အခန်း ၁၁၉ : မှင်သက်သွားသည့် ချန်ချန်ရွှယ်
ဒါပေမဲ့...ဝှိုက်တီပဲ ဖြစ်ဖြစ်၊ အဘွားအိုပဲ ဖြစ်ဖြစ် သူတို့က သူမကို လိမ်ညာမှာ မဟုတ်ဘူး ဆိုတာ သိသာပေသည်။
ချင်းကျောက်ရဲ့ မျက်နှာက တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်လာခဲ့သည်။
ဒါက သေချာပေါက် ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝမှာ သူမ ကြုံတွေ့ဖူးသမျှထဲ၌ အကြီးမားဆုံး အကျပ်အတည်းပင်။
အကယ်၍ သူမ သတိမထားရင် ဒီသရုပ်ဖော် ဘဝက ပြီးဆုံးသွားတော့ပေမည်။
ဒါပေမဲ့ အကယ်၍ ရန်သူရဲ့ အင်အားက အဲဒီလောက် ကြောက်စရာကောင်းနေရာ... သူမ ဘယ်လို ကိုင်တွယ်နိုင်မည်နည်း။
သူမဆီမှာ ခုခံနိုင်စွမ်း လုံးဝ မရှိဘူး ဆိုတာ ချင်းကျောက် ရှက်ရွံ့စွာနဲ့ လျင်မြန်စွာ သဘောပေါက်လိုက်၏။
အဘွားအို ပြောခဲ့သလိုပင် အကယ်၍ သူမက ရေနောက်ထဲ ဝင်ရောက် ပတ်သက်ချင်ရင် ခွန်အား မရှိဘဲ သူမ လုပ်လို့ မရနိုင်ပေ။
အထူးသဖြင့် ရေနောက်က တော်ဝင်မိသားစုနဲ့ ပတ်သက်နေတဲ့ အခါမျိုးပေါ့........
ဥပမာအားဖြင့် သူမ အဲဒီ ရေနောက်ထဲ ဝင်ရောက် ပတ်သက်ဖို့ အချိန်မရသေးခင်မှာတင် တစ်ခုခု ဖြစ်ပွားနေပေပြီ။
ထို့အပြင် ဒါက သူမရဲ့ ခွန်အားနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခုပင်။
"ဟူး.."
ကံကောင်းစွာနဲ့ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရပေမဲ့ ချင်းကျောက်ဟာ သေရမှာ ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။
......
အဆိုးဆုံး အခြေအနေဆိုရင်တောင် သူမ အစကနေ ပြန်စလိုက်ရုံပင်။
ယခု သူမ ပိုစူးစမ်းချင်တာက ဘာလို့ တစ်ဖက်လူက သူမဆီ ရောက်လာရတာလဲ ဆိုတာပင်။
ဒါက သူမကို ရှုပ်ထွေးသွားစေခဲ့သည်။
…
တစ်ချိန်တည်းမှာပင် "မင်းသမီး... စာရင်းပေါ်က ချင်းကျောက်ဆိုတဲ့ အမျိုးသမီးက ဒီတည်းခိုခန်းမှာ တည်းခိုနေပါတယ်... ဒီတည်းခိုခန်းက မသေမျိုးကျင့်ကြံသူတွေကို လက်ခံဖို့ အထူးတည်ဆောက်ထားတာပါ... ပြီးတော့ နန်းတော်ထဲက သခင်ကြီး ရှဲ့ရဲ့ မိသားစု ပိုင်ဆိုင်တာပါ"
နေပြည်တော်က လှုပ်ရှားမှုတွေနဲ့ စည်ကားနေခဲ့ပြီး ချန်ချန်ရွှယ်နဲ့ တခြားသူတွေဟာ သာမန် ကျင့်ကြံသူတွေနဲ့ မတူအောင် ဝတ်ဆင်ထားခဲ့ကြသည်။
သူတို့ဟာ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ဖို့ အထူး ရုပ်ဖျက်နည်းစနစ်ကိုတောင် အသုံးပြုထားခဲ့ကြသည်။
