အခန်း ၁၀၈ : မိစ္ဆာအမြုတေကို ရယူဖို့ ကြိုးစားရခြင်း
"မဖြစ်ဘူး.. ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး.."
ဖူရွှမ်နီ ဟာ အဆင့်နှစ်ဆင့် ချိုးဖျက်ဝင်ရောက်ပြီးနောက် သူမ၏ ငယ်ရွယ်သော ခန္ဓာကိုယ်က ရွှေအမြုတေ မိစ္ဆာသားရဲ၏ သွေးထဲတွင် ပါဝင်သည့် ကြမ်းတမ်းသော စွမ်းအင်များကို ခံနိုင်ရည် မရှိတော့ကြောင်း သူမ သိလိုက်ရသည်။
ဒီလောက်များတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်တာ သူမရဲ့ အကန့်အသတ် ရောက်နေပြီးဖြစ်ပြီး အကယ်၍ ဆက်လက် စုပ်ယူပါက သူမ၏ သွေးကြောများက ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဖူရွှမ်နီ အလျင်စလို သွေးအိုင်ထဲမှ ထွက်လိုက်ရာ သူမ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်ပြီး နီရဲနေခဲ့သည်။
စူးရှသော သွေးညှီနံ့က သူမခန္ဓာကိုယ်၌ ပြည့်နက်နေခဲ့သည်။
ဖူရွှမ်နီဟာ သူမခန္ဓာကိုယ်ပေါ်က အမွေးအတောင်တွေကို မခါထုတ်ဘဲ မနေနိုင်တော့ပေ။သို့သော် သွေး၏ ပျစ်ချွဲမှုကို သူမ လျှော့တွက်မိခဲ့ပြီး သူမ ဘယ်လောက် ပြင်းပြင်းထန်ထန် ခါထုတ်ပါစေ သန့်စင်သွားမည် မဟုတ်ပေ။
'အခြေအနေကောင်းနေတုန်း ရပ်တန့်လိုက်တာအကောင်းဆုံးပဲ...' ဖူရွှမ်နီ သူမစိတ်ထဲတွင် ရေရွတ်လိုက်၏။ သူမက လောဘကြီးသူ မဟုတ်သလို သူမရဲ့ အကန့်အသတ် ဘယ်လောက်ရှိလဲဆိုတာကို သိလေသည်။
သွေးများ ပန်းထွက်နေဆဲ ဖြစ်သည့် မိစ္ဆာသားရဲ၏ အလောင်းကောင်ကို ကြည့်ပြီး ဖူရွှမ်နီ မဆွံ့အပဲ မနေနိုင်တော့ပေ။
'ဒီမိစ္ဆာသားရဲမှာ သွေးဘယ်လောက်တောင် ရှိတာလဲ..'
'နှမြောစရာ ကောင်းလိုက်တာ..တကယ်လို့ သူမမှာသိုလှောင်အိတ်တစ်လုံး ရှိရင် သွေးတွေ အားလုံးကို သိမ်းဆည်းထားနိုင်မှာ...'
သွေးတွေ အားလုံးက ရတနာတွေဖြစ်ကာ လက်နက် သန့်စင်ဖို့ပဲ ဖြစ်ဖြစ်၊ ဆေးလုံး ဖော်စပ်ဖို့ပဲ ဖြစ်ဖြစ် အသုံးဝင်လေသည်။
၎င်းက ကောင်းမွန်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လေသည်။
......
