အခန်း ၁၁ : ချီစုစည်းမှု အဆင့် ၁ သို့ ရောက်ရှိခြင်း
မသေမျိုး ကျင့်စဥ်.....
ဓားကျင့်စဥ်....
ဒီစာလုံးတွေက အလွန် တောက်ပလွန်းလို့ ပိုင်ယီဟာ လျစ်လျူရှုလို့ မရနိုင်အောင် ဖြစ်သွားခဲ့လေသည်။
သူ မယုံကြည်နိုင်အောင် ဖြစ်မိပေသည်။ သူဟာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာများလားပင်။
ချန်ချန်ရွှယ် အနေနဲ့ မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ် တစ်ခုကို ဒီလောက် မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်မယ်လို့ သူ ထင်မထားခဲ့ပေ။
မပြည့်စုံတဲ့ ကျင့်စဉ် ဆိုရင်တောင် မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ် ဖြစ်နေတုန်းပါပင်။
ဒီကံတရားက... သူ့ထက် အများကြီး ပိုပြီး ကြောက်စရာ ကောင်းနေပေသည်။
ချန်ချန်ရွှယ်က ဒီ မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ်ကို သရုပ်ဖော် စနစ်ထဲမှာ ရရှိခဲ့တာ ဖြစ်၏။
ဒါက ဘာကို ဆိုလိုသလဲ ဆိုတော့ သူမ ရုတ်တရက် သေဆုံးသွားရင်တောင်မှ နောက်ပိုင်း သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ်တွေကို တွက်ချက်တဲ့အခါ ဒီ မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ် ပါလာနိုင်မယ့် ဖြစ်နိုင်ခြေက အလွန် မြင့်မားနေပသည်။
ပုံသေ ရရှိမယ်လို့တောင် ပြောလို့ ရလောက်လေသည်။
တစ်ခုရှိတာက ချန်ချန်ရွှယ် အနေနဲ့ ဒီဓားကျင့်စဉ်ကို အားကိုးပြီး မသေမျိုးကျင့်ကြံသူ ဖြစ်လာနိုင်မလား ဆိုတာ မသေချာသေးချေ။
ချန်ချန်ရွှယ်ရဲ့ သရုပ်ဖော် စနစ်ထဲက မွေးရာပါ ပါရမီက ရယ်ချင်စရာကောင်းလောက်အောင် ညံ့ဖျင်းတယ် ဆိုတာကို ပိုင်ယီ မှတ်မိနေလေသည်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အတွင်း၌ -
ချန်ချန်ရွှယ်ဟာ အံ့သြဝမ်းသာ ဖြစ်နေခဲ့သည်။ သူမဟာ မှိန်ဖျဖျ အလင်းရောင် ထွက်နေတဲ့ ကျောက်စိမ်းပြားကို ကိုင်ထားရင်း သူမရဲ့ နှလုံးခုန်သံတွေက မြန်လာခဲ့လေသည်။
ကြည့်ရတာ သူမရဲ့ မွေးရာပါ ပါရမီက အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ အလုပ်ဖြစ်နေခြင်းပင်။
သူမ စကားတစ်ခွန်းမှ မပြောဘဲ ဓားတိုရဲ့ ထိပ်ဖျားနဲ့ သူမ လက်ချောင်းလေးကို ဖောက်လိုက်ရာ သွေးစက်အနည်းငယ်က ကျောက်စိမ်းပြားပေါ်သို့ ကျသွားခဲ့သည်။
ချက်ချင်းပင် ကျောက်စိမ်းပြားပေါ်တွင် ရှိနေသော မှိန်ဖျဖျ အလင်းရောင်တို့က သူမ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
