အခန်း ၁၀၁ : ဒီနေ့ကစပြီး ချင်းဟယ်ခရိုင်က အရာရှိအားလုံး ငါတို့အမိန့်ကို နာခံရမယ်
သူက ခရိုင်အကြီးအကဲဖြစ်ရာ အကယ်၍ သူက ဒီလိုကိစ္စမျိုးကို နားမလည်ချင်ရင်တောင် အတင်းအကြပ် နားလည်အောင် လုပ်ယူရပေမည်။
ဓားစီးပျံသန်းနိုင်တဲ့ ကျင့်ကြံသူတွေက အနည်းဆုံး အခြေတည်အဆင့်ရှိလေသည်။
"ရှူး.."
အခြေတည်အဆင့်....
ချင်းဟယ် ခရိုင်ရဲ့ အသန်မာဆုံး ဧည့်သည်တော် ဝန်ကြီး ပိရွှီတောင် ချီစုစည်းမှု အဆင့်မှာပဲ ရှိသေးပြီးယခု၌ အနည်းဆုံး အခြေတည်အဆင့် ရှိတဲ့ မသေမျိုးကျင့်ကြံသူ တစ်စုက ချင်းဟယ် ခရိုင်ကို ရောက်လာနေခဲ့သည်။
"မသေမျိုးကျင့်ကြံသူတွေက ဓားစီးပြီး ချင်းဟယ် ခရိုင်ထဲ ပျံသန်းဝင်ရောက်လာတာလား... ပြီးတော့ တစ်ယောက်မကဘူး....သူတို့က အများကြီးလား....မင်းမျက်လုံးတွေက မင်းကို လှည့်စားနေတာလား... ကြယ်ကြွေတာတွေ ဒါမှမဟုတ် ပိုးစုန်းကြူးတွေကို ဓားစီးပျံသန်းနေတဲ့ မသေမျိုးကျင့်ကြံသူတွေလို့ မင်း ထင်နေတာလား"
"ဒါမှမဟုတ် သန်းခေါင်ယံကြီးမှာ မင်း သရဲနဲ့ တွေ့လာတာလား"
"ချင်းဟယ် ခရိုင်လို နေရာမျိုးမှာ ပျံသန်းရေး ဓားစီးပြီး ပျံသန်းနိုင်တဲ့ ကျင့်ကြံသူတွေ ဘယ်လိုလုပ် ဒီလောက်များများ ရှိနေနိုင်မှာလဲ... အယ်...နေပါဦး"
မြို့ပိုင်မင်း ဒီစကား ပြောလိုက်တာနဲ့ တစ်ခုခုကို သတိရလိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
"ပြည်နယ်မြို့တော်...."
......
ဒီစကားလုံး (၃) လုံး သူ့ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
ဒီလောက်များတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေ အားလုံး ချင်းဟယ် ခရိုင်ကို တစ်ခါတည်း ရောက်လာကြတာက အကယ်၍ သူတို့က မြင့်မြတ်သော နှလုံးသား နန်းတော်က မိစ္ဆာတွေ မဟုတ်ရင် သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေ (၂) ခုပဲ ရှိလေသည်...
ပထမ ဖြစ်နိုင်ချေကတော့ ဂိုဏ်းတချို့က တာဝန်ခံတွေ အုပ်စုဖွဲ့ပြီး ချင်းဟယ် ခရိုင်ကို ရောက်လာတာဖြစ်ပြီး လောလောဆယ်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ မသိရသေးချေ။
ဒုတိယ ဖြစ်နိုင်ချေကတော့ ပြည်နယ်မြို့တော်က လူတွေ ဒီအချိန်မှာ နောက်ဆုံးတော့ ရောက်လာကြတာပင်။
"သူတို့ ဘယ်မှာ အခြေချ လိုက်လဲ"
မြို့ပိုင်မင်း တခြား ကိစ္စတွေကို ဂရုမစိုက်နိုင်တော့ပေ။ သူ့လေသံက စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ ပြည်နယ်မြို့တော်က လူတွေ အားလုံးက သူ့အတွက် အရေးကြီး ပုဂ္ဂိုလ်တွေဖြစ်ပေသည်။
ထို့အပြင် ရောက်လာတဲ့ လူတွေထဲမှာ နေပြည်တော်က ပုဂ္ဂိုလ်ကြီးတစ်ယောက် ပါလာတယ်လို့လည်း သူ ကြားထားသေးခဲ့သေးသည်။
ပြည်နယ်မြို့တော်.... နေပြည်တော်.....