အကယ်၍ သူမ ဆေးလုံး ဖော်စပ်တာနဲ့လက်နက် သန့်စင်တာ မလုပ်ရင်တောင် ဒီအတိုင်း သွေးတွေကို ရောင်းလိုက်ပါက ဈေးကောင်းကောင်းနဲ့ အလွယ်တကူ ရောင်းနိုင်ပေသည်။
ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲရဲ့ သွေး ဆိုတာ တွေ့ရှိဖို့ ခက်ခဲ့လေသည်။
ဖူရွှမ်နီ သူမစိတ်ထဲတွင် သက်ပြင်းချလိုက်၏။
ဒါက တော်တော်လေး ဖြုန်းတီးရာ ရောက်တယ်လို့ သူမ ခံစားခဲ့ရသည်။
ဒါပေါ့ အရေးအကြီးဆုံး ဖြစ်တဲ့ မိစ္ဆာ အမြုတေကို သူမ မမေ့ပေ။
ဖူရွှမ်နီဟာ မိစ္ဆာသားရဲ၏ ဝမ်းဗိုက်ပေါ်သို့ ခုန်တက်လိုက်ပြီး အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေသည့် ဝမ်းဗိုက်ပေါ်တွင် ရပ်လိုက်သည်။ အကြောင်းမှာ ဒီနေရာက မိစ္ဆာသားရဲရဲ့ ဒန်တျန် တည်ရှိတဲ့ နေရာ ဖြစ်တာကို သူမ ခံစားရလို့ပင်။
မိစ္ဆာ အမြုတေ...
ပုံမှန်အားဖြင့် အခြေတည်အဆင့်နဲ့ အထက် ကျင့်ကြံမှု ရှိတဲ့ မိစ္ဆာသားရဲတွေသာ သူတို့ရဲ့ ဒန်တျန်ထဲမှာ မိစ္ဆာ အမြုတေကို ဖြစ်ပေါ်လာနိုင်စေကြသည်။
၎င်းက လူသားကျင့်ကြံသူတွေရဲ့ ဒန်တျန်ထဲက ဝိညာဉ်အရည်နဲ့ ရွှေအမြုတေတို့နဲ့ တော်တော်လေး ဆင်တူပေသည်။
သို့ပေမဲ့ ဒီအရာကို ဘယ်လို ထုတ်ယူရမလဲ ဆိုတာ ပြဿနာကြီး တစ်ခုပင်။
ဖူရွှမ်နီဆီမှာ ကိရိယာတန်ဆာပလာ မရှိပေ။
ထို့အပြင် သူမဟာ ချီစုစည်းမှု အဆင့် (၂) ကို အခုလေးတင် ချိုးဖျက်ဝင်ရောက်ထားတာ ဖြစ်ပြီး သူမရဲ့ ကျင့်ကြံမှုက သိပ်မတည်ငြိမ်သေးပေ။
ထို့ကြောင့် ရွှေအမြုတေ မိစ္ဆာသားရဲရဲ့ ဒန်တျန်ထဲက အမြုတေကို အမြန် ထုတ်ယူချင်တာက အိမ်မက်မက်နေတာနဲ့ မခြားချေ။
အဘယ်ကြောင့်ဆိုသော် ထုတ်ယူဖို့ သိပ်ခက်ခဲလွန်းလို့ပင်။
'ဒါဆို သူမ ဒီအတိုင်း လက်လျှော့လိုက်ရမှာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
အကယ်၍ သူမသာ ဒီလို ရွှေအမြုတေ အဆင့် မိစ္ဆာ အမြုတေကို လက်လွတ်ခံလိုက်ရရင် ဖြစ်နိုင်တာက သူမ နေ့တိုင်း အိမ်မက်မက်ပြီး နှမြောနေမိပေလိမ့်မည်။
နောက်ဆုံးတော့ ဖူရွှမ်နီဟာ အဆိုးဆုံး နည်းလမ်းကို ရွေးချယ်လိုက်သည်။ ဖြည်းဖြည်းချင်း ဆိတ်ယူခြင်း......