[သင်သည် ဓားကျင့်စဉ် (မပြည့်စုံ) ကို အောင်မြင်စွာ ဆက်ခံရရှိလိုက်ပါပြီ]
ထိုအခိုက်အတန့်တွင် သူမဟာ အလွန် ကံကောင်းကြောင်း ချန်ချန်ရွှယ် သဘောပေါက်လိုက်၏။ ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသော အချက်အလက် အားလုံးကို စုပ်ယူပြီးနောက် ဒီဓားကျင့်စဉ်က အလွန် ထူးခြားကြောင်း သူမ သိလိုက်ရ၏။
ဓားကျင့်စဉ်ကို မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦးက ဖန်တီးခဲ့တာ ဖြစ်ပေသည်။ သူ့ကို လျှို့ဝှက်ဓားပညာရှင်ဟု လူသိများလေသည်။
ဒါက အလွန် ထူးခြားသော ကျင့်စဉ်တစ်ခု ဖြစ်၏။
ဒီကျင့်စဉ်က ကျင့်ကြံသူရဲ့ မွေးရာပါ ပါရမီကို သိပ်အလေးမထားပေ။ ထိုအစား ဓားလမ်းစဉ် ပါရမီကိုသာ အလေးထားလေသည်။
ကျင့်ကြံသူရဲ့ မွေးရာပါ ပါရမီနဲ့ ဓားလမ်းစဉ် ပါရမီကြား အချိုးအစားက (၃၀:၇၀) ခန့် ဖြစ်၏။
ထို့ကြောင့် ချန်ချန်ရွှယ်ဟာ သဘာဝကျကျပင် အလွန် စိတ်လှုပ်ရှားနေခဲ့ပေသည်။
သရုပ်ဖော် စနစ်ထဲ ဒုတိယအကြိမ် ဝင်ရောက်တာနဲ့ လက်စားချေနိုင်ရုံမက ဒီလို ကျင့်စဉ်မျိုးတောင် ရလိုက်သေးလေသည်။
သိထားရမှာက ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သူမရဲ့ ဆရာသခင်လည်း ဖြစ်ပေသည်။
ဆိုလိုတာက... ဓားကျင့်စဉ်ကို ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဓားပညာရှင်ဟာ သူမရဲ့ ဆရာထက် မနိမ့်ကျနိုင်သလို
သူမ၏ဆရာထက်တောင် ပိုစွမ်းအားကြီးနိုင်ပေသည်။
ဒီလောက် စွမ်းအားကြီးတဲ့ စီနီယာ တစ်ယောက်က ဖန်တီးခဲ့တဲ့ ကျင့်စဉ်ဖြစ်ရာ သေချာပေါက် ကောင်းမှာသေချာလေသည်။
သူမဟာ အိမ်ပြန်ပြီး မသေမျိုးကျင့်ကြံခြင်း ခရီးလမ်းအား စတင်လျှောက်လှမ်းဖို့ မစောင့်နိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ်... သူမဟာ အရင်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ (၅) နှစ် နေခဲ့ရပြီး အခုလည်း နောက်ထပ် (၅) နှစ်ကျော် နေခဲ့ပြီး ဖြစ်လေသည်။
ထို့ကြောင့် နှစ်ဘဝပေါင်းပါက သူမဟာ သာမန်လူ တစ်ယောက် အဖြစ်နဲ့ (၁၀) နှစ်လုံးလုံး နေထိုင်ခဲ့ပြီးပြီ ဖြစ်၏။
သူမာ ခန္ဓာကိုယ်ထဲမှာ အတွင်းအား ရှိပြီး သာမန်လူတွေ အမြင်မှာတော့ အလွန် စွမ်းအားကြီးတယ်လို့ ထင်ရပေမယ့် သူမ ကိုယ်တိုင် အမြင်မှာတော့... သူမက သိပ်အားနည်းလွန်းနေသေးလေသည်။
အကယ်၍ မသေမျိုးကျင့်ကြံသူ တစ်ယောက်နဲ့သာ တွေ့ရင် သူမ ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။ အများဆုံးတော့ သာမန်လူတွေထက် နည်းနည်း ပိုအသက်ရှည်ရုံပဲ ရှိပေလိမ့်မည်။