ဘယ်တစ်ခုပဲ ဖြစ်ဖြစ် သူလို ချင်းဟယ် ခရိုင်က မြို့ပိုင်မင်း အသေးစားလေး တစ်ယောက် အနေနဲ့ ရန်စလို့ တတ်နိုင်တဲ့ အရာ မဟုတ်ပေ။
မြို့ပိုင်မင်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ရဲမက်က ကြောင်တောင်တောင်ဖြင့် ခေါင်းခါလိုက်သည်။ "ကျွန်... ကျွန်တော်လည်း မသိပါဘူး"
"မသိဘူးတဲ့လား..." မြို့ပိုင်မင်း ဒေါသထွက်သွားခဲ့သည်။
ပြည်နယ်မြို့တော်နှင့် နေပြည်တော်မှ အရေးကြီး ပုဂ္ဂိုလ်များ ချင်းဟယ် ခရိုင်သို့ ရောက်လာသည့်အခါ မြို့ပိုင်မင်း အနေဖြင့် သူ အလျင်စလို သွားရောက် ကြိုဆိုသင့်ပေသည်။ ဒါမှသာ သူက သူတို့အပေါ် အကောင်းမြင်စိတ် ထားခဲ့နိုင်မည် မဟုတ်ပါလော။
အချိန်တန်လို့ အဲဒီ အရေးကြီး ပုဂ္ဂိုလ်တွေက သူ့ပြစ်မှုတွေ အကြောင်း မေးလာရင်တောင် သူ့ပြစ်ဒဏ်က လျော့နည်းနိုင်ခြေ ရှိ၏။
အဲဒီ အရေးကြီး ပုဂ္ဂိုလ်တွေက လာဘ်ထိုးခြင်းကို လက်ခံချင်စိတ် ရှိမရှိ ဆိုတာ သူ မသိပေ။
လက်ခံမည်ဆိုပါက သူ့အတွက် အနာဂတ် လမ်းဖောက်ပေးဖို့ သူ့စုဆောင်းငွေတွေကို ထုတ်ယူလိုက်နိုင်ပေသည်။
သူ့အတွေးတွေ တဖြည်းဖြည်း လွင့်ပါးသွားစဉ်မှာပင်....
သူနှင့် သူ့ကို လာရောက် အကြောင်းကြားသည့် ရဲမက်တို့ဟာ စူးရှသည့် လေတိုးသံများကို ကြားလိုက်ရသဖြင့် သူတို့နှစ်ဦးစလုံး ချက်ချင်း သတိဝင်လာခဲ့ကြသည်။ သူတို့ အပြင်ဘက်သို့ အလျင်စလို ပြေးထွက်သွားပြီး အသံ လာရာဘက်သို့ ကြည့်လိုက်ကြလေသည်။
ဓားစီးလာသော ပုံရိပ်များ ကောင်းကင်မှ ဆင်းသက်လာပြီး တည်ငြိမ်စွာ မြေပြင်ပေါ်သို့ ရောက်ရှိလာသည်ကို သူတို့ မြင်လိုက်ရသည်။
သူတို့အားလုံး ခရိုင်ရုံး အတွင်း ဆင်းသက်လိုက်ကြသည်ကို မြင်လိုက်ရသောအခါ မြို့ပိုင်မင်း လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်ရသော လူအနည်းငယ် အနက် (၂) ဦးမှာ တရားဝင် ဝတ်စုံများ ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် တရားဝင်ဝတ်စုံများ၏ အရောင်နှင့် ၎င်းတို့ပေါ်ရှိ ပုံစံများက ဤလူ (၂) ဦး၏ ကိုယ်ပိုင်အမှတ်အသားများကို ကိုယ်စားပြုနေခဲ့သည်။
အရာရှိ အကြီးအကဲများ...
ပြည်နယ်မြို့တော်မှ အရာရှိ အကြီးအကဲများ....
'သူတို့ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာကြတာလဲ... သူ အခုလေးတင် ရဲမက်ဆီက သတင်းစကား ကြားရပြီး နောက်တစ်ခဏမှာပဲ သူတို့ ဒီနေရာ ရောက်နေကြပြီလား.... သူ ဘာပြင်ဆင်မှုမှ လုပ်ဖို့ အချိန်မရလိုက်ဘူး...'
သူ့ရင်ထဲတွင် ဒီလို ပြောနေသော်လည်း အပေါ်ယံတွင်မူ မြို့ပိုင်မင်း၏ တုံ့ပြန်မှုက အလွန် မြန်ဆန်နေခဲ့သည်။
သူ စကားတစ်ခွန်းမှ မပြောဘဲ အလျင်စလို ဦးညွှတ်လိုက်၏။
သူ ကျယ်လောင်သည့် အသံဖြင့် လေးစားစွာ ပြောလိုက်သည်။"ချင်းဟယ် မြို့ပိုင်မင်း ဝူချီလီက အရာရှိ အကြီးအကဲ အားလုံးကို နှုတ်ခွန်းဆက်သပါတယ်.."
