အခန်း ၁၁၀ : မိစ္ဆာအမြုတေထဲမှ ဝိညာဥ်အကြွင်းအကျန်၊ ဖူရွှမ်နီ သေဆုံးခြင်း
[အသက် ၁၃ နှစ် - သင့်ကံဆိုးနေတာလား သေချာ မသိသော်လည်း ချီစုစည်းမှု အဆင့် (၅) မိစ္ဆာသားရဲ တစ်ကောင် သင့်အနား ဖြတ်သန်းသွားပြီး သင့်ကို တွေ့ရှိသွားခဲ့သည်။]
[တစ်ဖက်လူက သင့်ကို သားကောင်အဖြစ် သဘောထားပြီး သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။]
[အရေးကြီးသော အခိုက်အတန့်တွင် သင့်၏မွေးရာပါ ပါရမီဖြစ်သည့် တိုက်ခိုက်မှု ပြန်ကန်ထွက်ခြင်းက ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ရန်သူ မိစ္ဆာသားရဲ၏ သေစေနိုင်သည့် တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။ ထို့နောက် သင့်၏ နောက်ထပ် တိုက်ခိုက်မှုက တစ်ဖက်လူကို ကြီးမားသော ထိခိုက်မှု ပေးစွမ်းနိုင်ခဲ့သည်။]
[ရန်သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်]
ညဘက်တွင်။
ဖူရွှမ်နီဟာ သူမရှေ့က နွားမိစ္ဆာကို ကြည့်ပြီး အမောဖြေနေခဲ့သည်။ ရန်သူက လူတစ်ဝက် နွားတစ်ဝက် ပုံစံရှိနှင့် အလွန် ထူးဆန်းသည့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်၏။ ၎င်း၏ ခေါင်းနှင့် ခြေထောက်မှာ နွားခေါင်းနှင့် နွားခွာများဖြစ်ပြီး ကိုယ်ခန္ဓာက လူ့ခန္ဓာကိုယ် ဖြစ်နေခဲ့သည်။
အကယ်၍ အရေးကြီးသော အခိုက်အတန့်တွင် တိုက်ခိုက်မှု ပြန်ကန်ထွက်ခြင်းသာ မရှိခဲ့လျှင် သူမ ဒီနွားမိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပေပြီ။
သူမက လမင်းကျီးကန်း တစ်ကောင်သာ ဖြစ်ပြီး တုန်လှုပ်ဖွယ်ရာ သွေးမျိုးဆက် ပိုင်ဆိုင်သည့် မိစ္ဆာသားရဲ တစ်ကောင် မဟုတ်ပေ။
ထို့ကြောင့် သူမ၏ မွေးရာပါ ပါရမီ အကူအညီ မပါဘဲ သူမထက် အဆင့်မြင့်သည့် ရန်သူကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။
ဒီတစ်ခါ၌ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့သည်ဟု ဆိုရပေမည်။
ဖူရွှမ်နီဟာ နွားမိစ္ဆာကို သေစေနိုင်သည့် တိုက်ခိုက်မှု တစ်ခု ပေးလိုက်ရာ ၎င်းဟာ ဒေါသတကြီး စိုက်ကြည့်လျက် ဇီဝန်ချုပ်သွားခဲ့ရသည်။
ဒီနွားမိစ္ဆာက လူသား တစ်ယောက်နဲ့ တူလွန်းနေသဖြင့် ဖူရွှမ်နီ စားချင်စိတ်မရှိပေ။
အကယ်၍ သာမန် နွားမိစ္ဆာ တစ်ကောင်သာ ဆိုရင် သူမ ဒုတိယအကြိမ် ပြန်မစဉ်းစားဘဲ စားလိုက်မှာဖြစ်ပြီး ကံမကောင်းစွာနဲ့ ဒီလို ပုံပန်းသဏ္ဍာန်ဖြစ်နေခဲ့၏။
အကယ်၍ နွားခေါင်းနဲ့ အောက်က နွားခွာတွေကို လစ်လျူရှုလိုက်ရင် ၎င်းကလူတစ်ယောက်ကို စားနေရသလို ခံစားနေရမည်ပင်။
"ဒဏ်ရာတွေက နည်းနည်း ပြင်းတယ်..."
"မကောင်းဘူး..."
