အခန်း ၁ : မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ် စတင်ခြင်း
[မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်မှ ကြိုဆိုပါသည်။ သင်ဟာ ၃၆ ကြိမ်မြောက် မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှုကို အသက်သွင်းရန် အတည်ပြုလိုက်ပါပြီ။]
[သင့်တွင် ရွေးချယ်စရာ နှစ်ခု ရှိပါသည်]
[ရွေးချယ်စရာ ၁ - ပြီးခဲ့သည့် မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှုအား ဆက်လက်လုပ်ဆောင်မည်။ သို့သော် အစမှ အကုန်ပြန်စရမည် ဖြစ်ပြီး မွေးရာပါ ပါရမီအသစ်အား ချက်ချင်း ပြန်လည်ရွေးချယ်၍ မရနိုင်ပါ။ ပါရမီအသစ် ပြန်လည်ရရှိရန်အတွက် သရုပ်ဖော်မှုထဲတွင် အနှစ် ၂၀ ကြာအောင် အသက်ရှင်နေထိုင်ရန် လိုအပ်ပါသည်။]
[ရွေးချယ်စရာ ၂ - မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှု အသစ်တစ်ခုကို ရွေးချယ်မည်။ မွေးရာပါ ပါရမီအသစ်ကို ချက်ချင်း ပြန်လည်ရွေးချယ်နိုင်သည်။]
[သင် ရွေးချယ်စရာ ၂ ကို ရွေးချယ်လိုက်ပါပြီ ။]
[သင့်၏ မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှုအ အသက်သွင်းရန် အောက်ပါ မွေးရာပါ ပါရမီ ၁၀ ခုထဲမှ ၃ ခုအား ကျေးဇူးပြု၍ ရွေးချယ်ပါ - ]
၁။ ခြေတံရှည် သတ္တဝါ (သင့်၏ ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် အောက်ပိုင်း အချိုးအစားက သိသိသာသာ မညီမမျှ ဖြစ်နေမည်)
၂။ ဉာဏ်အလင်းပွင့်သော ဆရာသခင်၏ လက်ဆောင် (အထူးပစ္စည်းတစ်ခု ရရှိရန် အခွင့်အရေး ရှိပါမည်)
၃။ နေရောင်ခြည် ဓာတ်မတည့်ခြင်း (နေရောင်ထဲ ထွက်လို့မရပါ....)
၄။ ရှင်းထျန်း (ခေါင်းမပါဘဲ မွေးဖွားလာမည်....)
၅။ မြေပိုင်ရှင်သူဌေးကြီး၏ သားဖျင်း (သင့်အဖေက တော်တော်လေး ချမ်းသာသည်....)
၆။ ခြေထောက် ထိန်းချုပ်မှု (ခန့်မှန်းကြည့်လိုက်ပါ.....)
၇။ မွေးရာပါ ပေါင်းစပ်ဖို (အောက်ပါတို့အကြောင်းရာတို့က ငွေပေးချေရမည့် အကြောင်းအရာများ ဖြစ်သည်.....)
၈။ တကယ့်ကို ထူးခြားဆန်းပြားသော ရုပ်ရည် (သင့်အမေက လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့တာလားဟု တခြားသူများ သံသယဝင်ကြလိမ့်မည်....)
၉။ သာမန် မြေဓာတ် ဝိညာဉ်အမြစ် (ပါရမီ အနည်းငယ် ရှိသည်)
၁၀။ မြေထဲပင်လယ် (အလွန် ထူးခြားသော ဆံပင်ပုံစံ....)
[ကျေးဇူးပြု၍ ရွေးချယ်ပါ]
[သင်က ပါရမီ ၂၊ ၅ နှင့် ၉ တို့ကို ရွေးချယ်လိုက်ပါပြီ။ သရုပ်ဖော် စနစ်က သင့်အား ပါရမီအမှတ် ၁၀ မှတ် ပေးအပ်လိုက်ပါသည်။ သင့်၏ ကိုယ်ပိုင် ဂုဏ်သတ္တိများကို ကျပန်း ထုတ်လုပ်နေပါပြီ...]
