အခန်း ၁၀၀ : ချင်းဟယ်ခရိုင်သို့ ရောက်ရှိလာကြခြင်း
"ဟိုဟာက ချင်းဟယ် ခရိုင်လား"
မြင့်မားသည့် တောင်ထိပ်ပေါ်က အေးစက်သော ညလေညင်းက ကျင့်ကြံသူ တစ်စု အတွက် ဘာမှ မဟုတ်ပေ။
သူတို့ အဝေးကို လှမ်းကြည့်လိုက်၏။
မှောင်မိုက်သော ည၌ ချင်းဟယ် ခရိုင်၏ မီးရောင်များက ကမ္ဘာမြေပေါ်က လက်ခနဲ ဖြစ်နေသော ကြယ်ပွင့်လေးများ ကဲ့သို့ အလွန် ထင်ရှားနေခဲ့သည်။
ပြည်နယ်အစိုးရ အရာရှိတစ်ဦးဟာ လေးလံသော သက်ပြင်းတစ်ချက်အား ချလိုက်သည်။ သူ အလွန် မောပန်းနေပြီ ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီ အလွန်အကျွံ ကုန်ဆုံးခြင်းကို ဆေးလုံးများ သောက်သုံးပြီး ပြန်လည် ဖြည့်ဆည်းနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုကိုတော့ မည်သည့် ဆေးလုံးနှင့်မျှ သက်သာအောင် မပြုလုပ်နိုင်ပေ။
သူ့ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့ကျသွားသကဲ့သို့ သူ ပြောလိုက်သည်။ "ဒီခရီးစဉ်က တကယ် မလွယ်ကူခဲ့ဘူးပဲ"
လူတိုင်း သဘောတူစွာ ခေါင်းငြိမ့်လိုက်ကြသည်။
တကယ်ပင် လမ်းတစ်လျှောက် သူတို့ ကြုံတွေ့ခဲ့ရသော အန္တရာယ်များက တကယ့်ကို လူတွေရဲ့ ဦးရေပြား ထုံကျင်သွားစေနိုင်ပေသည် ။
နောက်ဆုံးတော့...ဝိညာဉ်ဓားဂိုဏ်းမှ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ လှုပ်ရှားလာသည် အထိ အချိန်ဆွဲပေးရန် အနက်ရောင်ဝတ် အဘိုးအို ကိုယ့်ကိုယ်ကိုယ် စတေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်... ဖြစ်နိုင်သည်မှာ သူတို့အားလုံး မိစ္ဆာသားရဲ၏ အစာ ဖြစ်သွားလောက်ပြီ ဖြစ်ပြီး ယခုအချိန်ဆိုလျှင် သူတို့ဟာ မိစ္ဆာသာရဲ၏မစင်ပုံ ဖြစ်နေလောက်ပေပြီ။
သို့သော် သူတို့ဟာ ယခု အလွန် အရေးကြီးသော ပြဿနာ တစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည်။ အဲဒါကတော့...
သူတို့ကြားတွင် အသန်မာဆုံး ဖြစ်သည့် အနက်ရောင်ဝတ် အဘိုးအိုက လူသူကင်းမဲ့သော တောင်တန်းထဲတွင် သေဆုံးသွားခဲ့တာပင်။
......
