အခန်း ၁၁၂ : ဖူရွှမ်နီ၏ စိတ်ထဲမှ ကျင့်ကြံသူပိုင်၏ ပုံပန်းသဏ္ဍာန်
သူမ (၁၂) နာရီသာ စောင့်ဆိုင်းရန် လိုအပ်ပေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင် တစ်ခတ်အတွင်း နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။
ဖူရွှမ်နီဟာ တစ်ညလုံး အနားမယူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုမှ ထွက်လာသောအခါ သူမ၏ မောပန်းနွမ်းနယ်နေသည့် စိတ်အာရုံက တက်ကြွလန်းဆန်းလာပြီး အနည်းငယ်မျှ မောပန်းခြင်း မရှိသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်၏။
နေ့ခင်းဘက်တွင်.....
ခရိုင်ရုံးဟာ အလွန် စည်ကားခဲ့ပြီး အရာရှိငယ်များနှင့် အမှုထမ်းအားလုံး ခရိုင်ရုံးသို့ ပြန်ရောက်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် နံနက်စောစော သူတို့ နိုးထလာသောအခါ ပြည်နယ်အစိုးရမှ အရေးကြီး ပုဂ္ဂိုလ်အချို့ ချင်းဟယ် ခရိုင်သို့ ရောက်ရှိနေကြောင်း သူတို့ သိရှိလိုက်ရသောကြောင့်ပင်။
မြို့ပိုင်မင်းပင်လျှင် ပြည်နယ်အစိုးရမှ ထိုအရာရှိများကို လေးစားသမှု ရှိရသည် မဟုတ်ပါလော....
'ရှူး...'
အကယ်၍ သူတို့ ခရိုင်ရုံးသို့ အလျင်စလို သွားရောက် သတင်းမပို့ပါက အရာရှိများထံမှ စကားတစ်ခွန်းသာ လိုအပ်ပြီး ဤအရာရှိငယ်များနှင့် အမှုထမ်းများဟာ အလုပ်ပြုတ်သွားနိုင်ပေသည်။
ထို့ကြောင့် သူတို့၏ အလုပ်အကိုင်များကို ထိန်းသိမ်းရန်နှင့် ပြည်နယ်မြို့တော်မှ အရာရှိများ၏ ရှေ့တွင် ကောင်းမွန်သော ပုံရိပ် တစ်ခု ရရှိစေရန်အတွက် သူတို့ဟာ အတိတ်က သူတို့၏ အချိန်ဆွဲခြင်းနှင့် ပျင်းရိခြင်းများကို ဖယ်ရှားပစ်လိုက်ကြ၏။ ယခုအခိုက်တန့်၌ သူတို့အားလုံးဟာ မိမိကိုယ်ကို ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေခဲ့ကြလေသည်။
လူအများအပြားဟာ သူတို့၏ စိတ်ထဲတွင် စိတ်ကူးယဉ်နေခဲ့ကြသည်။ 'အကယ်၍ ငါတို့သာ အရာရှိတွေရှေ့မှာ အလွန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ရင်... ငါတို့ အရာရှိတွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မလား...'
ထိုအချိန်ကျလျှင် အရာရှိများက သူတို့ကို ဆုချီးမြှင့်ရန် မလိုအပ်လျှင်ပင် အရာရှိများထံမှ ချီးကျူးစကား တစ်ခွန်းတည်းနှင့်ပင် သူတို့ ခရိုင် အရာရှိများနှင့် အမှုထမ်းများအတွက် ထိပ်ဆုံးသို့ တက်လှမ်းရန်လုံလောက်ပေသည်။
ခြေလှမ်း တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းခြင်းပင်။
ဤအရာရှိငယ်များနှင့် အမှုထမ်းများ၏ အတွေးများကို သူတို့၏ ခေါင်းပေါ်တွင် ရေးထားသကဲ့သို့ ထင်ရှားနေရာ ဖူရွှမ်နီ မည်သို့ မမြင်ဘဲ နေနိုင်ပါမည်နည်း။
သို့သော် ၎င်းက ကောင်းမွန်ပေသည်။
သူတို့၏ စိတ်အားထက်သန်မှုက အလွန် အကျိုးစီးပွားဆန်သော်လည်း သူတို့ကို ပျင်းရိခွင့် ပေးထားခြင်းထက် ပိုကောင်းပေသည်။
ချင်းဟယ် ခရိုင်မှ အရာရှိငယ်များနှင့် အမှုထမ်းများဟာ အများအားဖြင့် သာမန်လူများသာ ဖြစ်ကြသည်။ အများဆုံး သူတို့ဟာ သိုင်းပညာအချို့ တတ်မြောက်ပြီး အတွင်းအားအချို့ ရှိကြသည်သာ ဖြစ်လေသည်။
ထို့ကြောင့် မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို စုံစမ်းစစ်ဆေးရန် ဤလူများကို စေခိုင်းခြင်းမှာ မဖြစ်နိုင်ပေ။