တစ်ချက် ကြည့်လိုက်ရုံနဲ့ ဘယ်သူမှ သူမရဲ့ ကိုယ်ပိုင်အမှတ်အသားကို မှတ်မိနိုင်မှာ မဟုတ်ချေ။တစ်ဖက်လူက စွမ်းအားကြီးပြီး သူမ ရုပ်ဖျက်ထားမှန်း တစ်ချက်တည်းနဲ့ သိနိုင်မှသာ မှတ်မိနိုင်ပေမည်။
သူမရှေ့က တည်းခိုခန်းကိုကြည့်လိုက်ပြီး ချန်ချန်ရွှယ် ပြောလိုက်သည်။ "အထဲဝင်ပြီး ကြည့်ကြရအောင်"
"ဟုတ်ကဲ့"
ချန်ချန်ရွှယ်နဲ့ အဘွားအိုဟာ တည်းခိုခန်းထဲ အတူတူ ဝင်ရောက်လိုက်ကြသည်။တည်းခိုခန်းထဲက ဝိညာဉ်စွမ်းအင်က အပြင်ဘက်ထက် ပိုသိပ်သည်းနေခဲ့ရာ တည်းခိုခန်း အောက်မှာ ဝိညာဉ် စုစည်းခြင်း အစီအရင်တည်ဆောက်ဖို့ အစီအရင်ဆရာတစ်ယောက် ငှားရမ်းထားတာ ဖြစ်ရပေမည်။
တည်းခိုခန်းထဲက ဧည့်သည်တွေ အားလုံးက ကျင့်ကြံသူ ဖြစ်ကြပြီး စားသောက်နေခဲ့ကြသည်။
သူတို့ စားသောက်နေတာတွေက မိစ္ဆာသားရဲ အသား၊ ဝိညာဉ် ဝိုင်အမျိုးမျိုး ဒါမှမဟုတ် ဝိညာဉ် ဆန်တွေပင်။
ချန်ချန်ရွှယ်ဟာ တည်းခိုခန်းကို ပိတ်ဆို့ဖို့ သူမရဲ့ မင်းသမီး အာဏာကို အသုံးမပြုခဲ့သလို အတွင်းထဲက လူတိုင်းကို မဆင်မခြင်ရှာဖွေဖို့ လူတွေ စေလွှတ်တာမျိုးလည်း မလုပ်ခဲ့ပေ။
သူမ စားပွဲအလွတ် တစ်လုံး ရှာတွေ့ပြီး ဟင်းပွဲ အနည်းငယ် မှာယူလိုက်ကာ အဲဒီမှာ တိတ်တဆိတ် ထိုင်နေလိုက်သည်။
...
"သူတို့က တည်းခိုခန်းထဲမှာ နေပြီး မလှုပ်ရှားကြဘူးလား" ချင်းကျောက် အဘွားအို ချင်းရဲ့ သတိပေးစကားကို ကြားပြီး အံ့သြစွာ မမေးဘဲ မနေနိုင်တော့ပေ။ "သူတို့က ငါ့ဆီ လာတာ မဟုတ်ဘူးလား... နားလည်မှုလွဲတာ ဖြစ်နိုင်မလား"
အဘွားအို ပြောလိုက်သည်။"နားလည်မှုလွဲတာ မရှိပါဘူး... ဘာလို့လဲဆိုတော့ သူတို့ ဒီနေရာကို ရောက်လာတုန်းက ချက်ချင်း ဒီနေရာကို ပစ်မှတ်ထားလိုက်ကြတာ.."
"သူတို့က မင်းကို လာရှာရုံတင် မဟုတ်ဘူး... မင်း ဘယ်ဧည့်သည်တော် အခန်းမှာ တည်းခိုနေလဲ ဆိုတာကိုပါ သိနေကြတယ်"
ချင်းကျောက် ကြောင်အသွားခဲ့ရသည်။
နန်းတော်က ကျင့်ကြံသူတွေ သူမဆီ လာရောက်ခဲ့ဖူးတာ သူမ ရုတ်တရက် သတိရလိုက်၏။
နန်းတော်က လူတွေပဲ သူမ ဘယ်မှာ နေလဲ ဆိုတာ သိကြလေသည်။
"သူတို့ ဘာလိုချင်တာလဲ" ချင်းကျောက် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "သူတို့က ငါ သွားတွေ့တာကို စောင့်ဖို့ ပြင်ဆင်နေကြတာလား"
အဘွားအို ချင်း ပြန်ဖြေသည် - "ငါ မသေချာဘူး။ ဖြစ်နိုင်တာက အဲဒီလို ဖြစ်မှာပေါ့.."