ကျန်ရှိသော (၅) ယောက်လုံးက အခြေတည်အဆင့်တွင်သာ ရှိကြသည်။
အခြေတည်အဆင့် ကျင့်ကြံသူ (၅) ယောက်ဖြင့် သူတို့က ထွက်ပြေးလွတ်မြောက်လာသည့် မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို စုံစမ်းစစ်ဆေးရန် အရည်အချင်း ပြည့်မီတော့ပဲ အန္တရာယ် များလွန်းနေပေသည်။
ပြည်နယ်မြို့တော်မှ ကျင့်ကြံသူ တစ်ဦးက အဝေးမှ ချင်းဟယ် ခရိုင်ကို ကြည့်ပြီး စိုးရိမ်ပူပန်မှု တစ်ခု ပြောလိုက်သည်။ "အကယ်၍ ဒီကို ထွက်ပြေးလာတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူက ရွှေအမြုတေ အဆင့် ကျင့်ကြံမှု ရှိနေရင် ငါတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ"
ဒီစကား ဆုံးသွားသည်နှင့် သူတို့ထဲက လူအနည်းငယ် တိတ်ဆိတ်သွားခဲ့ကြသည်။
ပထမဆုံး စကားပြောလာသူမှာ မင်းသမီး ဖူရွှမ်နီဖြစ်၏။
"မိစ္ဆာကျင့်ကြံသူရဲ့ ခွန်အားက သန်မာတယ်လို့ ငါတို့က သူတို့ကို မတိုက်ခိုက်ရတော့ဘူးလား...အကယ်၍ ငါတို့ မိစ္ဆာကျင့်ကြံသူတွေကို မဖြေရှင်းရင် ဘယ်သူက ဖြေရှင်းပေးမှာလဲ...အဲဒီ မိစ္ဆာကျင့်ကြံသူတွေ မကောင်းမှု ဆက်လုပ်၊ လူတွေကို သတ်၊ လေလွှင့်ကျင့်ကြံသူတွေကို သတ်ဖြတ်နေတာကို ငါတို့ ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား"
သူမ ဒီစကားလုံးတွေကို စိတ်လိုက်မာန်ပါ ပြောနေခြင်း မဟုတ်ဘဲ အလွန် ဆင်ခြင်တုံတရား ရှိစွာ ဆက်ပြောလိုက်သည် - "အထက်လူကြီးတွေက နောက်ထပ် ရွှေအမြုတေ တစ်ယောက် ထပ်လွှတ်ပေးဖို့ ငါ ဆက်သွယ်ရေး အဆောင်သုံးပြီး ပြည်နယ်မြို့တော်ကို အကြောင်းကြားပြီးပြီ"
"အဲဒီ ရွှေအမြုတေ ချင်းဟယ် ခရိုင်ကို မရောက်လာခင် ငါတို့က မိစ္ဆာကျင့်ကြံသူ တချို့ရဲ့ ခြေရာတွေကို ရှာဖွေတွေ့ရှိထားတာ အကောင်းဆုံးပါပဲ"
"အကောင်းဆုံးကတော့ အမြန်ဆုံး နှုန်းနဲ့ ဒီမိစ္ဆာကျင့်ကြံသူတွေ မကောင်းမှု လုပ်ဖို့ မပြင်ဆင်ခင်..."
"သူတို့အားလုံးကို တစ်ခါတည်း ဖမ်းဆီးလိုက်ကြမယ်.... တစ်ယောက်မှ အရှင်မထားနဲ့"
သူမဟာ ချင်းဟယ် ခရိုင်သို့ ကိုယ်တိုင်လာရောက်ပြီး မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို စုံစမ်းစစ်ဆေးခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ဖူရွှမ်နီက သူမ၏ အလုပ်တွင် ပြတ်သားပြီး သူမ ရင်ဆိုင်နေရသည့် အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက် ချတတ်လေသည်။
သူမ တွန့်ဆုတ်နေမည် မဟုတ်ပေ။
"ဒါ့အပြင် ငါတို့ဆီမှာ အရှင် လီဖေးယွီ ရှိနေသေးတယ်လေ... သူ ငါတို့ကို အချိန်ကာလ တစ်ခုလောက် ကူညီပေးနိုင်ပါတယ်"