ထို့နောက် သူမ၏ နှုတ်သီးကို အသုံးပြုပြီး ဝမ်းဗိုက်ကို တစ်စချင်းစီ ဆိတ်ဖွင့်ဖို့ ပြင်ဆင်လိုက်သည်။
သူမကို အချိန်လုံလောက်စွာ ပေးထားသရွေ့ သူမဟာ ရွှေအမြုတေကို မကြာခင် ထုတ်ယူနိုင်ပေမည်။
ဘာပဲဖြစ်ဖြစ် ရေတောင် ကျောက်ကို ထွင်းဖောက်နိုင်သေးတာပင်။
ထို့ကြောင့် သူမဟာလည်း ဒီရွှေအမြုတေ မိစ္ဆာသားရဲ အလောင်းကောင်ရဲ့ သားမွေးကို ဆိတ်ဖွင့်နိုင်စွမ်း ရှိမည်ပင်။
သူမ ချက်ချင်း လုပ်ဆောင်လိုက်၏။
ပတ်ဝန်းကျင်တွင် အခြား အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ဖူရွှမ်နီဟာ သတိပေး ကိရိယာအနည်းငယ်ကို ပြင်ဆင်လိုက်သည်။ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင် နီးကပ်လာပြီး အဲဒီ သတိပေး ကိရိယာတွေကို ထိမိတာနဲ့ သူမ ချက်ချင်း သိရပေမည်။
ခြေသည်းနဲ့ အတောင်ပံသာ ရှိတဲ့ လမင်းကျီးကန်း တစ်ကောင် အတွက် ဒီပစ္စည်းတွေကို ပြုလုပ်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ဘုရားသခင်ပဲ သိပေမည်.....
အရာအားလုံး ပြင်ဆင်ပြီးနောက် သူမဟာ စတင် ဆိတ်ယူလိုက်သည်။
ဖူရွှမ်နီဟာ သူမ၏ နှုတ်သီးဖြင့် ပြင်းထန်စွာ ဆိတ်ချလိုက်ရာ ဒီဆိတ်ချက်က သတ္တုချင်း တိုက်မိတဲ့ အသံချက်ချင်း ထွက်ပေါ်လာပြီး မီးပွားများတောင် လွင့်စင်သွားစေခဲ့သည်။
၎င်းက ဖူရွှမ်နီ၏ ခေါင်းကို တုန်ခါသွားစေပြီး နားထဲတွင် တဝီဝီ မြည်သွားစေခဲ့သည်။
သို့သော် သူမဟာ မရပ်တန့်ဘဲ အားဖြင့် ဆက်လက် ဆိတ်ချလိုက်လေသည်။
"ဒေါက် ဒေါက်...."
"ဒေါက် ဒေါက်...."
"ဒေါက်... ဒေါက်...."
...
ချင်းဟယ် ခရိုင်.....
တတိယမြောက် ရွေးချယ်ခံက ရုတ်တရက် မိစ္ဆာသားရဲ ရွှေအမြုတေကို ထုတ်ယူချင်နေသည်ကို ကြည့်ပြီး သူဟာ ခဏလောက် ငြိမ်သက်သွားခဲ့သည်။
သူဟာ အသိဉာဏ် မရှိတဲ့ ရွေးချယ်ခံတစ်ယောက်ကို ဖိတ်ခေါ်မိလိုက်သလို ခံစားလိုက်ရတဲ့ အခိုက်အတန့် တစ်ခုတောင် ရှိခဲ့လေသည်။
ရုပ်သေးကနေ တဆင့် ဖူရွှမ်နီကို နားလည်ထားလို့သာ မဟုတ်ရင် ပိုင်ယီဟာ ဒီရွေးချယ်ခံကို အစားထိုးဖို့ စိတ်လောနေလောက်ပေပြီ.....
ခန္ဓာကိုယ် ကြီးမားတဲ့ ကျီးကန်းကြီး တစ်ကောင်က စိုစွတ်နေတဲ့ သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး မိစ္ဆာသားရဲရဲ့ အလောင်းကောင်ကို မရပ်မနား ထိုးဆိတ်နေခဲ့သည်။
ဆိတ်လိုက်တိုင်းမှာ ကျီးကန်းရဲ့ ခန္ဓာကိုယ်က ပြန်ကန်အားကြောင့် တုန်ခါသွားခဲ့ရသည်။
ဒါပေမဲ့ ကျီးကန်းက ပျော်ရွှင်နေတုန်းပင်။
"အာ ဒါက... ပြောလို့ ရတာက..."
"ဒီတတိယမြောက် ရွေးချယ်ခံက မိစ္ဆာသားရဲ အဖြစ် ပြန်လည်ဝင်စားခဲ့တာ... ဘာကိရိယာတန်ဆာပလာမှ မရှိဘဲ မိစ္ဆာသားရဲ အလောင်းကောင်ထဲက မိစ္ဆာ အမြုတေကို လိုချင်ရင် သူမ ဒီလို မိုက်မဲတဲ့ နည်းလမ်းကိုပဲ သုံးနိုင်မှာ.."