ဖူရွှမ်နီဟာ သူမခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကနေ နာကျင်မှုကို ခံစားလိုက်ရသည်။ ဒီတိုက်ပွဲမှာ သူမ ဒဏ်ရာရရှိခဲ့သည်မှာ သဘာဝကျပေသည်။
သူမဟာ သူမ၏ ဂူသို့ ပြန်သွားပြီး ယခင်က စုဆောင်းထားသည့် ဝိညာဉ်ဆေးပင် အချို့ကို ထုတ်ယူလိုက်သည်။
ထို့နောက် သူမ၏ နှုတ်သီးကို အသုံးပြုပြီး ဝိညာဉ်ဆေးပင်များကို ဂရုတစိုက် ဆိတ်ဖဲ့ကာ ဒဏ်ရာများပေါ်တွင် သတိထားပြီး အုံပေးလိုက်လေသည်။
သို့သော် သူမ၏ ဒဏ်ရာများက ပြင်းထန်လွန်းရာ ဒီအဆင့်နိမ့် ဝိညာဉ်ဆေးပင်တွေကို မှီခိုပြီး ဒဏ်ရာတွေကို သက်သာအောင် လုပ်ဖို့ ခက်ခဲပေသည်။
ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာမျိုးနဲ့ အကယ်၍ သူမသာ အချိန်မီ မကုသရင် အသက် အန္တရာယ် ရှိလာနိုင်ခြေ များလေသည်။
သူမ အံကြိတ်လိုက်ပြီး စွန့်စားကာ မိစ္ဆာ အမြုတေကို အသုံးပြုကာ ကုသဖို့ ဆုံးဖြတ်လိုက်သည်။
[သင် မိစ္ဆာ အမြုတေကို နောက်တစ်ကြိမ် အသုံးပြုခဲ့သည်။ မိစ္ဆာ အမြုတေက သင့်ကျင့်ကြံမှုကို အထောက်အကူ ပြုနိုင်ရုံသာမက ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာမှုကိုလည်း မြန်ဆန်စေသည်။ သင့်ဒဏ်ရာများက တိုတောင်းသော (၃) ရက် အတွင်း လုံးဝ ပျောက်ကင်းသွားခဲ့သည်။]
[သို့သော် သင် အိပ်ပျော်နေစဉ် ထူးဆန်းသည့် အသံကို နောက်တစ်ကြိမ် ကြားလိုက်ရကြောင်း မကြာမီ သင် တွေ့ရှိလိုက်သည်။]
[ဒါ့အပြင် ဒီတစ်ခါ အသံက ရှင်းလင်းပြတ်သားနေခဲ့သည်။]
[သင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်]
[ဒါပေမဲ့...နောက်ကျသွားပေပြီ]
"သင် အိပ်ပျော်နေစဉ် မိစ္ဆာသားရဲ တစ်ကောင်၏ ဝိညာဉ်အကြွင်းအကျန်ကို အိမ်မက်မက်ပြီး တစ်ဖက်လူက မိစ္ဆာအမြုတေ ပိုင်ရှင်နှင့် တူညီနေကြောင်း တွေ့ရှိလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ ထိုရွှေအမြုတေ မိစ္ဆာသားရဲ၏ ဝိညာဉ်အကြွင်းအကျန် ဖြစ်နေခဲ့သည်]
[သင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိပြီး အိမ်မက်ထဲမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း သင့်ကြိုးစားမှုက အရာမထင်ခဲ့ချေ။]
[ရွှေအမြုတေ မိစ္ဆာသားရဲ၏ ဝိညာဉ်အကြွင်းအကျန်က သင့်ဝိညာဉ်ကို ဝါးမျိုးနေခဲ့သည်။]
[တစ်ပတ် ကုန်ဆုံးသွားသော်လည်း သင်ဟာ အိမ်မက်ထဲမှ မထွက်နိုင်သေးပေ။ ရွှေအမြုတေ မိစ္ဆာသားရဲ၏ ဝိညာဉ်အကြွင်းအကျန်က သင့်ဝိညာဉ်ကို ဖြည်းညှင်းစွာ ဝါးမျိုးနေဆဲ ဖြစ်သည်။]
[သင့်ဝိညာဉ်ကို တစ်ဖက်လူက တဖြည်းဖြည်း ဝါးမျိုးနေသည်ကိုသာ ကြည့်နေရုံသာ တက်နိုင်ခဲ့သည်]
[ရွှေအမြုတေ မိစ္ဆာသားရဲ၏ ဝိညာဉ်အကြွင်းအကျန်က သင့်ဝိညာဉ်နှင့် မှတ်ဉာဏ်ကို ဝါးမျိုးတော့မည့် အချိန်တွင် သင့်ဝိညာဉ်က လုံးဝ ပြိုလဲပျက်စီးသွားခဲ့သည်]
[သင် သေဆုံးသွားခဲ့သည်]
[အသက် - ၁၃ နှစ်၊ ၀၆ လ၊ ၀၁ ရက်]
...