ချန်ချန်ရွှယ်ဟာ သူမရဲ့ စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်လိုက်ပြီး ကျောက်စိမ်းပြားကို ဖျက်ဆီးပစ်လိုက်သည်။
ဒီလိုအရာမျိုး တခြားလူတွေ တွေ့သွားလို့ မဖြစ်ပေ။ မသေမျိုးကျင့်ကြံသူ လောကမှာ တခြားသူတွေကို သတိထားရပေမည်။
"ဝမ်းနည်းစရာ ကောင်းတာက ဓားကျင့်စဉ်ရဲ့ အကျဉ်းချုပ်ကို ကြည့်ရတာ အနည်းဆုံး သုံးပုံနှစ်ပုံလောက် ပျောက်ဆုံးနေတယ်"
ချန်ချန်ရွှယ်ဟာ နောင်တရသလို သက်ပြင်းချလိုက်၏။
ဒါပေမဲ့ သူမ တော်တော် ကျေနပ်နေလေသည်။
ထို့နောက်... သူမဟာ အရောင်စုံ ကျားကြီးရဲ့ ခန္ဓာကိုယ်ကို အလဟဿ မဖြစ်စေဘဲ ကျားရေ၊ ကျားသည်းခြေ၊ ကျားလိင်တံ နဲ့ တခြား အရေးကြီး အစိတ်အပိုင်းတွေကို ခွဲထုတ် ယူလိုက်၏။
မသေမျိုးကျင့်ကြံခြင်း...
ပိုက်ဆံက မရှိမဖြစ် လိုအပ်ပေသည်။ ဘာလို့လဲဆိုတော့ မသေမျိုးကျင့်ကြံခြင်းဖို့အတွက် အရင်းအမြစ်တွေကို ဝယ်ယူဖို့ ငွေလိုပေသည်။
ချန်ချန်ရွှယ်ဟာ မသေမျိုးကျင့်ကြံခြင်း လမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်နေခဲ့သည်။
...
"မူလဝိညာဉ် အဆင့် မသေမျိုးကျင့်ကြံသူ လျှို့ဝှက်ဓားပညာရှင်..." ပိုင်ယီဟာ အရေးကြီးတဲ့ စကားလုံး နှစ်လုံးကို ဖမ်းမိလိုက်၏။ ချန်ချန်ရွှယ်က ဘယ်လိုလုပ် ဒီလောက် ကံကောင်းနေရသည်နည်း။
ကျားဗိုက်ထဲကနေ ကျင့်စဉ်တစ်ခု အလွယ်တကူ ရှာတွေ့ခဲ့သလို အဲဒါက မူလဝိညာဉ် အဆင့် ကျင့်ကြံသူ ဖန်တီးခဲ့တာ ဖြစ်နေခဲ့ပြန်သည်။
ဒါ့အပြင် အဲဒီကျင့်စဉ်က ကျင့်ကြံသူရဲ့ ကိုယ်ပိုင် ဂုဏ်သတ္တိတွေကို သိပ်အလေးမထားဘဲ ဓားလမ်းစဉ် ပါရမီကိုသာ အလေးထားတာ ဖြစ်နေခဲ့ပြန်သည်။
ချန်ချန်ရွှယ် အတွက် သီးသန့် ဖန်တီးပေးထားသလိုပါပင်။
လက်တွေ့ကမ္ဘာမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးနေပေမယ့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက အချိန်ကတော့ ရူးသွပ်မတတ် မြန်ဆန်နေခဲ့သည်။
ပိုင်ယီက ချန်ချန်ရွှယ်ရဲ့ တိုးတက်မှုကို အထူးတလည် အာရုံမစိုက်ရင် သူမြင်ရတာက ချန်ချန်ရွှယ်ရဲ့ မသေမျိုးကျင့်ကြံခြင်း ဘဝ အကျဉ်းချုပ်လေးသာ ဖြစ်ပေသည်။
[ချန်ချန်ရွှယ်သည် အရောင်စုံ ကျားကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အိမ်ပြန်သယ်လာခဲ့သည်။ သူမ တစ်ကိုယ်လုံး သွေးများ ပေကျံနေသဖြင့် သူမ၏ မိဘများဟာ လန့်သေလုနီးပါး ဖြစ်သွားခဲ့ကြသည်။]