ချင်းကျောက် ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
"ကောင်းပြီ" သူမ ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ"အကယ်၍ ဒီလူတွေက ငါ့ကို ပြဿနာ လာရှာတာ ဆိုရင် သူတို့ရဲ့ ခွန်အားနဲ့ သူတို့ဆီကနေ ပုန်းရှောင်လို့ ရမယ့် နည်းလမ်း မရှိပါဘူး.... အဲဒီလို ဖြစ်နေမှတော့ အပြင်ထွက်ပြီး ပွင့်ပွင့်လင်းလင်း သွားကြည့်တာ ပိုကောင်းမယ်... သူတို့ ဘယ်သူတွေလဲ ဆိုတာ ငါ တကယ် သိချင်တယ်"
ဒါကို ကြားတော့ အဘွားအို ချင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမ ဘဝမှာ တွေ့ဖူးသမျှ လူတွေထဲမှာ အသတ္တိအရှိဆုံး လူက ချင်းကျောက်ပင်။
အကယ်၍ တခြားလူ တစ်ယောက်သာ ဆိုရင် ဒီလို အကျပ်အတည်းမျိုးမှာ ထွက်ပြေးဖို့ ကြိုးစားကြမည်ပင်။
ထွက်ပြေး လွတ်မြောက်နိုင်ခြေ ဘယ်လောက်ပဲ နည်းပါးပါစေ သူတို့က ဒီအတိုင်း အလဟဿ အဖြစ်ခံကြမှာ မဟုတ်ချေ။
ဒါပေမဲ့ ဒီချင်းကျောက်က ကြောက်ရွံ့ခြင်း မရှိပေ။ ဘာလို့ သူမဆီမှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး မရှိရတာလဲ ဆိုတာတော့ အဘွားအိုချင် နားမလည်နိုင်ပေ။
'သူမ သေရမှာ မကြောက်ဘူးလား....'
'ချင်းမိသားစုတစ်ခုလုံး ပါဝင်ပတ်သက်သွားမှာကို သူမ မကြောက်ဘူးလား...'
လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း ချင်းကျောက် လုပ်ခဲ့တဲ့ အရာအားလုံးကို ပြန်တွေးကြည့်တော့ ဒီကလေးမလေးက သေရမှာ တကယ် မကြောက်ပုံရတာ တွေ့လိုက်ရလို့ အဘွားအို ချင်း အံ့သြသွားခဲ့ရသည်။
ဒီကလေးမလေးက သူမ အသက်ကို ဂရုမစိုက်ပုံ ရပြီး သူမဆီမှာ မှီခိုစရာ တစ်ခုခု ရှိနေသလိုမျိုးပင်။
အကြောင်းရင်းက ဘာလဲဆိုတာတော့ သူမ မသိပါပေ။
ဝိညာဉ်အကြွင်းအကျန် အခြေအနေမှာ ရှိနေတဲ့ အဘွားအို တစ်ယောက် အနေနဲ့ သူမဟာ ချင်းကျောက်ကို နှုတ်နဲ့ပဲ သတိပေးနိုင်ပြီး ချင်းကျောက် တစ်ခုခု လုပ်တာကို သူမ တားဆီးလို့ မရနိုင်ချေ။
ထို့နောက် ချင်းကျောက်ဟာ ဝှိုက်တီကို ဧည့်သည်တော် အခန်းထဲကနေ ခေါ်ထုတ်လာပြီး တည်းခိုခန်းရဲ့ သစ်သား လှေကားအတိုင်း ဆင်းလာခဲ့သည်။
သူမတို့ ရှေ့မှာ ကျင့်ကြံသူ တော်တော်များများ ရှိနေကြပြီး ခွက်ချင်းတိုက်ကာ တစ်ယောက်နဲ့ တစ်ယောက် တာအိုမိတ်ဆွေလို့ ခေါ်ဝေါ်နေခဲ့ကြသည်။
တချို့က ဝိညာဉ် ဝိုင် သောက်ပြီး မူးနေကြကာ အော်ဟစ်နေကြလေသည်။
တချို့ကလည်း အားပါးတရ စားသောက်နေခဲ့ကြသည်။
အကယ်၍ သူတို့ ခန္ဓာကိုယ်ပေါ်က ဝိညာဉ်စွမ်းအင် အတက်အကျတွေနဲ့ လူတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ စိတ်နေသဘောထားကြောင့်သာ မဟုတ်ရင် လူတချို့က သူတို့ အားလုံးကို သာမန်လူတွေလို့ ထင်ကောင်း ထင်ကြပေလိမ့်မည်။
