အခန်း (၉၃)။ ။ “သတိပေးချက်။ စနစ်၏ ချို့ယွင်းချက်ကို တွေ့ရှိရသဖြင့် ပြုပြင်နေပါသည်…”
‘ဒါက ဘာကို ဆိုလိုတာလဲ။’
လင်းရှုဟာ ကြောင်အသွားပြီး ခုနက ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်ပါတယ်။ သူ အဆင့် ၄ စစ်သည်တော် နှစ်ယောက်ကို သတ်လိုက်တာဟာ စနစ်ရဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်။
“ချို့ယွင်းချက် ပြုပြင်ခြင်း အောင်မြင်ပါသည်။”
“ပိုင်ရှင်သည် မိမိထက် အဆင့်မြင့်သော စစ်သည်တော်များကို တိုက်ခိုက်ရာတွင် ထိခိုက်မှု ၄၀ ရာခိုင်နှုန်းအောက်သာ ပြုလုပ်နိုင်ခဲ့သဖြင့် သတ်ဖြတ်ခြင်းအတွက် ရရှိမည့် အတွေ့အကြုံ အမှတ်များ၏ ဆယ်ပုံတစ်ပုံကိုသာ ချီးမြှင့်ပါမည်။”
“တောက်။” အဲဒီစာသားကို မြင်လိုက်ရတဲ့အခါ လင်းရှုရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး ဆဲဆိုလိုက်ပါတော့တယ်။
ဒီစနစ်ကတော့ သူ့ကို တကယ် နှိပ်စက်နေတာပါပဲ။
ခုနက သူတွေးထားတဲ့ အစီအစဉ်တွေအားလုံးဟာ ချက်ချင်းဆိုသလို ပျက်စီးသွားရပါပြီ။
“မင်း ဘာဖြစ်လို့လဲ။” ပိုင်လီဟောင်လင်းက လင်းရှုကို သိချင်စိတ်နဲ့ ကြည့်ပြီး မေးလိုက်ပါတယ်။
အဟွတ် အဟွတ်
“ဘာမှ မဟုတ်ပါဘူး။ ဆက်သွားကြစို့။” လင်းရှုဟာ ခေါင်းခါပြလိုက်ပြီး စိတ်ထဲကနေ အဲဒီစနစ်ကိုပဲ ကျိန်ဆဲနေမိပါတယ်။
နောက်တစ်စက္ကန့်မှာတော့ စနစ်ဆီက နောက်ထပ် အကြောင်းကြားစာတစ်ခု ထပ်ထွက်လာပြန်ပါတယ်။
“စနစ်ရဲ့ ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ပိုင်ရှင်ကို ကံစမ်းမဲ နှိုက်ခွင့် ၃ ကြိမ် ပြန်လည် ချီးမြှင့်လိုက်ပါတယ်။”
“မင်းမှာ အသိတရား နည်းနည်းတော့ ရှိသေးသားပဲ။” လင်းရှုဟာ တိုးတိုးလေး ရေရွတ်လိုက်ပြီး အခုမှပဲ စိတ်သက်သာရာ ရသွားပါတော့တယ်။
“လာ။ ဆက်သွားကြစို့။ မနက်ဖြန် နေ့လယ်လောက်မှာ ပင်လယ်နက်မြို့တော်ကို ရောက်အောင် သွားကြမယ်။” ပိုင်လီဟောင်လင်းက အကြောဆန့်ရင်း ပြောလိုက်ပါတယ်။
“ထပ်ပြေးရဦးမှာလား။” လင်းရှုက အံ့သြတကြီးနဲ့ မေးလိုက်ပါတယ်။
“ဟုတ်တယ်။”
မကြာခင်မှာပဲ ညနေစောင်းသွားပါပြီ။ လင်းရှုဟာ အင်မတန် ပင်ပန်းနွမ်းနယ်နေပြီး မြေပြင်ပေါ်မှာ လဲလျောင်းကာ အမောတကော ဖြစ်နေပါတယ်။
“အားနည်းလိုက်တာ။” ပိုင်လီဟောင်လင်းက နှာခေါင်းရှုံ့လိုက်ပြီး သူခုနက သတ်ထားတဲ့ အဆင့် ၂ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ သားရဲရဲ့ အသားတွေကို အပိုင်းပိုင်းဖြတ်ကာ ဘေးနားက မီးပုံမှာ ကင်လိုက်ပါတယ်။
“လူတိုင်းက မင်းလို ထူးဆန်းတဲ့သူ မဟုတ်ဘူးလေ။” လင်းရှုက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။
ဒီကောင်ဟာ တကယ်ကို အစွမ်းထက်လွန်းပါတယ်။ ဒီလောက်အထိ ပြေးလာတာတောင် အသက်ရှူ မပျက်ပါဘူး။
“ထတော့။ အဝစားထားလိုက်။ ပြီးရင် နောက်ထပ် လေ့ကျင့်ခန်းအဆင့်ကို ဆက်သွားမယ်။” ပိုင်လီဟောင်လင်းဟာ အသားကင်တစ်လုပ်ကို စားလိုက်ပြီး အင်မတန် ကျေနပ်နေတဲ့ ပုံစံပါပဲ။
