အခန်း (၉၄)။ ။ ပင်လယ်နက်မြို့တော်။
"တောက်။"
လင်းရှုဟာ ဆဲဆိုလိုက်မိပါတယ်။ သူဟာ ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလိုမျိုး လွင့်ထွက်သွားပြီး အနောက်က သစ်ပင်နဲ့ သွားတိုက်မိပါတော့တယ်။
"မင်း ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။" လင်းရှုဟာ နာကျင်မှုကို အောင့်ခံပြီး ပြန်ထလာကာ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်ပါတယ်။
"မင်းရဲ့ ခုခံကာကွယ်နိုင်စွမ်းက ပိုပြီး အားကောင်းလာတယ်လို့ မထင်ဘူးလား။" ပိုင်လီဟောင်လင်းက ပြုံးပြီး မေးလိုက်ပါတယ်။
အဲဒီစကားကို ကြားမှ လင်းရှုဟာ သတိထားမိသွားပါတယ်။ ဒီလောက် ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံလိုက်ရရင် သူ ဒဏ်ရာရသင့်ပေမဲ့လည်း သစ်ပင်နဲ့ တိုက်မိတဲ့ နာကျင်မှု အနည်းငယ်ကလွဲရင် ဘာမှ မဖြစ်တာကို သူ အံ့သြသွားရပါတယ်။
"အဲဒါ ရင်းမြစ်စွမ်းအားရဲ့ အသုံးဝင်ပုံပဲလေ။ လက်နက်မှာလည်း ပတ်ထားလို့ ရသလို မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း အကာအကွယ်အနေနဲ့ ဖုံးလွှမ်းထားလို့ ရတယ်လေ။" ပိုင်လီဟောင်လင်းက ပြောပါတယ်။
"အခု မင်းရဲ့ ရင်းမြစ်စွမ်းအားက တော်တော်လေး အားနည်းသေးတယ်။ မျက်လုံးကို ရင်းမြစ်စွမ်းအားနဲ့ ဖုံးပြီး ကြည့်လိုက်ရင် မင်းရဲ့ ရင်းမြစ်စွမ်းအားက အဖြူရောင် အငွေ့တွေလို ဖြစ်နေတာကို တွေ့ရလိမ့်မယ် မဟုတ်လား။"
လင်းရှု ခေါင်းညိတ်လိုက်ပါတယ်။ အဲဒါဟာ သူ "စူပါဆိုင်းယန်း" တစ်ယောက် ဖြစ်နေသလိုမျိုး ခံစားရစေပြီး သူ့ကို ချွေးတွေတောင် ထွက်လာစေပါတယ်။
"မင်းရဲ့ ခန္ဓာကိုယ်ထဲက ရင်းမြစ်စွမ်းအားတွေ ပိုပြီး အားကောင်းလာတာနဲ့အမျှ အဆင့် ၃ နဲ့ အထက် စစ်သည်တော်တွေရဲ့ ရင်းမြစ်စွမ်းအားဟာ အစိမ်းရောင်အဖြစ် ပေါ်လာပြီး အဆင့် ၆ နဲ့ အထက်ဆိုရင်တော့ အပြာရောင်အဖြစ် ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ အဆင့် ၉ စစ်သည်တော်ရဲ့ ရင်းမြစ်စွမ်းအားက ဘာအရောင်လဲဆိုတာတော့ ငါလည်း မသိဘူး။" ပိုင်လီဟောင်လင်းက ရှင်းပြပါတယ်။
လင်းရှု ခေါင်းညိတ်ပြီး နားထောင်နေပါတယ်။ ဒီလိုနည်းနဲ့ စစ်သည်တော်တွေရဲ့ အဆင့်ကို ခွဲခြားရတာ ပိုပြီး လွယ်ကူသွားတာပေါ့။
"ကဲ။ ဒီညအတွက် လေ့ကျင့်ခန်းကတော့... အရိုက်ခံရဖို့ပဲ။"
"အရိုက်ခံရဖို့ ဟုတ်လား။"(rip🥲)
လင်းရှု ဘာမှ ပြန်မပြောနိုင်ခင်မှာတင် ပိုင်လီဟောင်လင်းရဲ့ လက်သီးဟာ ရောက်ရှိလာပါတော့တယ်။
အချိန်တွေဟာ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မနက်ကို ရောက်ရှိလာပါပြီ။ လင်းရှုဟာ ဝက်ဝံမျက်ကွင်းလိုမျိုး ညိုမည်းနေတဲ့ မျက်လုံးတစ်စုံနဲ့ ရှေ့ကနေ လမ်းလျှောက်နေတဲ့ ပိုင်လီဟောင်လင်းကို စိုက်ကြည့်နေပါတယ်။