[အမည် - ပိုင်ယီ]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ၂]
[စိတ်စွမ်းအား - ၂]
[မိသားစု နောက်ခံ - ၄]
[ကံတရား - ၁]
[ဂုဏ်သတင်း - ၁]
[ပါရမီ - ဉာဏ်အလင်းပွင့်သော ဆရာသခင်၏ လက်ဆောင်၊ မြေပိုင်ရှင်သူဌေးကြီး၏ သားဖျင်း၊ သာမန် မြေဓာတ် ဝိညာဉ်အမြစ်]
[သဲလွန်စ - မည်သည့် ဂုဏ်သတ္တိမဆို သုည ဖြစ်သွားပါက သေဆုံးနိုင်ခြေ အလွန် မြင့်မားသွားပါမည်]
[သင့်၏ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်းဘဝ တရားဝင် စတင်ပါတော့မည် - ]
[ရေတွက်ခြင်း - ၁၀၊ ၉... ၀..]
[သရုပ်ဖော်မှု စတင်ပါပြီ]
[အသက် ၀ နှစ် - သင်ဟာ မသေမျိုးကျင့်ကြံခြင်း ကမ္ဘာတစ်ခုသို့ ဝင်စားခဲ့ပြီး ကုန်သည်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။]
[အသက် လဝက်သားအရွယ် - သင် မိဘများကို လှမ်းခေါ်တတ်လာသည်။ သင့်အဖေဟာ စိတ်လှုပ်ရှားစွာဖြင့် တေးဂီတနားထောင်ရန် လက်ရန်းဘက်သို့ ပြေးထွက်သွားခဲ့သည်။]
[သင် ဓားပြများ၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရသည်။]
[ကံတရား -၁]
[ဓားပြများက ကလေးထိန်းသည့် အတွေ့အကြုံ မရှိကြပေ။ ထို့ကြောင့် သင်ဟာ တစ်ရက်လုံး အစာငတ်နေခဲ့ရသည်။]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ -၁]
[သင့်အဖေက ကျွမ်းကျင် စေ့စပ်ညှိနှိုင်းသူ တစ်ဦးကို ဓားပြများနှင့် စကားနိုင်လုရန် ငွေအမြောက်အမြား ပေး၍ ငှားရမ်းလိုက်သည်။ ဓားပြများဟာ အလွန် ဒေါသထွက်သွားပြီး သင့်လည်ပင်းအား လှီးဖြတ်လိုက်ကြသည်။ သင် သေဆုံးသွားခဲ့သည်။]
[အသက် - ၃၁ ရက်]
[သင်သည် သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်းဘဝတွင် (၅) နှစ်ပြည့်အောင် မနေထိုင်နိုင်ခဲ့ပါ။ ထို့ကြောင့် မည်သည့် ဆုလာဘ်မျှ မရရှိပါ။ နောက်တစ်ကြိမ် သရုပ်ဖော် စနစ်ထဲ ဝင်ရောက်ရန် (၂၄) နာရီ ကြာအောင် စောင့်ဆိုင်းရပါမည်။]
[သင်ဟာ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်းဘဝကို (၃၆) ကြိမ်တိုင်တိုင် အသက်သွင်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သင့်အား ၎င်း၏ သခင်အဖြစ် တရားဝင် အသိအမှတ် ပြုလိုက်ပါပြီ]
[သင်သည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ လုပ်ပိုင်ခွင့် အာဏာ အများစုကို ရရှိလိုက်ပါပြီ]
[...]
"ငါ သေပြန်ပြီ..."
ပိုင်ယီ တစ်ယောက် ကြောက်ရွံ့မှု အနည်းငယ်ဖြင့် သူ၏ အကောင်းပကတိ ရှိနေသေးသည့် လည်ပင်းအား ပွတ်သပ်လိုက်၏။ သူဟာ အံကိုကြိတ်ပြီး မကျေမနပ် ရေရွတ်လိုက်မိသည်။
"ဒီ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ငါကစားသင့်တဲ့အရာ မဟုတ်ဘူးကွ။ ငါ တစ်လအတွင်း အကြိမ် ၃၀ ဆက်တိုက် သေခဲ့ပြီးပြီ။ တစ်လလောက် အသက်ရှင်ဖို့တောင် မနည်းကြိုးစားခဲ့ရတာ နောက်ဆုံးကျတော့ သေတာပါပဲကွာ..."