'ဘုန်း..'
ဒီအချိန်တွင် ဖူရွှမ်နီ၏ ခေါင်းက ပေါက်ကွဲထွက်သွားမတတ် ခံစားလိုက်ရသည်။ သေခြင်းတရား၏ အရသာက သူမအတွက် ဆိုးရွားလွန်နေခဲ့သည်။ သူမဘဝမှာ အဲဒီ ခံစားချက်မျိုးကို ဒုတိယအကြိမ် မကြုံတွေ့ချင်တော့ပေ။သို့ပေမဲ့ ဒုတိယအကြိမ် ကြုံတွေ့ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူမ ခံစားလိုက်ရသည်။
'ဘာပဲဖြစ်ဖြစ် လူတစ်ယောက်က သေပြီးရင် ထပ်သေလို့ ရသေးလို့လား...'
'ဟမ်...ခဏ နေဦး....'
'ဘာလို့ ငါတွေးတောနိုင်သေးတာလဲ...'
"ငါ..."
"ငါ သေသွားပြီ မဟုတ်ဘူးလား"
ကြည်လင်ပြတ်သားပြီး ရင်းနှီးသည့် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသောအခါ ဖူရွှမ်နီ ကြောင်အသွားခဲ့သည်။
သူမ ဒီရင်းနှီးသည့် အသံကို မကြားရတာ (၁၀) နှစ်ကျော်ပေပြီ။
ဒါက သူမရဲ့ မူလအသံ..... လူသား ဖြစ်တုန်းက ရှိခဲ့တဲ့ အသံပင်။
ဖူရွှမ်နီ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ရာ သူမရှေ့က ရင်းနှီးသလိုခံစားရသည့် ပတ်ဝန်းကျင်က သူမကို အိမ်မက်မက်နေသလို ခံစားရစေခဲ့သည်။
"ငါ..."
"ငါ ပြန်ရောက်လာတာလား..."
သူမဟာ ခရိုင်ရုံးထဲက ရင်းနှီးသည့် ဧည့်သည်တော် အခန်းထဲ ပြန်ရောက်လာကြောင်း တွေ့ရှိလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။
ဖူရွှမ်နီ သူမမျက်နှာကို စမ်းကြည့်လိုက်ရာ တကယ် လူသားမျက်နှာ ဖြစ်နေကြောင်း သိလိုက်ရ၏။
ထို့အပြင် သူမဆီမှာ မည်းနက်တဲ့ အတောင်ပံတွေ မရှိတော့ပဲ ထိုအစား လက်တစ်စုံ ရှိနေခဲ့သည်။
သူမရဲ့ နှုတ်သီးလည်း မရှိတော့ပေ။
သူမ၏ အခြေတည်အဆင့် ကျင့်ကြံမှု နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာပြီး သူမ၏ ထူးကဲသည့် ကျင့်ကြံမှုကို ပြန်လည် ရရှိခဲ့သည်။
သူမဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အကြောင်းနှင့် လွန်ခဲ့သော အချိန်အကြာကြီးက မြင်တွေ့ခဲ့ရသည့် စာသားတို့ကို ရုတ်တရက် သတိရလာခဲ့သည်။
[အကယ်၍ သင်ဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သေဆုံးသွားပါက လက်တွေ့ဘဝကို ထိခိုက်စေမည် မဟုတ်ပါ။]
'ဒီစာကြောင်းက တကယ် ဖြစ်လာခဲ့တာပဲ...'
"ဒါဆို အဲဒီကမ္ဘာထဲမှာ ငါကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက အိမ်မက်တစ်ခုပေါ့"
ဖူရွှမ်နီ ဒီလို ခန့်မှန်းလိုက်ပေမယ့် ချက်ချင်း ငြင်းပယ်လိုက်၏။
"မဖြစ်နိုင်ဘူး.."
"အကယ်၍ အိမ်မက်သာ ဆိုရင် ဘယ်လိုလုပ် ဒီလောက် အစစ်အမှန်နဲ့ တူနေရတာလဲ... နာကျင်မှုကိုတောင် သိပ်ရှင်းရှင်းလင်းလင်း ခံစားခဲ့ရတာ... ဒါ့အပြင် ငါ အဲဒီကမ္ဘာထဲမှာ ကျီးကန်း တစ်ကောင်ဘဝနဲ့ (၁၀) နှစ်ကျော် နေထိုင်ခဲ့တာလေ"
"ပြီးတော့ ဘယ်အိမ်မက်က အချိန်ကာလကို ထိန်းချုပ်နိုင်လို့လဲ"
"ဒါဆိုရင်..."