ဖူရွှမ်နီ ပြောလိုက်၏။ "မိစ္ဆာကျင့်ကြံသူတွေက သန်မာရင်တောင် ငါတို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်"
ဒီအချိန်ကာလ တစ်လျှောက် သူမဟာ လူသားရုပ်သေး၏ နာမည်ကို သိရှိထားပြီး ဖြစ်သည်။ သူမက ဒီလီဖေးယွီ နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုလေသည်။
ဘာပဲဖြစ်ဖြစ်... သူတို့ အသက်တွေက တစ်ယောက်နဲ့ တစ်ယောက် ဆက်နွယ်နေကြပြီး သွေးကတိသစ္စာ ရှိနေသော်လည်းဘသိပ်မလုံခြုံဘူးလို့ သူတို့ ခံစားနေရတုန်းပင်။
ကံကောင်းစွာဖြင် ဒီလီဖေးယွီ က ပိုက်ဆံကိုပဲ ဂရုစိုက်ပြီး သူ့ကို လုံလောက်တဲ့ စည်းစိမ်ဥစ္စာ ပေးသရွေ့ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပေသည်။ ဒါပေမဲ့ စည်းစိမ်ဥစ္စာကို မပေးချေရင်အေးစက်သည့် မျက်နှာထားကိုသာ ရရှိပေလိမ့်မည်။
ဒီအချိန်မှာ၊ လူသားရုပ်သေး၏ အက်ကွဲသည့် အသံ ထွက်ပေါ်လာခဲ့သည်။ "ငါတို့ ဒီမှာ အနားယူဖို့ လိုမလား ဒါမှမဟုတ် ချင်းဟယ် ခရိုင်ထဲ တိုက်ရိုက် ဝင်ကြမလား"
ဒါကို ကြားတော့ ဖူရွှမ်နီ ပြန်ဖြေလိုက်သည် - "အရှင် ကျွန်မတို့ ဒီညပဲ ချင်းဟယ် ခရိုင်ထဲ ဝင်ဖို့ ပြင်ဆင်ထားပါတယ်.... ဒီမှာ အနားယူနေတာ သိပ်အသုံးမဝင်ပါဘူး"
အမွှေးတိုင် တစ်တိုင် ထွန်းညှိချိန် တစ်ဝက်အောက် အနားယူပြီးနောက် သူတို့ဟာ ချင်းဟယ် ခရိုင်ဆီ ဦးတည်သွားခဲ့ကြသည်။
သူတို့ဟာ ဓားစီးပျံသန်းပြီး ဆက်သွားကြရာ အမြန်နှုန်းမှာ အလွန် မြန်ဆန်နေခဲ့သည်။
...
ချင်းဟယ် ခရိုင်ရုံး အတွင်း။
လွန်ခဲ့သော ရက်အနည်းငယ်က မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများ၏ ကိစ္စကြောင့် ခရိုင်ရုံး တစ်ခုလုံး ရှုပ်ထွေးနေခဲ့သည်။
ရက်အနည်းငယ် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း သူတို့ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စများ များစွာ ရှိနေသေးလေသည်။
အတိတ်တုန်းက နေမဝင်ခင် မြို့ပိုင်မင်းက ခရိုင်ရုံးမှ ထွက်ခွာပြီး သူ့အိမ်ပြန်ကာ သူ့မယားငယ်နှင့် အတူ ပျော်ပါးလေ့ ရှိသည်။
သို့သော်... မကြာသေးမီက ကိစ္စရပ်များ အလွန် များပြားလာသဖြင့် သူ့မယားငယ်ကို အနည်းငယ် ဒုက္ခပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
တစ်ဖက်မှာကျတော့ သူဟာ ခရိုင်ရုံးထဲမှာ ခါးသီးစွာ ထိုင်ပြီး ပြန်မသွားခင် သန်းခေါင်ယံအထိ နေနေခဲ့ရသည်။
သို့ပေမဲ့ သူ လုပ်နိုင်တာ ဘာမှ မရှိချေ။