၎င်းက သူတို့ကို မီးတွင်းထဲသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်သွားမည်ဖြစ်ကာ အသက်ပေါင်း မည်မျှ ဆုံးရှုံးသည် ဖြစ်စေ လုံလောက်မည် မဟုတ်ပေ။
ထို့ကြောင့် ဖူရွှမ်နီ၏ မျက်လုံးထဲတွင် ခရိုင်ထဲမှ လူများကို အောက်ခြေသိမ်း အလုပ်သမားများကဲ့သို့သာ ဆက်ဆံနိုင်ပေသည်။
သူမဟာ အမှုထမ်း ထက်ဝက်ခန့်ကို ချင်းဟယ် ခရိုင်၏ ဝင်ပေါက်တွင် စောင့်ကြပ်ရန် အမိန့်ပေးလိုက်သည်။
ဝင်ရောက်လာသူများနှင့် ထွက်ခွာသွားသူများကို မှတ်ပုံတင်ရန် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် သူမဟာ အဘိုးလျူ၏ ဆေးဆိုင်သို့ပင် ကိုယ်တိုင် သွားရောက်ခဲ့သည်။
ချင်းဟယ် ခရိုင်ထဲမှ မိစ္ဆာကျင့်ကြံသူများက ဤနေရာတွင် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခဲ့ကြသဖြင့် သူမ အခြား သဲလွန်စအချို့ကို ရှာတွေ့ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။
"သခင်မ..." ပိရွှိဟာ ဖူရွှမ်နီ၏ ကိုယ်ပိုင်အမှတ်အသား အစစ်အမှန်ကို မသိရှိပေ။ ထိုကြောင့် ဤအချိန်တွင် သူဟာ ဖူရွှမ်နီကို သခင်မဟုသာ ခေါ်ဆိုခဲ့သည်။
သူ လေးစားစွာ ပြောလိုက်၏။"ဒါက ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ နေရာပါ...အဲဒီနေ့တုန်းက မြင့်မြတ်သောနှလုံးသားနန်းတော်က မိစ္ဆာကျင့်ကြံသူက ဆေးဆိုင်ထဲက ဆိုင်အကူ တစ်ယောက်ကို သတ်ခဲ့ပါတယ်"
"ဒီနေရာမှာ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ခရိုင်က လူတွေ ကြားသိရတဲ့အခါ သူတို့ စုံစမ်းစစ်ဆေးဖို့ လူအမြောက်အမြား စေလွှတ်ခဲ့ပါတယ်... အဲဒီအထဲက တစ်ယောက်က ခရိုင်က မှုခင်းဆေးပညာရှင်တစ်ယောက်ပါ...ပြီးတော့ အဲဒီ မှုခင်းဆေးပညာရှင်က ရုပ်ဖျက်ထားတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်"
"အဲဒီအချိန်တုန်းက...ကျွန်တော်တို့ သူ့ဆီမှာ ဘာမှားယွင်းမှုမှ မတွေ့ရှိခဲ့ပါဘူး.... သူ့ရဲ့ အရှိန်ဝါကို ဖုံးကွယ်နိုင်စွမ်းက တစ်အားကောင်းမွန်ပါတယ်"
"ပြီးတော့..."
ပိရွှီ ဤစကားကို ပြောသောအခါ တွန့်ဆုတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းနောက်တွင် ဖြစ်ပျက်ခဲ့သော အရာက ထို ကျင့်ကြံသူ ပိုင်နှင့် ပတ်သက်နေသောကြောင့် ဖြစ်၏။
ပိရွှီဟာ ပိုင်ယီကို အလွန် လေးစားလေသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍သာ ပိုင်ယီ မရှိခဲ့ပါက ခရိုင်ရုံးဟာ မိစ္ဆာကျင့်ကြံသူများ၏ ထိုးဖောက်ဝင်ရောက်မှုကို ခံရပြီး ဆန်ကာပေါက်ကဲ့သို့ ဖြစ်သွားသည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။
အကယ်၍သာ ပိုင်ယီ၏ အချိန်မီ ကူညီမှု မရှိခဲ့ပါက ချင်းဟယ် ခရိုင်ဟာ မိစ္ဆာ အသိုက်အမြုံအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ထို့အပြင် သူဟာ ချင်းဟယ် ခရိုင်၏ ဧည့်သည်တော် ဝန်ကြီးတစ်ဦး အနေဖြင့် သေချာပေါက် နန်းတော်၏ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။ သို့မဟုတ် ပိုဆိုးပါက သူ ကွပ်မျက်ခြင်းပင် ခံရနိုင်ပေသည်။
အကြောင်းတရားနှင့် အကျိုးတရားတို့၏ အပြန်အလှန် ဆက်နွယ်မှုကို ကြည့်လျှင်...