"အဲဒါတွေ အားလုံးက အစစ်အမှန်တွေပဲ..."
'ရှူး'
၎င်းက သူမကို ကျီးကန်း တစ်ကောင် အဖြစ် ပြောင်းလဲပေးနိုင်သလို သူမကို လူသား တစ်ယောက် အဖြစ်လည်း ပြန်ပြောင်းပေးနိုင်လေသည်။
ဒါ့အပြင် ဧည့်သည်တော် အခန်းထဲမှာ ဘာမှ ပြောင်းလဲခြင်း မရှိတာကို ဖူရွှမ်နီ သတိထားမိလိုက်၏။
'ဆိုလိုတာက လက်တွေ့ကမ္ဘာက အချိန်တွေ မကုန်ဆုံးသွားဘူးဆိုတဲ့ သဘောလား...'
'ဒါမှမဟုတ်.. မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက အချိန်တွေက မြန်နေခဲ့တာလား..'
'အချိန် ထိန်းချုပ်နိုင်မှု....ဒါက ဘယ်လို နတ်ဘုရဘုရား စွမ်းအားမျိုးလဲ..'
မဟာယန် မင်းဆက်ရဲ့ မင်းသမီး ဆိုတဲ့ သူမရဲ့ ဂုဏ်ပုဒ်က ဒီလို ကြီးမြတ်တဲ့ နတ်ဘုရားအစွမ်းပိုင်ဆိုင်သူ၏ ရှေ့မှာ ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြားပေ။
'ဖြစ်နိုင်တာက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ရွေးချယ်ခြင်း ခံရတာက တကယ်တော့ သူမအတွက် အခွင့်အရေးတစ်ခုလား။း..'
ခက်ခက်ခဲခဲ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် သူမရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။
ဖူရွှမ်နီ အခြား အရေးကြီးသော ကိစ္စတစ်ခုကို သတိရလိုက်၏။
"ငါ မှတ်မိတာက..."
"ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က တစ်ခါ ပြောဖူးတယ်... ငါ သရုပ်ဖော် စနစ်ထဲမှာ သေဆုံးပြီးရင် ဆုလာဘ်တချို့ ရနိုင်တယ် ဆိုတာလေ"
"ပြီးတော့ ငါ သရုပ်ဖော် စနစ်ထဲမှာ အသက်ရှင်တဲ့ အချိန် ပိုကြာလေ၊ ငါကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ ပိုစိတ်လှုပ်ရှားစရာ ကောင်းလေ၊ ဆုလာဘ်တွေက ပိုပြီး ရက်ရောလေလို့ ပြောထားတယ်"
သူမရဲ့ ဘဝ အတွေ့အကြုံက စိတ်လှုပ်ရှားစရာ ကောင်းမကောင်း သူမ မသိချေ။
သို့ပေမဲ့ သူမ သိတာက သူမဟာ သိပ်ကြာကြာ အသက်မရှင်ခဲ့ဘူး ဆိုတာပင်။ (၁၀) နှစ်ကျော်ပဲ ကြာခဲ့ပြီး ပြီးဆုံးသွားခဲ့ရသည်။
အဓိက အချက်က...သူမဟာ တကယ် သနားစရာကောင်းတဲ့ အခြေအနေနဲ့ သေဆုံးခဲ့ရပြီး အဲဒီ မိစ္ဆာ အမြုတေထဲ၌ ရွှေအမြုတေ မိစ္ဆာသားရဲရဲ့ ဝိညာဉ်အကြွင်းအကျန်က ရှိနေခဲ့သည်။
တစ်ဖက်လူက သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာ အမြုတေကို တခြားသူ ကောက်ယူသွားလိမ့်မယ် ဆိုတာ ကြိုတင် မျှော်လင့်ထားပုံ ရလေသည်။
သူတို့က မိစ္ဆာ အမြုတေကို အသုံးပြုပြီး မိစ္ဆာ အမြုတေကို ကောက်ယူသွားတဲ့ လူရဲ့ လောဘကြီးတဲ့ သဘာဝကို အခွင့်ကောင်းယူကာ အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းဖို့ လျှို့ဝှက် နည်းစနစ် တစ်ခု အသုံးပြုထားခဲ့ခြင်းပင်။
နောက်ဆုံး၌ ကံဆိုးသည့်သူက သူမ ဖြစ်သွားခဲ့ရသည်။
...