[အရောင်စုံ ကျားကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက အလွန် တန်ဖိုးရှိသည်။ ခရိုင်ထဲတွင် ရောင်းချပြီးနောက် ကြီးမားသော ကြွယ်ဝမှုကို ရရှိခဲ့ပြီး သူတို့၏ ဆင်းရဲသော မိသားစု အခြေအနေကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့သည်။]
[မိသားစု နောက်ခံ +၂]
[ချန်ချန်ရွှယ်ဟာ ဓားကျင့်စဉ် (မပြည့်စုံ) ကို စတင် ကျင့်ကြံရန် ကြိုးစားခဲ့သော်လည်း ဝေးလံခေါင်ဖျားပြီး သေးငယ်သော နေရာများတွင် ဝိညာဉ်စွမ်းအင် ပါးလွှာသောကြောင့် သူမ၏ တိုးတက်မှု အလွန် နှေးကွေးနေခဲ့သည်။]
[အသက် ၆ နှစ် - ချန်ချန်ရွှယ်ဟာ ဓားကျင့်စဉ် (မပြည့်စုံ) ကို ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး သူမ၏ ပထမဆုံး ဝိညာဉ်စွမ်းအင် တစ်မျှင်အား အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်]
[ချန်ချန်ရွှယ်ဟာ ငွေအမြောက်အမြား အသုံးပြုပြီး ဝိညာဉ်စုစည်းဆေးလုံးတစ်လုံး ဝယ်ယူခဲ့သော်လည်း အမြတ်ကြီးစား ကုန်သည်၏ လိမ်ညာမှုကို ခံလိုက်ရကြောင်း သိရှိလိုက်ရသည်။]
[ကြိုးကြိုးစားစား ကျင့်ကြံနေသည်... ဒုတိယ ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်]
[ကြိုးကြိုးစားစား ကျင့်ကြံနေသည်...]
[မိသားစု နောက်ခံ -၁]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ +၂]
[အသက် ၇ နှစ် - ဤနည်းဖြင့် ဆက်သွား၍ မဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။ ချန်ချန်ရွှယ်ဟာ ခရီးဆောင်အိတ် အနည်းငယ် ထုပ်ပိုးပြီး တောနက်ထဲသို့ ပြောင်းရွှေ့နေထိုင်လိုက်သည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်က ရွာထဲမှာထက် အနည်းငယ် ပိုကြွယ်ဝပြီး တတိယ ဝိညာဉ်စွမ်းအင် တစ်မျှင်ကို သန့်စင်နိုင်ခဲ့သည်]
[ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သည်...]
[ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သည်...]
[ချန်ချန်ရွှယ်ဟာ သူမ၏ ချီကြောများထဲတွင် ဝိညာဉ်စွမ်းအင် လုံလောက်ပြီဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမဟာ ချီစုစည်းမှု အဆင့် (၁) သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်]
[သူမ ကျရှုံးသွားခဲ့သည်။ ကံကောင်းစွာဖြင့် မည်သည့် တန်ပြန်မှုကိုမှ မခံစားခဲ့ရပေ။]
[...]
"ကြည့်ရတာ နည်းနည်း ခက်ခဲနေပုံပဲ..."