"ဒါပေမဲ့ အနည်းဆုံးတော့ စနစ်ရဲ့ လုပ်ပိုင်ခွင့် အာဏာ ပိုရလိုက်သေးတယ်။ ငါ့ကြိုးစားမှုတွေက အလဟဿတော့ မဖြစ်ဘူးပေါ့..."
...
ပိုင်ယီဟာ ကမ္ဘာမြေမှ ရောက်ရှိလာသော ကူးပြောင်းလာသူ တစ်ဦး ဖြစ်၏။
လွန်ခဲ့သည့် တစ်နှစ်က ဤစိမ်းသက်သော မသေမျိုးကျင့်ကြံခြင်း ကမ္ဘာကို စရောက်စဉ်က သူဟာ အတော်လေး စိတ်လှုပ်ရှားခဲ့ရသေးသည်။
မသေမျိုးကျင့်ကြံခြင်း... ၎င်းက လူမည်မျှလောက်က ဤအရာကို စိတ်ကူးယဉ်ဖူးကြမည်နည်း။
အထူးသဖြင့် သူနေထိုင်သည့် ခရိုင်မြို့လေးနှင့် မဝေးလှသောနေရာတွင် နာမည်ကြီး မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ရှိနေပေသည်။ ထိုဂိုဏ်းချုပ်ကြီးက နှစ်ပေါင်း တစ်ထောင်ကျော် အသက်ရှည်နေပြီဟု ဆိုကြပြီး တကယ့် ဘိုးတော်ကြီး အစစ် ဖြစ်လေသည်။
အရာအားလုံးက ချောမွေ့နေသကဲ့သို့ပင်။ သူ၏ ရုပ်ရည်ကလည်း မဆိုးလှချေ။ မသေမျိုးကျင့်ကြံခြင်း ဝတ္ထုများ၏ ယုတ္တိဗေဒအရ ဆိုလျှင် - ရုပ်ချောခြင်း = ပါရမီ = ကံကောင်းခြင်းများ ရှိလေသည်။
သို့သော်...
ဝိညာဉ်အမြစ် သွားစစ်ဆေးသည့်အခါကျမှ လက်တွေ့ဘဝ၏ ဖျက်ရိုက်ခြင်းအား ခံလိုက်ရပေသည်။
သူ့တွင် ဝိညာဉ်အမြစ် မပါလာခဲ့ချေ။
သူဟာ မသေမျိုးလမ်းစဥ်အား ကျင့်ကြံ၍ မရနိုင်ပေ။
သောက်ကျိုးနည်းချေပြီ။
ဝတ္ထုများက အလိမ်အညာတွေချည်းပင် ဖြစ်၏။
ထို့ကြောင့် သူဟာ မျက်ရည်များဖြင့်သာ ဤဘဝကို လက်ခံလိုက်ရတော့သည်။ ကွယ်လွန်သွားသည့် မိဘများထံမှ အိမ်ကြီးတစ်လုံးနှင့် အငှားဆိုင်ခန်း တစ်ဒါဇင်ကျော်လောက် အမွေရလိုက်သည်။
လစဉ်လတိုင်း အိမ်ငှားခ လိုက်ကောက်ပြီး ငွေစ ၁၀၀ လောက်သာ ဝင်ငွေရပေသည်။ သူဟာ ငြီးငွေ့စရာကောင်းပြီး ပျင်းစရာကောင်းသည့် ဘဝအား ဖြတ်သန်းနေရ၏။
"ဟူး..."
ဤသို့ ငြီးငွေ့စရာကောင်းသည့် ဘဝနှင့် တစ်နှစ်တောင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်မူ...
ယနေ့တွင် ပိုင်ယီဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို အသက်သွင်းနိုင်ခဲ့လေသည်။
နာမည်အတိုင်းပင်... မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော် လုပ်ပေးနိုင်သည်။ သရုပ်ဖော်မှု စတင်လိုက်သည်နှင့် သူဟာ ထိုကမ္ဘာထဲသို့ ကူးပြောင်းသွားပြီး မသေမျိုးကျင့်ကြံခြင်း ဘဝအသစ်တစ်ခုကို ဖြတ်သန်းရမည် ဖြစ်သည်။
ထိုကမ္ဘာထဲတွင် ၅ နှစ်ခန့် အသက်ရှင်နိုင်လျှင် စနစ်ထံမှ ဆုလာဘ်များ ရရှိပေလိမ့်မည်။
အသက်ရှင်ချိန် ကြာလေ ဘဝက ပိုစိတ်လှုပ်ရှားစရာ ကောင်းလေ၊ ဆုလာဘ်များ ပို၍ ရလာလေပင်။
သို့သော် ဤသရုပ်ဖော် စနစ်၏ အခက်အခဲ အဆင့်က ရယ်ချင်စရာကောင်းလောက်အောင် မြင့်မားလွန်းနေ၏။
ထို့ပြင် ပိုင်ယီဟာ သူ၏ ကံတရားက အနည်းငယ် ဆိုးနေသည်ဟု ခံစားမိလေသည်။
အကြိမ် ၃၀ ကျော်လောက် ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ အလွန်ခက်ခဲလွန်းလှသည်။
ပိုင်ယီဟာ မူလကတော့ ဤကဲ့သို့ စနစ်ဖြင့်ဆိုပါက မသေမျိုးကျင့်ကြံခြင်း ခရီးလမ်းကို စတင်နိုင်တော့မည်ဟု ထင်ထားခဲ့လေသည်။ ဓားပျံစီးရမည့် အကြောင်းတောင် စိတ်ကူးယဉ်နေပြီ ဖြစ်၏။ ကောင်းကင်ပေါ် ပျံသန်းသည့်အခါ လေကာမျက်မှန် တပ်သင့်လား မတပ်သင့်ဘူးလားတောင် စဉ်းစားနေခဲ့ပေသည်။
နောက်ဆုံးကျတော့ မသေမျိုးကျင့်ကြံခြင်း အရသာကို မခံစားရဘဲ သေခြင်းတရား၏ အရသာကိုသာ ဒါဇင်နှင့်ချီပြီး ခံစားလိုက်ရလေသည်။
ဆိုးရွားလိုက်သည့် ဖြစ်ခြင်း။
သရုပ်ဖော် စနစ်၏ အချိန်စောင့်ဆိုင်းရမှုက ၂၄ နာရီနီးပါး လိုသေးလေသည်။ ပိုင်ယီ တစ်ယောက် စိတ်ဓာတ်ကျနေမှုများ ပြေပျောက်စေရန် လေကောင်းလေသန့် ရှူရင်း အပြင်ထွက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ပိုင်ယီ အမွေရထားသည့် အိမ်ကြီးက မြေတစ်လက်မကို ရွှေတစ်ကျပ်သားလောက် တန်ဖိုးရှိသည့် စည်ကားရာ နေရာတွင် တည်ရှိ၏။ တံခါးဖွင့်လိုက်သည်နှင့် မြို့ပြ၏ စည်ကားမှုကို တွေ့လိုက်ရသည်။
မျက်စိတစ်ဆုံး ရှေးဟောင်းစတိုင် အိမ်ကြီးအိမ်ကောင်းများ နေရာအနှံ့ ရှိနေပေသည်။ လူများအားလုံးက ရှေးဟောင်းပုံစံ ဝတ်စုံများ ဝတ်ဆင်ထားကြ၏။
သာမန် အရပ်သားများ ရှိသကဲ့သို့ တန်ဖိုးကြီး ဝတ်စုံများ ဝတ်ဆင်ထားသည့် သခင်လေးများလည်း ရှိလေသည်။
ထူးခြားသည့် ကိုယ်ရောင်ကိုယ်ဝါ ရှိသော မသေမျိုးကျင့်ကြံသူများပင် ရှိသေး၏။
သူ့မျက်စိရှေ့မှ မြင်ကွင်းများကတော့... ပိုင်ယီအတွက် မစိမ်းတော့ချေ။
စည်ကားသည့် မြို့ပြ၏ လမ်းမများနှင့် လမ်းကြားများတွင် လူများ စုဝေးနေကြပြီး ဆင်တူသည့် အကြောင်းအရာ တစ်ခုကို ဆွေးနွေးနေကြလေသည်။
"မြို့အနောက်ဘက်က ချန်မျိုးနွယ်ခေါင်းဆောင်ကြီးရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲက နောက်ရက်အနည်းငယ်အတွင်း ကျင်းပတော့မယ်တဲ့... သူက ခရိုင်ထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ဖိတ်ကြားထားသေးတယ်ကွ..."