နေပြည်တော်ထဲမှာ အားနည်းတဲ့ ကျင့်ကြံသူတွေက တကယ်တော့ သာမန်လူတွေနဲ့ အတူတူပင်ဖြစ်ကာ သူတို့က သိပ်တန်ဖိုးမရှိလှပေ။
"ကလေးမလေး...မင်းရဲ့ ဘယ်ဘက်မှာ စားပွဲဝိုင်း နှစ်လုံး ရှိတယ်"
အဘွားအို ချင်းရဲ့ အချိန်မီ သတိပေးမှုက ချင်းကျောက်ကို အဲဒီဘက်သို့ အကြည့် ရွှေ့သွားစေခဲ့သည်။
မကြာမီ သူမ မသိတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်က အိုမင်းနေသည့် အဘွားအို တစ်ယောက်နဲ့ တူပြီး နောက်တစ်ယောက်က ငယ်ရွယ်ပုံ ပေါက်နေခဲ့ကာ သူမနှင့် ရွယ်တူလောက် ရှိပုံရလေသည်။
"နှစ်ယောက်တည်းလား" ချင်းကျောက် အသံတိုးတိုးနဲ့ မေးလိုက်၏။
"ကျန်တဲ့ နှစ်ယောက်က အမှောင်ထဲမှာ ပုန်းနေကြတယ်... သူတို့က အဲဒီ လူငယ် ကျင့်ကြံသူကို ကာကွယ်ဖို့ အမှောင်ထဲမှာ ရှိနေကြတာ ဖြစ်မယ်... ဒါက ဆိုလိုတာက မင်းနဲ့ ရွယ်တူ ဖြစ်တဲ့ ဒီကျင့်ကြံသူရဲ့ ကိုယ်ပိုင်အမှတ်အသားက ရိုးရှင်းမှာ မဟုတ်ဘူး"
"ဒါ့အပြင်... သူမဆီကနေ အရှိန်ဝါတစ်ခုကို အာရုံခံမိတယ်... အဲဒါက မင်းဆက်တစ်ခုရဲ့ တော်ဝင်မိသားစုကပဲ ပြုစုပျိုးထောင်ပေးနိုင်တဲ့ အရှိန်ဝါမျိုးပဲ"
အဘွားအို ချင်းရဲ့ စကားတွေကို ကြားတော့ ချင်းကျောက်ရဲ့ မျက်နှာပေါ်မှာ အံ့သြမှုတို့ ပြည့်နှက်သွားခဲ့သည်။
'တော်ဝင်မိသားစု...'
'မဟာဝေ မင်းဆက်ရဲ့ တော်ဝင်မိသားစုလား...'
အစက မဟာဝေ မင်းဆက်ရဲ့ တော်ဝင်မိသားစုနဲ့ ဘယ်လို ရင်းနှီးအောင် လုပ်ရမလဲ ဆိုတာ သူမ စဉ်းစားနေခဲ့ပြီး အခုတော့ သူတို့က သူမကို လာရှာနေခဲ့သည်။
'အင်း...ဖြစ်နိုင်တာက ဒီလူမှာ သူမရဲ့ စိတ်ကို ဖတ်နိုင်တဲ့ စွမ်းရည်ရှိပြီး ဒီလောက် ဝေးကွာတဲ့ နေရာကနေ သူမရဲ့ အတွေးတွေကို ဖတ်နိုင်တာလား...'
ရယ်စရာကောင်းတဲ့ ခန့်မှန်းချက်တွေက ချင်းကျောက်ရဲ့ စိတ်ထဲ ပေါ်လာခဲ့သည်။
သို့သော် သူမ မျက်နှာပေါ်မှာ သံသယတွေ ပြည့်နှက်နေခဲ့သည်။
ဒါ့အပြင်... သူမနဲ့ ရွယ်တူ အမျိုးသမီး မသေမျိုးကျင့်ကြံသူက သူမကို မြင်လိုက်တဲ့ အခါမှာ...
တစ်ဖက်လူရဲ့ မျက်နှာပေါ်က အမူအရာက ချက်ချင်း တောင့်တင်းသွားသလို ဖြစ်သွားတာကို ချင်းကျောက် သတိပြုမိလိုက်၏။
၎င်းက သရဲတစ္ဆေ တစ်ကောင် မြင်လိုက်ရသလိုပင်။
ဒါက ချင်းကျောက်ကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေခဲ့သည်။ သူမ စိတ်ထဲမှာ မရပ်မနား ရေရွတ်နေမိလိုက်သည်။ 'ငါ့ရဲ့ ပုံပန်းသဏ္ဍာန်မှာ ဘာမှားယွင်းတာမှ မရှိပါဘူးနော်...'
'သူမရဲ့ အမူအရာက ဘာဖြစ်တာလဲ'
'ထူးဆန်းတယ်...'
...