ချင်းဟယ် ခရိုင်၏ ဧည့်သည်တော် ဝန်ကြီး ပိရွှီက ပြည်နယ်မြို့တော်မှ လူများကို လာရောက်ရန် အကြောင်းကြားထားပြီးပြီဟု သူ ကြားထားခဲ့သည်။
မြို့ပိုင်မင်း တစ်ယောက် အနေနဲ့ သူ အချိန်မီ မကိုင်တွယ်နိုင်သော အလုပ်အချို့ ရှိနေရာ အကယ်၍ ပြည်နယ်မြို့တော်က လူတွေ ရောက်လာတဲ့အခါ... သူ ပြဿနာကြီး တက်နိုင်ပေသည်။
"အမလေး...ငါ့ခါးအိုကြီး"
တစ်နေ့လုံး အလုပ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသော ချင်းဟယ် မြို့ပိုင်မင်းဟာ သူ့ခါးအိုကြီးကို မထိဘဲ မနေနိုင်တော့ပေ။
သူ ခါးသီးစွာ ပြောလိုက်၏။"အဲဒီ သောက်ကျိုးနည်း မိစ္ဆာကျင့်ကြံသူတွေက လူတွေကို ခဏလောက် အနားယူခွင့် ပေးလို့ မရကြဘူးလားကွာ"
"သူတို့က ဘာလို့ ပြဿနာရှာဖို့ ချင်းဟယ် ခရိုင်ကို ရွေးရတာလဲ... ဒါက ငါ့အတွက် သိပ်ခက်ခဲတာပဲ"
ရုတ်တရက် ရုံးတော်မှ အမှုထမ်းတစ်ဦး အလျင်စလို ပြေးဝင်လာပြီး မြို့ပိုင်မင်း၏ အာရုံစိုက်မှုကို ရယူလိုက်သည်။ သူ မပျော်မရွှင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။"ဘာဖြစ်တာလဲ... ငါ မင်းတို့ကို နေ့တိုင်း ဆုံးမထားတယ် မဟုတ်ဘူးလား... မဝင်ခင် မင်း အရင် နှုတ်မဆက်သင့်ဘူးလား.... မင်းရဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေက ဘယ်ရောက်သွားလဲ"
ပြေးဝင်လာသော ရဲမက် ကြောင်အသွားခဲ့သည်။ သူ၏ မြန်ဆန်သော အသက်ရှူနှုန်းကို တည်ငြိမ်အောင် ကြိုးစားပြီး စကားလုံးများကို စီစဉ်လိုက်၏။
မကြာမီ သူ စိုးရိမ်တကြီး ပြောလိုက်သည်။ "မြို့ပိုင်မင်းကြီး ချင်းဟယ် ခရိုင်ထဲ ဝင်ရောက်လာတဲ့ ကျင့်ကြံသူ တစ်ယောက်မက ရှိနေပါတယ်"
"မသေမျိုးကျင့်ကြံသူ....." မြို့ပိုင်မင်း မျက်မှောင်ကြုတ်လိုက်၏။ "သူတို့က ကျင့်ကြံသူတွေ ဖြစ်တော့ ဘာဖြစ်လဲ... ချင်းဟယ် ခရိုင်ထဲမှာ လေလွှင့်ကျင့်ကြံသူတွေ မနည်းမနော ရှိတာပဲကို... သူတို့က မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာတွေ မဟုတ်သရွေ့ ကျင့်ကြံသူ ဘယ်နှယောက် ရှိရှိ ဘယ်သူ ဂရုစိုက်မှာလဲ"
"မဟုတ်ဘူး... မဟုတ်ဘူး..." ရဲမက် အလျင်စလို ထပ်ပြောလိုက်သည်။ "သူတို့က သာမန် ကျင့်ကြံသူတွေ မဟုတ်ဘူး... သူတို့... သူတို့အားလုံး ဓားစီးပြီး ပျံသန်းဝင်ရောက်လာတာ"
သူ ပြောလို့ ပြီးတာနဲ့ မြို့ပိုင်မင်း၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားခဲ့သည်။ သူက ကျင့်ကြံသူ တစ်ယောက် မဟုတ်သော်လည်း ကျင့်ကြံသူများ အကြောင်း တော်တော်များများ သိထားပေသည်။
...