"ပြီးတော့ အဲဒီအထဲမှာ မသေမျိုးကျင့်ကြံသူတွေ အများကြီး ပါတယ်တဲ့... သူ့မြေးမလေးလည်းကလည်း မွေးနေ့ပွဲအတွက် ပြန်လာမယ်တဲ့... ပြီးတော့ ထူးခြားတာတစ်ခုက သူ့မြေးမလေးက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မတဲ့ကွ... အင်း...ချန်မျိုးနွယ်ခေါင်းဆောင်ကြီးက အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုခဲ့တာ နေမှာပဲ..."
"ငါမှတ်မိသလောက် ချန်မျိုးနွယ်ခေါင်းဆောင်ကြီးရဲ့ မြေးမ နာမည်က ချန်ချန်ရွှယ် မဟုတ်လား... သူ ၅ နှစ်သမီး အရွယ်တုန်းက ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ရှိတာ တွေ့ခဲ့တာလေ... ဒါကြောင့် ဝိညာဉ်ဓားဂိုဏ်း ခေါင်းဆောင်ကြီး ကိုယ်တိုင် တောင်ပေါ်က ဆင်းလာပြီး သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာဆိုခားပဲ... အခုဆို သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မတောင် ဖြစ်နေပြီလား..."
"အေးဟုတ်တယ်... သူ့ကို နောက်ထပ် ဂိုဏ်းချုပ် အဖြစ် လေ့ကျင့်ပျိုးထောင်နေတာတဲ့... ဒီတစ်ခါတော့ ချန်မျိုးနွယ်စုက ကောင်းကင်ပေါ် ပျံတက်သွားသလိုပါပဲကွာ..."
"သူမက တကယ့်ကို ကောင်းကင်ဘုံရဲ့ သမီးပျိုလေးပါပဲ..."
ပိုင်ယီဟာ ဤခရိုင်မြို့လေးတွင် နေလာသည့် ရက်အနည်းငယ်အတွင်း ဤ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ အကြောင်း ပြောဆိုသံများကို အများဆုံး ကြားနေခဲ့ရသည်။ သတင်းအမှားအမှန် အမျိုးစုံ ထွက်နေခဲ့ပြီး ယနေ့လည်း ထူးမခြားနားပင်။
သူ လမ်းလျှောက်ထွက်လာတော့ လမ်းမများနှင့်လမ်းကြားများတွင် သူမအကြောင်း ပြောဆိုသံများချည်းသာ ပြည့်နှက်နေခဲ့လေသည်။
သူမက မွေးရာပါ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ပါလာပြီး ကျင့်ကြံသူ ဖြစ်လာရန် မွေးဖွားလာသူ ဖြစ်၏။
ကူးပြောင်းလာသူ တစ်ယောက် အနေဖြင့် သူဟာ မျက်နှာပျက်စရာပင်။ ဒေသခံတစ်ယောက်ကိုတောင် မယှဉ်နိုင်ခဲ့ချေ။
ထိုအခိုက်တန့်၌ ပိုင်ယီဟာ ရုတ်တရက် အကြံတစ်ခု ရသွားခဲ့၏။ စနစ်၏ လုပ်ပိုင်ခွင့် အာဏာ အများစုကို ပိုင်ဆိုင်ထားသူ တစ်ယောက်အနေဖြင့် သူဟာ အခြားလူများအား စနစ်ထဲ ဖိတ်ခေါ်၍ ရကြောင်း သိထားလေသည်။ အခြားသူများ စနစ်ထဲကနေ ရရှိလာမည့် ဆုလာဘ်များ အားလုံးကို သူ့အိတ်ထဲ ထည့်၍ ရကြောင်းလည်း သိထားပေသည်။
ဆိုရသော် သူ့ဟာ အာဏာကို အလွဲသုံးစား လုပ်လို့ ရပေသည်။
ပိုင်ယီဟာ ဤအကြံဉာဏ်က ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရ၏။