အဟွတ် အဟွတ် "ဒါက မတော်တဆ ဖြစ်သွားတာပါ။" ပိုင်လီဟောင်လင်းဟာ ရှေ့ကိုပဲ တည့်တည့်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
"ကဲ။ လေ့ကျင့်ခန်း ပြန်လုပ်ကြစို့။ ဒီညတော့ ငါတို့ရဲ့ ပစ်မှတ်က ပင်လယ်နက်မြို့တော်ကို ရောက်ဖို့ပဲ။" စကားလမ်းကြောင်း လွှဲတဲ့အနေနဲ့ ပိုင်လီဟောင်လင်းဟာ စက်ရုပ်ဝံပုလွေပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ဘယ်လက်ကို ခါးထောက်ကာ ညာလက်နဲ့ ရှေ့ကို ညွှန်ပြလိုက်ပါတယ်။
ဒီကောင်သာ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားမယ်ဆိုရင် ကြည့်ရတာ စိတ်ကောက်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တူမှာပဲလို့ လင်းရှု တွေးလိုက်မိပါတယ်။ ဒါပေမဲ့ သူဟာ ယောကျ်ားချင်း စိတ်ဝင်စားသူတစ်ယောက်ဆိုတာကို ပြန်တွေးမိတဲ့အခါမှာတော့ လင်းရှုဟာ ကျောချမ်းသွားရပါတယ်။
အရင်ကတော့ လင်းရှုဟာ ပိုင်လီဟောင်လင်းက မိန်းကလေး ဖြစ်နိုင်မလားလို့ စဉ်းစားခဲ့ဖူးပေမဲ့ အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ရင်ဘတ်က အင်မတန် ပြားချပ်နေလို့ပါပဲ။
ရှင်းယောင်မြို့တော်။
"မူပိုင် သေသွားပြီ... မူပိုင် သေသွားပြီ ဟုတ်လား။" အဲဒီအချိန်မှာပဲ အင်မတန် အစွမ်းထက်ပုံရတဲ့ အဘိုးအိုတစ်ယောက်ဟာ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း မယုံကြည်နိုင်တဲ့ ပုံစံနဲ့ ပြောနေပါတယ်။
"ဟုတ်ပါတယ်။ သခင်လေးရဲ့ အလောင်းနဲ့ မိသားစုဝင် တချို့ရဲ့ အလောင်းတွေကို ရှင်းယောင်မြို့တော် အပြင်ဘက်မှာ တွေ့ခဲ့ရတာပါ။ အဲဒါ လင်းရှုဆိုတဲ့ ကောင်လေးရဲ့ လက်ချက်လို့ ထင်ရပါတယ်ခင်ဗျာ။" လူလတ်ပိုင်း တစ်ယောက်ဟာ အဘိုးအိုရဲ့ ဘေးမှာ ရိုရိုသေသေ ရပ်နေပြီး နဖူးကနေ ချွေးစေးတွေ ထွက်နေပါတယ်။
တန်မူပိုင်ဟာ လင်းရှုကို ခြုံခိုတိုက်ခိုက်ဖို့ သွားတာကို သူ သိထားပေမဲ့ တန်မူပိုင်နဲ့ တခြားသူတွေအားလုံး သေဆုံးသွားလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပါဘူး။
"လင်းရှု...။" ဒီနာမည်ကို ကြားလိုက်ရတဲ့အခါ အဘိုးအိုရဲ့ မျက်လုံးထဲမှာ လူသတ်ချင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ညှစ်ခြေလိုက်ပါတယ်။
"သူ ဘယ်မှာလဲဆိုတာ မင်း သိလား။" အဘိုးအိုဟာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အဲဒီလူကို မေးလိုက်ပါတယ်။
လူလတ်ပိုင်း အမျိုးသားဟာ အဘိုးအိုရဲ့ လူသတ်ချင်တဲ့ အရှိန်အဝါကြောင့် တုန်ရင်နေပြီး ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ "သူသာ အဲဒီဘက်ကို ထွက်သွားတယ်ဆိုရင် ပင်လယ်နက်မြို့တော်မှာ ရှိနေပါလိမ့်မယ်။ ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ စစ်သည်တော် အရည်အချင်း စစ်ဆေးပွဲလည်း ရှိနေတာဆိုတော့ သူ အဲဒီကို သွားတာ သေချာပါတယ်။"