ပိုင်ယီဟာ ချန်ချန်ရွှယ် သရုပ်ဖော် စနစ်ထဲတွင် နေ့မနား ညမနား ကျင့်ကြံအားထုတ်နေသည်ကို မြင်နေခဲ့ရသည်။ နောက်ဆုံးတော့ သူမ၏ ကျင့်ကြံမှု တိုးတက်နှုန်းက တကယ့်ကို နှေးကွေးလွန်းလှပေသည်။
(၂) နှစ်လုံးလုံး ကြာတာတောင် ချီစုစည်းမှု အဆင့် (၁) ကို မရောက်နိုင်သေးချေ။
သူမမှာ ကောင်းမွန်တဲ့ မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ် ရှိပေမယ့် ကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအင်က သိပ်ပါးလွှာလွန်းပေသာ်။ သူမရဲ့ အရိုးအဆစ်တွေက သိပ်မကောင်းသလို ကျင့်ကြံခြင်း အရင်းအမြစ်တွေလည်း မရှိချေ။
ဒါကြောင့် သူမရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက အလွန် နှေးကွေးနေရခြင်းပင်။
သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ဇိမ်ခံပြိုင်ကား ကို မောင်းနေရပေမယ့်... အင်ဂျင်က ဆိုင်ကယ်အင်ဂျင် ဖြစ်နေသလိုပင်။
ချန်ချန်ရွှယ်ဟာ အလွန် စိတ်ဓာတ်ကျနေတာကို သူ ခံစားမိလိုက်၏။
လက်တွေ့ကမ္ဘာမှာသာ ချန်ချန်ရွှယ်ကို (၂) နှစ် အချိန်ပေးလိုက်ရင်... သူမဟာ ချီစုစည်းမှု အဆင့် (၅) (၆) လောက် ရောက်နေလောက်ပေပြီ။
ဝမ်းနည်းစရာ ကောင်းတာက... သူမရဲ့ မသေမျိုးကျင့်ကြံခြင်း ပါရမီကို သရုပ်ဖော် စနစ်ထဲ သယ်ဆောင်လာလို့ မရတာပင်။
သူမဟာ နေ့တိုင်း ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်တွေကို ဖြည်းဖြည်းချင်း သန့်စင်ယူရုံကလွဲပြီး ရွေးချယ်စရာ မရှိပေ။
ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေကို တဖြည်းဖြည်း စုဆောင်းပြီးမှ ချီစုစည်းမှု အဆင့်ကို ချိုးဖျက်ဝင်ရောက်ရမှာ ဖြစ်ပေသည်။
[ချီစုစည်းမှု အဆင့် (၁) သို့ ရောက်ရှိရန် ကျရှုံးခဲ့သော ချန်ချန်ရွှယ်ဟာ လက်မလျှော့ခဲ့ပေ။ သူမဟာ ချီကြောများထဲတွင် ဝိညာဉ်စွမ်းအင် ပိုမို စုဆောင်းနိုင်ရန် ဝီရိယရှိရှိ ဆက်လက် ကျင့်ကြံခဲ့သည်။]
[ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သည်...]
[ကံကောင်းခြင်း နတ်ဘုရားမက သူမကို နောက်တစ်ကြိမ် မျက်နှာသာ ပေးလိုက်ပုံ ရသည်။ ချန်ချန်ရွှယ်ဟာ ဝိညာဉ်သစ်သီးတစ်လုံး ရှာတွေ့ခဲ့သည်။ ၎င်းကို စားသုံးပြီးနောက် သူမ၏ ဝိညာဉ်စွမ်းအင်တို့က သိသိသာသာ တိုးပွားလာသည်]
[ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သည်...]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ +၆]
[အသက် ၈ နှစ် - ချန်ချန်ရွှယ်ဟာ ချီစုစည်းမှု အဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ အသတ်မခံရစေရန် သူတို့နှင့် ဝေးဝေးနေတာ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။]
[ဝီရိယရှိရှိ ကျင့်ကြံနေခဲ့သည်...]
[ချန်ချန်ရွှယ်ဟာ အဆင့်တက်ရန် အခွင့်အလမ်း ရောက်လာပြီဟု ခံစားလိုက်ရသည်။ သူမဟာ ချီစုစည်းမှု အဆင့် (၁) သို့ နောက်တစ်ကြိမ် ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်]
[အောင်မြင်သည်]
[ချန်ချန်ရွှယ်ဟာယခုအခါချီစုစည်းမှုအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သွားပြီဖြစ်သည်။သူမဟာမသေမျိုးကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပါပြီ]