အခန်း ၁၂၀ : ချင်းကျောက်နှင့် ချန်ချန်ရွှယ် တွေ့ဆုံခြင်း
ချန်ချန်ရွှယ်ဟာ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝပေါင်း များစွာ ကြုံတွေ့ခဲ့ပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် အချိန်အကြာကြီး နေထိုင်ခဲ့ပြီဟု သူမ ယုံကြည်ထားခဲ့သည်။
ထို့ကြောင့် သူမဟာ စဉ်းစားတွေးခေါ် ဉာဏ်ကောင်းသူတစ်ဦး အဖြစ် သတ်မှတ်နိုင်ပြီး သူမ၏ ခံစားချက်များကို ထိန်းချုပ်ရန် လုံလောက်ပေသည်။
သို့သော် ယခု သူမ မျက်စိရှေ့တွင် ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်... ချန်ချန်ရွှယ် သူမရင်ထဲရှိ ခံစားချက်ပေါင်း မြောက်မြားစွာကို မထိန်းချုပ်နိုင်တော့ပေ။
သူမ၏ ရုပ်ဖျက်ထားသည့် မျက်နှာပေါ်ရှိ အမူအရာက ချက်ချင်း တောင့်တင်းသွားခဲ့ရသည်။
သာမန်လူ တစ်ယောက် နေ့ခင်းကြောင်တောင်သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ပင်။
အကယ်၍ သူမ၏ ကြီးမားသည့် လှုပ်ရှားမှုများက အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်ကို သူမ မစိုးရိမ်ခဲ့ပါက... ချန်ချန်ရွှယ် သူမ၏ မျက်လုံးများကို ပြင်းထန်စွာ ပွတ်သပ်မိလောက်ပေသည်။
သူမ၏ မျက်လုံးများတွင် တစ်ခုခု မှားယွင်းနေခြင်း ရှိမရှိ သို့မဟုတ် သူမ အိမ်မက်မက်နေခြင်း ဟုတ်မဟုတ် သူမ သိချင်နေခဲ့သည်။
ခဏတာမျှ ချန်ချန်ရွှယ်ဟာ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးကို တပ်ဆင်ထားပြီး အိပ်ပျော်နေဆဲ ဖြစ်သည်ဟုပင် ထင်မှတ်လိုက်မိသည်။
ဤအရာအားလုံး... ၎င်းက သူမအတွက် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးက ဖန်တီးပေးထားသည့် ထူးဆန်းသော အိမ်မက်တစ်ခု ဖြစ်ပေလိမ့်မည်။
...
အိမ်မက် ပြီးဆုံးသွားသောအခါ ဤရင်းနှီးသည့် မျက်နှာက လေထဲတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော် ဤအလွန်အမင်း စစ်မှန်သည့် ခံစားချက်က သူမ အိမ်မက်မက်နေခြင်း မဟုတ်ကြောင်း ချန်ချန်ရွှယ်ကို အချိန်တိုင်း ပြောပြနေခဲ့သည်။
ထို့အပြင် သူမ၏ မျက်လုံးများတွင် ဘာမှားယွင်းမှုမှ မရှိခဲ့ပေ။
"တကယ် သူမပဲ... ဘာလို့ သူမက ဒီနေရာမှာ ရှိနေတာလဲ"
ဆူညံနေသည့် တည်းခိုခန်းထဲတွင် လူအနည်းငယ်သာ ကြားနိုင်လောက်သည့် အသံဖြင့် ချန်ချန်ရွှယ် ရေရွတ်လိုက်၏။
ဘေးနားမှ အဘွားအိုကလည်း ချင်းကျောက်ကို ကြည့်လိုက်သည်။ ဤမိန်းကလေးသည် ဤမျှ ကြည့်ကောင်းနေသဖြင့် သူမ အံ့သြသွားခဲ့သည်။
သူမ၏ ရုပ်ရည်က မင်းသမီးနှင့် တန်းတူဖြစ်နေပေသည်။
'ဒါက...'
'ဒါက မင်းသမီး တွေ့ချင်နေတဲ့ လူလား... သူမက စာရင်းပေါ်က ချင်းကျောက်ဆိုတာလား...'
'သူမက တကယ် အခြေတည်အဆင့်မှာ ရှိနေတာလား..'
ဒီလောက် ငယ်ရွယ်တဲ့ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး... သူမ၏ မသေမျိုး အခြေခံအုတ်မြစ်က မင်းသမီးနှင့် တူညီနေလောက်ပေသည်။
'အယ်..'