သူ့ဘေးနားက ရဲမက်မှာမူ ဒီအချိန်တွင် အသံတစ်ချက်မှ မထွက်ရဲပေ။
သူ့မျက်လုံးထဲတွင် မြို့ပိုင်မင်းက ကောင်းကင်လောက် ကြီးမားသည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး ယခု၌ မြို့ပိုင်မင်းတောင် ဒီလူအုပ်စုကို ဒီလောက် လေးစားနေရပြီး သူတို့ကို အရာရှိ အကြီးအကဲများလို့တောင် ခေါ်ဆိုနေရလေသည်။
သူ လေးစားစွာ ဦးညွှတ်လိုက်၏။
ရောက်လာသော လူများမှာ ဖူရွှမ်နီနှင့် အခြားသူများ ဖြစ်ကြသည်။
"ခင်ဗျားက ချင်းဟယ် မြို့ပိုင်မင်းလား"
ပြည်နယ်မြို့တော်မှ သက်လတ်ပိုင်း အရာရှိ တစ်ဦးက အံ့သြစွာ မေးလိုက်၏။ "ဘာလို့ ခင်ဗျားမှာ ဘာကျင့်ကြံမှုမှ မရှိတာလဲ... ခင်ဗျားက တကယ်တော့ သာမန်လူ တစ်ယောက်လား"
မြို့ပိုင်မင်း အရှက်ရသွားပြီး ပြန်ဖြေရုံသာ တတ်နိုင်ခဲ့သည်။ "အထက်လူကြီးကို ပြန်ဖြေကြားပါရစေ... ကျွန်တော် ရာထူးရတုန်းက ကျင့်ကြံဖို့ အကောင်းဆုံး အခွင့်အရေးကို လွဲချော်သွားခဲ့လို့ပါ"
ဒီအချိန်တွင် အခြား ပြည်နယ် အရာရှိ တစ်ဦးက သူ့ဘေးနားက လူထံမှ စာရွက်စာတမ်း တစ်ခုကို လက်ခံရယူလိုက်ပြီး ချင်းဟယ် မြို့ပိုင်မင်း၏ ရှေ့တွင် ဖြန့်ပြလိုက်သည်။
"ဘုန်း.."
ခန့်ညားထည်ဝါပြီး ဖြောင့်မတ်သည့် အရှိန်ဝါတစ်ခု ကောင်းကင်ပေါ်က မည်းမှောင်နေသည့် တိမ်တိုက်များကို ဖြိုခွင်းကာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
၎င်းက ခရိုင်ရုံး တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားစေခဲ့ပြီး လူတိုင်းဟာ ဒီနေရာက ရုန်းရင်းဆန်ခတ် ဖြစ်မှုကို သတိထားမိလိုက်ကြသည်။
စာရွက်စာတမ်း ကိုင်ထားသည့် သက်လတ်ပိုင်း အရာရှိက လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ "ပြည်နယ်မြို့တော် အုပ်ချုပ်ရေးမှူးရဲ့ အမိန့်အရ စစ်ကူတောင်းခံတဲ့ ချင်းဟယ် ခရိုင်ရဲ့ အရေးပေါ် သတင်းကို တုံ့ပြန်တဲ့ အနေနဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေရဲ့ ကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လာခဲ့တာပဲ... ဒီနေ့က စပြီး ချင်းဟယ် ခရိုင်က အရာရှိ အားလုံး ငါတို့ရဲ့ အမိန့်ကို နာခံရမယ်..."
"ဟုတ်... ဟုတ်ကဲ့ပါ..." ချင်းဟယ် မြို့ပိုင်မင်းဟာ ထူးဆန်းသည့် ဖြစ်ရပ်ဆန်းကြောင့် အလွန် တုန်လှုပ်သွားပြီး တံတွေး မျိုချလိုက်မိလေသည်။
သူ့ရှေ့က လူအားလုံးက သူ ရန်စလို့ မတတ်နိုင်သည့် အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သူ သိပေသည်။
ကြည့်ရတာ အနာဂတ်မှာ မြို့ပိုင်မင်း တစ်ယောက် အနေနဲ့ သူက ဒီအရာရှိတွေရဲ့ လက်ထောက်အဖြစ်သာ နေရတော့မည့် ပုံပင်။
...