သို့သော် ကန့်သတ်ချက်များတော့ မရှိမဟုတ် ရှိလေသည်။ တနည်းအားဖြင့် သူဟာ တစ်ဖက်လူ၏ အခြေခံ အချက်အလက်တချို့ကို သိထားရန် လိုပေသည်။ ထို့အပြင် သူဖိတ်ခေါ်နိုင်မည့် အရေအတွက်နှင့် တစ်ပြိုင်နက်တည်း သရုပ်ဖော်နိုင်မည့် အရေအတွက်က သူ၏ ကျင့်ကြံမှုအဆင့် ပေါ် မူတည်ပြီး စနစ်က သတ်မှတ်ပေးမည် ဖြစ်၏။
ဥပမာအားဖြင့် ယခု သူ့တွင် ကျင့်ကြံမှုအဆင့် မရှိသေးသည့်အတွက် တစ်ကြိမ်လျှင် တစ်ယောက်သာ ဖိတ်ခေါ်ပြီး သရုပ်ဖော်ခိုင်း၍ ရပေမည်။
အကယ်၍ သူသာ ချီစုစည်းမှု အဆင့် ရောက်သွားလျှင်မူ နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ဖိတ်ခေါ်ပြီး သရုပ်ဖော်ခိုင်း၍ ရလာပေလိမ့်မည်။
ထို့ပြင် တစ်ဖက်လူနှင့် အကွာအဝေး တစ်ခုအတွင်းတွင် ရှိနေရန်လည်း လိုအပ်သေးလေသည်။ ထိုမှသာ တစ်ဖက်လူကို သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်နိုင်မည် ဖြစ်၏။
ကံဆိုးသည်မှာ ဤကဲ့သို့ ကန့်သတ်ချက်များ ရှိနေခြင်းပင်။
မဟုတ်လျှင်...
ပိုင်ယီဟာ ခရိုင်တစ်ခုလုံးအား စနစ်ထဲ ဆွဲထည့်ပစ်လိုက်ပေမည်။
"သူတို့ကို ငါ့အတွက် အလုပ်လုပ်ခိုင်းပစ်လိုက်မယ်..."
သူက နောက်ကွယ်က သူဌေး အနေဖြင့် နေပြီး အောင်မြင်မှုများအား ထိုင်စံစားနေလိုက်ရုံပင်။
လက်ရှိအချိန်တွင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သူ့ကိုယ်စား ဝင်ရောက်ရန် အသင့်လျော်ဆုံး သူမှာ... ဤရက်ပိုင်း ချင်းဟယ် ခရိုင်တွင် အာရုံစိုက်ခံနေရဆုံး မိန်းကလေးပင် ဖြစ်၏။
ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မ... ချန်ချန်ရွှယ်...
"စမ်းကြည့်ကြတာပေါ့..."
မရေမတွက်နိုင်သည့် အတွေးများဟာ ပိုင်ယီ့ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။ ဘာမှ ဆက်မပြောတော့ဘဲ သူ့ဟာ အိမ်သို့ ပြန်လာခဲ့လေသည်။
သူနေသည့် နေရာက မြို့အနောက်ဘက်က ချန်မျိုးနွယ်စု အိမ်နှင့် သိပ်မဝေးလှချေ။
စနစ်၏ ဖိတ်ခေါ်နိုင်သည့် အကွာအဝေး အတွင်းမှာပင် ရှိလေသည်။
ပြီးတော့ ချန်မျိုးနွယ်စု အဘိုးကြီး၏ မွေးနေ့က နောက်ရက်အနည်းငယ်မှ ရောက်မည်ဆိုတော့ သူတော်စင်မ အနေဖြင့် ချင်းဟယ် ခရိုင်တွင် အနည်းဆုံး ရက်အနည်းငယ်တော့ ဆက်နေဦးမည် သေချာပေသည်။
၎င်းက အချိန်ကိုက်ပင်။
...
နောက်တစ်နေ့...
ပိုင်ယီဟာ ၂၄ နာရီတိတိ ပြည့်အောင် စောင့်လိုက်ပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်အား နောက်တစ်ကြိမ် ဖွင့်လိုက်လေတော့သည်။
ပစ်မှတ်ကတော့။
ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မ ချန်ချန်ရွှယ်ပင်.......