"ပင်လယ်နက်မြို့တော် ဟုတ်လား..." အဘိုးအိုရဲ့ မျက်လုံးတွေဟာ မြွေတစ်ကောင်လို ကျုံ့သွားတာကြောင့် လူလတ်ပိုင်း အမျိုးသားဟာ ကျောချမ်းသွားရပါတယ်။
"ငါ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက် ပင်လယ်နက်မြို့တော်မှာ ရှိတယ်။ ဒီတစ်ခါတော့ လင်းရှုကို အဆိုးဆုံး နိဂုံးနဲ့ ကြုံတွေ့စေရမယ်။"
ပင်လယ်နက်မြို့တော်ဟာ ရှင်းယောင်မြို့တော်ထက် ပိုပြီး စည်ကားဝပြောတဲ့ မြို့တစ်မြို့ ဖြစ်ပြီး "ပင်လယ်နက်" လို့ ခေါ်တဲ့ သမုဒ္ဒရာကို အစွဲပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။
"နောက်ဆုံးတော့... နောက်ဆုံးတော့ ရောက်ပြီ။" လင်းရှုဟာ သူ့ရှေ့မှာ ရှိနေတဲ့ ထူးခြားတဲ့ သတ္တုတွေနဲ့ တည်ဆောက်ထားတဲ့ မြင့်မားတဲ့ တံတိုင်းကြီးကို ကြည့်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ပါတယ်။
မနက်ကတည်းကနေ အခုအထိ သူ ကီလိုမီတာ ဘယ်လောက်တောင် ပြေးခဲ့ရလဲဆိုတာ သူကိုယ်တိုင်တောင် မသိတော့ပါဘူး။ လမ်းတစ်လျှောက်မှာလည်း လေ့ကျင့်ခန်းအနေနဲ့ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ သားရဲတွေကို အဆက်မပြတ် သတ်ဖြတ်ခဲ့ရပါတယ်။ သူဟာ အင်မတန် ပင်ပန်းနွမ်းနယ်နေပါပြီ။
လူနှစ်ယောက်ဟာ ရှေ့က ဗိုင်းရပ်စ် စစ်ဆေးတဲ့ စက်ကို ဖြတ်ကျော်ပြီးနောက်မှာတော့ မြို့ထဲကို ဝင်ခဲ့ကြပါတယ်။
စစ်သည်တော် အရည်အချင်း စစ်ဆေးပွဲကို ဒီမှာ ကျင်းပမှာ ဖြစ်တာကြောင့် ပင်လယ်နက်မြို့တော်ဟာ အရင်ကထက် ပိုပြီး စည်ကားနေပါတယ်။
မြို့တစ်မြို့လုံးမှာ မီးရောင်စုံတွေနဲ့ အင်မတန် လှပနေပါတယ်။
လူတွေလည်း အင်မတန် များပြားပြီး စည်ကားလှပါတယ်။
ရှင်းယောင်မြို့တော်နဲ့ နှိုင်းယှဉ်ရင် ပင်လယ်နက်မြို့တော်ဟာ အများကြီး ပိုပြီး ကျယ်ဝန်းသလို ပိုပြီးတော့လည်း ချမ်းသာကြွယ်ဝပါတယ်။
"ငါ ဒီကို မရောက်တာ ၁၀ နှစ်ကျော်ပြီ။" အဲဒီအချိန်မှာပဲ ပိုင်လီဟောင်လင်းဟာ အကြောဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေပါတယ်။
"၁၀ နှစ်ကျော်ပြီ ဟုတ်လား။ မင်း ဒီမှာ မွေးတာလား။" လင်းရှုက အံ့သြတကြီးနဲ့ မေးလိုက်ပါတယ်။
"ခန့်မှန်းကြည့်လေ။" ပိုင်လီဟောင်လင်းက လင်းရှုကို တစ်ချက်ကြည့်ပြီး ပြုံးစစနဲ့ ပြောပါတယ်။
"တောက်။ ထားလိုက်ပါတော့။" လင်းရှုက နှာခေါင်းရှုံ့လိုက်ပါတယ်။
လင်းရှု လမ်းလျှောက်လာတဲ့အခါ လူအများအပြားက သူ့ကို ကြည့်နေကြပါတယ်။
သူတို့ ကြည့်နေတာက လင်းရှုကို မဟုတ်ဘဲ သူ့ဘေးက စက်ရုပ်ဝံပုလွေကိုပါ။
လူအတော်များများက အဲဒါကို လိုချင်တပ်မက်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။