နောက်ခဏ၌ အဘွားအိုဟာ ချင်းကျောက်၏ ဘေးနားရှိ မိစ္ဆာသားရဲကို ရုတ်တရက် သတိပြုမိလိုက်၏။
မသေမျိုးကျင့်ကြံခြင်း ကမ္ဘာတွင် ကျင့်ကြံသူများက မိစ္ဆာသားရဲများကို စီးတော်ယာဉ်များ အဖြစ် အသုံးပြုကြသည်မှာ ပုံမှန်ပင်။
ထို့အပြင် ဤတည်းခိုခန်း တစ်ခုတည်းမှာပင် ကွဲပြားခြားနားသည့် မိစ္ဆာသားရဲအများအပြား ရှိနေခဲ့သည်။
သူတို့အားလုံးက ကျင့်ကြံသူများ မွေးမြူထားသည့် ရင်းနှီးသည့် သားရဲများဖြစ်ကြသည်။
သို့သော် ချင်းကျောက် ဘေးနားရှိ ဝှိုက်တီတစ်ကောင်တည်းသာ အဘွားအိုအား ဖမ်းစားနိုင်ခဲ့သည်။ သူမ၏ မျက်နှာအား တည်ငြိမ်အောင် မထိန်းထားနိုင်တော့ပေ။
"ဒါက"
အဘွားအို ကြက်သေသေသွားခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီးတုန်လှုပ်မှုက ချန်ချန်ရွှယ်ထက် မလျော့နည်းပေ။ 'နှစ်သန်းပေါင်းများစွာ ကြာကတည်းက မျိုးသုဉ်းသွားပြီ ဖြစ်တဲ့ မိစ္ဆာသားရဲ တစ်ကောင်က ဘယ်လိုလုပ် ဒီကမ္ဘာမှာ ရှိနေသေးတာလဲ'
ချန်ချန်ရွှယ်နှင့် အဘွားအို နှစ်ဦးစလုံး တူညီသော အရာကို တွေးနေခဲ့ကြသည်။ 'ဒါက ရုပ်တူနေတာလား...ဒါမှမဟုတ်...'
သူတို့ နှစ်ဦးတွင် မတူညီသည့် စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း သူတို့ ရင်ထဲမှ တုန်လှုပ်မှုတို့ကတော့ တူညီနေခဲ့လေသည်။
ချန်ချန်ရွှယ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူမ၏ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
သူမ၏ မျက်နှာကတော့ အလွန် ရှုပ်ထွေးလာခဲ့သည်။
တုန်လှုပ်ခြင်း။
ရှုပ်ထွေးခြင်း။
နားမလည်နိုင်ခြင်း။
ဆွံ့အသွားခြင်း။
ဤဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မ၌ ဤကဲ့သို့သော တည်ငြိမ်မှုအား ဆုံးရှုံးသွားသည်ကို မြင်တွေ့ရခဲလှပေသည်။
...
အခြားတစ်ဖက်တွင်။
အမျိုးသမီး ကျင့်ကြံသူ နှစ်ဦး၊ အဘွားအို တစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦးဟာ ထူးဆန်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ သူမကို တည့်တည့် စိုက်ကြည့်နေကြသည်ကို ချင်းကျောက် သတိပြုမိလိုက်သည်။
ဒါက သူမကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေခဲ့လေသည်။ 'သူမ၏ ပုံပန်းသဏ္ဍာန်တွင် ကြီးမားသည့်ပြဿနာ မရှိပါဘူး... ဟုတ်တယ်မဟုတ်လား...'
သူမက လက်တွေ့ကမ္ဘာတွင် ရှိသကဲ့သို့ အတိအကျ တူညီနေသည် မဟုတ်ပါလော။
သူမ၏ လက်တွေ့ဘဝ ကိုယ်ပိုင်အမှတ်အသားတွင် သူမဟာ ကျင်းရှင်း နန်းတော်တွင် အလှဆုံး မိန်းကလေး ဖြစ်ပေသည်။
'ဘာလို့ သူတို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြတာလဲ...'
'သူမ တကယ် အဲဒီလောက် ထူးဆန်းနေလို့လား..'
အကြည့်ခံရပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားသော ချင်းကျောက်ဟာ အစွမ်းကုန်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ချန်ချန်ရွှယ်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားခဲ့သည်။
ထို့နောက် သူမဟာ ချန်ချန်ရွှယ်နှင့် မျက်နှာချင်းဆိုင် စားပွဲဝိုင်း ခုံပုလေးပေါ်တွင် ဝင်ထိုင်လိုက်၏။
နှစ်ဖက်စလုံးကို စားပွဲတစ်ခု ခြားထားခဲ့သည်။
သူမ၏ အိမ်မွေးတိရစ္ဆာန် ဝှိုက်တီက ဘေးနားတွင် လိမ္မာစွာ ရပ်နေခဲ့သည်။ (၂) မီတာ အမြင့်ရှိသည့် ဝှိုက်တီက ကြီးမားလှပေသည်။
၎င်းက သန်မာထွားကျိုင်းသည့် မြင်းတစ်ကောင်နှင့် တူပြီး အကယ်၍ ၎င်းသာ ဒီနေရာမှာ လေးလေးနက်နက် ရပ်နေရင် ၎င်းကို လစ်လျူရှုထားဖို့ မဖြစ်နိုင်ပေ။
"ရှင် ဘယ်သူလဲ" ချင်းကျောက် မျက်မှောင်ကြုတ်ပြီး မပျော်မရွှင် မေးလိုက်သည်။ "ရှင် ကျွန်မကို လာရှာတာ မဟုတ်လား... ရှင်မှာ ထူးခြားတဲ့ အရှိန်အဝါ ရှိတယ်... ရှင်က မဟာဝေ မင်းဆက်မှာ အထင်ပေါ်ဆုံးလူတွေထဲက တစ်ယောက် ဖြစ်ရမယ်... ဟုတ်တယ်မလား"
"ကျွန်မ အထင်တော့ ကျွန်မ ရှင်နဲ့ ဘာမှ မပတ်သက်ဘူး... ပြီးတော့ ရှင်နဲ့ ဘာရန်ငြိုးမှလည်း မရှိဘူး"
"ရှင် ကျွန်မဆီ ရောက်လာတာ... ရှင်က မိတ်ဆွေလား ရန်သူလား ဆိုတာ ကျွန်မ မသိဘူး..."