ပိုင်ယီဟာ သူ့အသက်သခင် ကျေးဇူးရှင်ဖြစ်သည်ဟု ပြောလျှင်ပင် မလွန်ချေ။
"ဘာဖြစ်တဲ့အထိလဲ"
ဖူရွှမ်နီ ဤစကားကို ကြားသောအခါ ပိရွှီကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
သူမ မေးလိုက်၏ "မနေ့ညတုန်းက ရှင်နဲ့ မြို့ပိုင်မင်း ပြောခဲ့တဲ့ လူလား... ချင်းဟယ် ခရိုင်ကို ကပ်ဘေးကနေ ကယ်တင်ခဲ့တဲ့ အဲဒီ ကျင့်ကြံသူ ပိုင် ဆိုတာလား"
ပိရွှီဟာ ဖူရွှမ်နီက အမှန်တရားကို စကားတစ်ခွန်းတည်းနှင့် ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် သူ့စိတ်ထဲတွင် ခါးသီးစွာ မပြုံးဘဲ မနေနိုင်တော့ပေ။
ဤအချိန်တွင် သူဟာ ရိုးသားမှသာ ဖြစ်မည် ဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့အား ပြောပြလိုက်ရသည်။
ဥပမာအားဖြင့် ပိုင်ယီကို မှုခင်းဖြစ်ပွားရာ နေရာသို့ ဖိတ်ခေါ်ခဲ့ပြီး သူ ပြန်သွားသောအခါ မိစ္ဆာကျင့်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင် သူဟာ မိစ္ဆာကျင့်ကြံသူ အားလုံးကို သတ်ဖြတ်ခဲ့ပြီး ထိုရုန်းရင်းဆန်ခတ် ဖြစ်မှုကြောင့် ခရိုင်ရုံးမှ အမှုထမ်းများကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့နောက် ခရိုင်ရုံးက ပိုင်ယီကို ကူညီပေးရန် တောင်းဆိုခဲ့လေသည်။
ပိုင်ယီကလည်း သူတို့ကို ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။
ဒါပေါ့ ပိရွှီဟာ သူတို့အတွက် အနည်းငယ် အားနည်းချက် ဖြစ်စေသည့် အရာအချို့ကိုမူ ထည့်သွင်းမပြောပြခဲ့ပေ။
နောက်ဆုံးတွင် သူဟာ ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။ "သခင်မ...အဲဒီလို ဖြစ်သွားတာပါ.... အခြေခံအားဖြင့် မိစ္ဆာကျင့်ကြံသူတွေရဲ့ အစီအစဉ်တွေနဲ့ ပူးပေါင်းကြံစည်မှုတွေကို ဖြိုခွင်းခဲ့တာ ကျင့်ကြံသူ ပိုင် ပါပဲ"
"ဒါဆိုရင် ဒီကျင့်ကြံသူ ပိုင်က မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ အကြောင်း ရှင်တို့ထက် ပိုသိနေတာပေါ့..."
ဖူရွှမ်နီ ခဏလောက် စဉ်းစားပြီး ထပ်မေးလိုက်၏။ "သူ ဘယ်မှာ နေလဲ"
နံနက်ခင်းတွင်...
ခရိုင် အမှုထမ်း တစ်သိုက်၏ အစောင့်အရှောက်ဖြင့် ဖူရွှမ်နီဟာ ပိုင်ယီ၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။
"မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းခဲ့တဲ့ ကျင့်ကြံသူ ပိုင်က ဒီနေရာမှာ နေတာလား"
ဖူရွှမ်နီ သူမရှေ့က အိမ်ကို ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။
သူမ နောက်မှ ပိရွှီ ပြန်ဖြေလိုက်သည်။ "သခင်မ... ကျင့်ကြံသူ ပိုင်က တခြား မသေမျိုးကျင့်ကြံသူတွေနဲ့ မတူပါဘူး.... သူ့နေအိမ် ဘယ်လောက် ခမ်းနားထည်ဝါလဲ ဆိုတာ သူ ဂရုမစိုက်သလို ဂုဏ်သတင်းကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာဆိုတာတွေကိုလည်း သူက ဂရုမစိုက်ပါဘူး"
"သြော် ငါ သိပြီ"
ဖူရွှမ်နီ ခေါင်းငြိမ့်လိုက်၏။ သူမ၏ စိတ်ထဲတွင် ထိုလေလွှင့်ကျင့်ကြံသူ၏ ပုံပန်းသဏ္ဍာန် ပေါ်လာခဲ့သည်။
သူ့တွင် ဆံပင်ဖြူများ ရှိမည်ဖြစ်ကာ သူ့အဝတ်အစားများက ရိုးရှင်းကာ သူ့မျက်နှာကလည်း ဖော်ရွေနေပေမည်။
သို့ပေမဲ့ သူ့ခွန်အားက သာမန် ဖြစ်မည် မဟုတ်ပေ။
သူမ အိမ်တံခါးကို ခေါက်လိုက်ရာ သူမ မျှော်လင့်စောင့်စားနေသည့် ကျင့်ကြံသူပိုင် လမ်းလျှောက် ထွက်လာသောအခါ ဖူရွှမ်နီ၏ စိတ်ထဲရှိ ပုံရိပ်ဟာ ချက်ချင်း ပျက်စီးသွားခဲ့ရလေတော့သည်။