"ဟိုဘက်က ဆိုင်ကို သွားကြည့်ရအောင်။" ပိုင်လီဟောင်လင်းဟာ လမ်းထောင့်က ဆိုင်တစ်ဆိုင်ကို မြင်တဲ့အခါ မျက်လုံးတွေ တောက်ပသွားပြီး အထဲကို ပြေးဝင်သွားပါတော့တယ်။
လင်းရှုဟာ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်တဲ့အခါ "ဖုံးကွယ်ထားသော ရတနာများ နန်းတော်" လို့ ရေးထားတာကို တွေ့လိုက်ရပါတယ်။
အဲဒီစာသား သုံးလုံးဟာ အင်မတန် ခန့်ညားထည်ဝါလှပါတယ်။
ဒါပေမဲ့ အထဲမှာ တကယ်ပဲ ရတနာတွေ ရှိမရှိဆိုတာကိုတော့ သူ မသေချာပါဘူး။
"ဖုံးကွယ်ထားသော ရတနာများ နန်းတော်ကနေ ကြိုဆိုပါတယ်။" လင်းရှု အထဲကို ဝင်လိုက်တာနဲ့ နှုတ်ခမ်းမွှေး ပါးပါးနဲ့ လူတစ်ယောက်ဟာ မျက်လုံးလေးတွေ တောက်ပရင်းနဲ့ အနားကို အပြေးအလွှား ရောက်လာပါတယ်။
ဒီဆိုင်ဟာ အင်မတန် ကျယ်ဝန်းပြီး အထဲမှာလည်း ပစ္စည်းဝယ်နေတဲ့ စစ်သည်တော်တွေ အများကြီး ရှိနေပါတယ်။
မှန်ဗီရိုတွေရဲ့ ဘေးမှာတော့ ကတ်ပြားတွေ အများကြီး ရှိနေပါတယ်။
"ကျွန်တော်တို့ ဆိုင်မှာ စွမ်းရည်ကတ်တွေ၊ ဆန်းကြယ်ပုံဆောင်ခဲတွေ၊ လက်နက်တွေနဲ့ တိုက်ပွဲဝင် ဝတ်စုံတွေ အများကြီး ရှိပါတယ်။ ဘာများ လိုချင်ပါသလဲခင်ဗျာ..." နှုတ်ခမ်းမွှေးနဲ့ လူက လင်းရှုကို ကြည့်ပြီး မေးလိုက်ပါတယ်။
"ကျွန်တော် အရင် လိုက်ကြည့်ပါရစေဦး။" လင်းရှုက ခေါင်းခါပြပြီး ပြောလိုက်ပါတယ်။
ဒါဟာ စူပါမားကတ် ရောက်နေသလိုမျိုးဖြစ်ပြီး အရောင်းဝန်ထမ်းက သူ့နောက်ကို တကောက်ကောက် လိုက်နေတာကြောင့် သူ တော်တော်လေး နေရခက်နေပါတယ်။
နှုတ်ခမ်းမွှေးနဲ့ လူကလည်း လင်းရှု ဘာတွေးနေလဲဆိုတာကို သိပုံရတာကြောင့် နောက်ထပ် အနှောင့်အယှက် မပေးတော့ပါဘူး။
"ဘာလို့ အကုန်လုံးက ငွေရောင် စွမ်းရည်ကတ်တွေချည်းပဲ ဖြစ်နေတာလဲ။" ဒီစွမ်းရည်ကတ်တွေကို ကြည့်ပြီး ပိုင်လီဟောင်လင်းက မကျေမနပ်နဲ့ နှာခေါင်းရှုံ့လိုက်ပါတယ်။
"လူငယ်လေးရယ်။ ငွေရောင် စွမ်းရည်တွေကို ကျင့်ကြံဖို့တောင် တော်တော် ခက်ခဲတာပါ။ မင်းတို့ရဲ့ အဆင့်နဲ့ဆိုရင် ရွှေရောင် စွမ်းရည်တွေကို ကျင့်ကြံနိုင်ဦးမယ် မထင်ပါဘူး။" ဝန်ထမ်းတစ်ယောက်က ပိုင်လီဟောင်လင်းကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်ပါတယ်။
"မင်းတို့ဆီမှာ စိန်အဆင့် စွမ်းရည်တွေရော ရှိလား။" ပိုင်လီဟောင်လင်းက အဲဒီလူရဲ့ စကားကို ဂရုမစိုက်ဘဲ အကျယ်ကြီး မေးလိုက်ပါတယ်။
"စိန်အဆင့် စွမ်းရည် ဟုတ်လား။" ဝန်ထမ်းဟာ အံ့သြသွားပြီး ခေါင်းခါကာ ပြုံးလိုက်ပါတယ်။ "တစ်မြို့လုံးမှာတောင် အဲဒီလို စွမ်းရည်မျိုး ရှိချင်မှ ရှိမှာပါ။"
တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် အဲဒါဟာ ဆိုင်ရဲ့ အဖိုးတန် ရတနာအဖြစ် သတ်မှတ်ခံထားရမှာ မဟုတ်လား။