အခုမှ ဝင်ထိုင်ပြီး တင်ပါးတောင် မပူသေးတဲ့ ချင်းကျောက်ဟာ စက်သေနတ်လို စကားလုံးတွေ ရုတ်တရက် ပစ်ခတ်လိုက်သည်။
သူမ အရှုံးမပေးချင်ဘဲ သူမ၏ လှပသည့် မျက်လုံးများဖြင့် ချန်ချန်ရွှယ်၏ မျက်နှာကို ပြန်လည် စိုက်ကြည့်လိုက်၏။
သို့သော် ချန်ချန်ရွှယ်ဟာ ကြိုတင် ရုပ်ဖျက်ထားသဖြင့် ချင်းကျောက်က သူမကို လုံးဝ မမှတ်မိနိုင်ပေ။
သူမ၏ စကားများကို ကြားပြီးနောက် ချန်ချန်ရွှယ် သူမစိတ်ထဲတွင် သက်ပြင်းချလိုက်၏။ 'သူမရဲ့ ပြောပုံဆိုပုံကအစ အတိအကျ တူညီနေတာပဲ..'
'သေချာပေါက် သူမပဲ..'
သူမ၏ မျက်နှာက ရှုပ်ထွေးနေခဲ့ပြီး သူမ၏ လေသံကလည်း အလွန် ရှုပ်ထွေးနေခဲ့သည်။ "မင်း နာမည်က ချင်းကျောက်လား"
"ဒါပေါ့" ချင်းကျောက် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ "ငါ နာမည် မပြောင်းထားဘူး....မျိုးရိုးနာမည်လည်း မပြောင်းထားဘူး"
"မင်း ဘယ်က လာတာလဲ" ချန်ချန်ရွှယ် ဒီလို မေးခွန်းမျိုး မေးလိုက်သည်။
'ကျင်းရှင်း နန်းတော်...'
ချင်းကျောက် သူမစိတ်ထဲတွင် ညည်းတွားလိုက်သော်လည်း ထုတ်မပြောခဲ့ပေ။ "မေပယ် မြို့"
မေပယ် မြို့....
၎င်းက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် ချင်းမိသားစုမူလ တည်ရှိခဲ့သည့် မြို့ဖြစ်သည်။
သို့သော် ချင်းကျောက်ကြောင့် ချင်းမိသားစု ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်၏။
ပင်လယ်ရပ်ခြားက ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းဆီ ပြောင်းရွှေ့သွားခြင်းက လေကကြီးနှင့် အဆက်သွယ်ဖြတ်လိုက်ခြင်းနှင့် အတူတူပင်။
ဒါကြောင့်...ပြောရရင် သူမ ပြောတာ အဓိပ္ပာယ်မရှိတဲ့ စကား မဟုတ်ပေ။
သို့သော် ၎င်းက ချန်ချန်ရွှယ် သိချင်သည့် အဖြေ မဟုတ်ပေ။
သူမ ခဏလောက် စဉ်းစားပြီး ဆက်မေးလိုက်သည်။ "မင်း ဘာလို့ မဟာဝေ မင်းဆက်ရဲ့ နေပြည်တော်ကို ရောက်လာတာလဲ"
ချင်းကျောက် အဓိပ္ပာယ်မရှိတဲ့ စကား ပြောတော့မလို့ လုပ်နေတုန်း ရုတ်တရက် သတိရလိုက်မိသည်။
'သူမရှေ့က မရင်းနှီးတဲ့ အမျိုးသမီးက သူမ ရင်းနှီးအောင် လုပ်ဖို့ လိုအပ်နေတဲ့ မဟာဝေ တော်ဝင်မိသားစုဝင် တစ်ယောက် မဟုတ်လား... ဖြစ်နိုင်တာက သူမရှေ့က ဒီလူက ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတုန်းက အသတ်ခံခဲ့ရတဲ့ တော်ဝင်မိသားစုက ကံဆိုးတဲ့ လူဖြစ်မလား....'