"ဒါ့အပြင် သာမန် ကိရိယာတန်ဆာပလာတွေက သူမရဲ့ နှုတ်သီးလောက် မာကျောပြီး ထက်မြက်ချင်မှ ထက်မြက်မှာ..."
ပိုင်ယီ၏ ဆက်တိုက် အာရုံစိုက်မှု အောက်တွင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ စာသား အကြောင်းကြားချက်များက ဒီရေကဲ့သို့ ပေါ်ထွက်လာခဲ့သည်။
[တစ်လကြာအောင် ကြိုးစားအားထုတ်ပြီးနောက် ဖူရွှမ်နီညာ နောက်ဆုံးတွင် မိစ္ဆာသားရဲ အလောင်းကောင်၏ အရေပြားနှင့် သားမွေးများကို ဆိတ်ဖွင့်နိုင်ခဲ့သည်။ အတွင်းဘက်ရှိ အသားနှင့် သွေးများကို မြင်လိုက်ရသောအခါ သူမ၏ ဆင်ခြင်တုံတရားနှင့် ဣန္ဒြေကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာနဲ့ ရွှေအမြုတေ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်သည် သန်မာလှပြီး လွန်ခဲ့တဲ့ တစ်လ အတွင်း အလောင်းကောင်က ပုပ်သိုးမည့် အရိပ်အယောင် လုံးဝ မပြသခဲ့ပေ။]
[စိတ်အခြေအနေ +၁]
[သူမရဲ့ နှုတ်သီးက အပြည့်အဝ လေ့ကျင့်ပြီးသား ဖြစ်သွားလို့လား မသေချာပေမဲ့ ဖူရွှမ်နီ၏ နှုတ်သီးများက လွန်ခဲ့သည့် တစ်လကထက် ပိုမို မာကျောပြီး ထက်မြက်လာခဲ့သည်။ အကယ်၍ သူမ သံပြားကို ထိုးဆိတ်လိုက်ရင်တောင် အလွယ်တကူ ဖောက်ထွင်းသွားနိုင်မယ်လို့ သူမ ခံစားခဲ့ရသည်။]
[နှစ်ဝက် ကြာပြီးနောက် ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ အလောင်းကောင်မှ ထွက်ပေါ်နေသည့် ခြိမ်းခြောက်နိုင်သည့် အရှိန်ဝါတို့က နောက်ဆုံးတွင် ပျံ့လွင့်သွားခဲ့သည်။ တောရိုင်းတိရစ္ဆာန် အချို့နှင့် အားနည်းသည့် မိစ္ဆာသားရဲ အချို့ လှုပ်ရှားဖို့ ပြင်ဆင်လာကြသည်။]
[ချီစုစည်းမှု အဆင့် (၂) မိစ္ဆာသားရဲ တစ်ကောင်က ဖူရွှမ်နီကို စိန်ခေါ်ပြီး ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ၏ အလောင်းကောင်ကို လုယူချင်ခဲ့သည်။]
[တိုက်ပွဲ တစ်ခု ဖြစ်ပွားပြီးနောက် ထိုမိစ္ဆာသားရဲဟာ ဤဧရိယာ အတွင်းရှိ ဒုတိယမြောက် မိစ္ဆာသားရဲ အလောင်းကောင် ဖြစ်လာပြီး ဖူရွှမ်နီ၏ နေ့လည်စာဖြစ်သွားခဲ့ရသည်။]
[မိသားစု နောက်ခံ +၁]
[အသက် ၄ နှစ် - ဖူရွှမ်နီဟာ ချီစုစည်းမှု အဆင့် မိစ္ဆာသားရဲ၏ အသားနှင့် ရွှေအမြုတေ မိစ္ဆာသားရဲ၏ အသား အနည်းငယ်ကို စားသုံးခြင်းဖြင့် အဆင့်ချိုးဖျက်နိုင်ခဲ့သည်]