အသားကင်နံ့ကြောင့် လင်းရှုလည်း တံတွေးတွေ ထွက်လာပါတယ်။ သူဟာ ထရပ်လိုက်ပြီး အသားကင်ထားတဲ့ တုတ်တစ်ချောင်းကို ယူလိုက်ကာ ကျက်မကျက် ကြည့်လိုက်ပါတယ်။ သူ မအောင့်နိုင်တော့ဘဲ ချက်ချင်းပဲ ကိုက်လိုက်ပါတော့တယ်။
ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ သားရဲတွေရဲ့ အသားဟာ ပုံမှန် ဝက်သား ဒါမှမဟုတ် အမဲသားတွေထက် နှစ်ဆလောက် ပိုပြီး အရသာရှိပါတယ်။ ဝါးလို့ ကောင်းရုံတင်မကဘဲ အနံ့ကလည်း အရမ်းမွှေးလှပါတယ်။
“ငါ ကိစ္စတစ်ခု သွားရှင်းလိုက်ဦးမယ်။ ခဏနေရင် ပြန်လာခဲ့မယ်။” ပိုင်လီဟောင်လင်းက လင်းရှုကို ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြောပါတယ်။
“အင်း။” လင်းရှုကတော့ အသားကင်ကိုပဲ အားရပါးရ စားနေတာကြောင့် အများကြီး ပြန်မပြောနိုင်ပါဘူး။
ပိုင်လီဟောင်လင်းဟာ လင်းရှုကို တစ်ချက်ကြည့်ပြီး ရှေ့ကို ခပ်မြန်မြန် ထွက်သွားပါတော့တယ်။
လင်းရှုလည်း အင်အားတွေ သုံးထားရတာကြောင့် တော်တော်လေး ဗိုက်ဆာနေတာပါ။ သူဟာ ကျန်တဲ့ အသားတွေကို အကုန်ကင်စားလိုက်ပြီး ဗိုက်ကို ပွတ်ကာ ကျေနပ်နေပါတယ်။
‘အဲဒီကောင် ဘယ်သွားတာပါလိမ့်။’
အချိန်အတော်ကြာတဲ့အထိ ပိုင်လီဟောင်လင်း ပြန်မလာသေးတာကြောင့် လင်းရှုဟာ သိချင်စိတ် ဖြစ်လာပါတယ်။
တစ်နေ့လုံး ချွေးတွေ ထွက်ထားတာကြောင့် လင်းရှုဟာ တစ်ကိုယ်လုံး စေးကပ်နေပြီး နေလို့ မကောင်းပါဘူး။
‘ထားလိုက်ပါတော့။ အရင်ဆုံး ရေချိုးလိုက်ဦးမယ်။’
အနီးအနားမှာ မြစ်တစ်စင်း ရှိတယ်ဆိုတာကို လင်းရှု သိထားပါတယ်။
လသာနေတာကြောင့် မီးတုတ်တွေ မရှိရင်တောင် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
“နေလို့ ကောင်းလိုက်တာ။” ရှေ့က ကြည်လင်နေတဲ့ မြစ်ထဲမှာ ပိုင်လီဟောင်လင်းဟာ ဇိမ်နဲ့ ရေစိမ်နေပြီး သူ့ရဲ့ ညှပ်ရိုးလေးတွေတောင် ပေါ်နေပါတယ်။(အဟမ်း သေချာပီ)
“ဟေး။ မင်းလည်း ဒီမှာလား။” လင်းရှု အဲဒီကို လမ်းလျှောက်သွားတဲ့အခါ ရေထဲမှာ ရှိနေတဲ့ ပိုင်လီဟောင်လင်းကို ချက်ချင်း မြင်လိုက်ရပါတယ်။ ပိုင်လီဟောင်လင်း ဘယ်သွားတာလဲလို့ သူတွေးနေခဲ့တာ။ ရေချိုးဖို့ လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
“မင်း…” လင်းရှုကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ ပိုင်လီဟောင်လင်းရဲ့ မျက်လုံးတွေ ပြူးသွားပြီး လင်းရှုကို အော်ပြောလိုက်ပါတယ်။ “အခုချက်ချင်း ထွက်သွားစမ်း။”
“ဘာလို့ ဒီလောက်တောင် အလန့်တကြား ဖြစ်နေရတာလဲ။” လင်းရှုက နှာခေါင်းရှုံ့လိုက်ပါတယ်။
သူက မိန်းကလေးလည်း မဟုတ်ဘဲနဲ့ လင်းရှု မြင်မှာကို ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ။
နေပါဦး။
အဲဒီအချိန်မှာပဲ လင်းရှု တစ်ခုခုကို စဉ်းစားမိသွားပြီး ရွံရှာသလို ခံစားလိုက်ရပါတယ်။ ‘အော်။ ဟုတ်သားပဲ။ ဒီကောင်က ယောကျ်ားချင်း စိတ်ဝင်စားတဲ့သူပဲ။ ငါသာ ရေထဲ ဆင်းလိုက်ရင် ကျားပါးစပ်ထဲ လမ်းလျှောက်ဝင်သလို ဖြစ်သွားမှာပေါ့။’
ဒီလို တွေးလိုက်တာနဲ့ လင်းရှုဟာ ချက်ချင်း နောက်လှည့်ပြီး အဝေးကို လမ်းလျှောက်ထွက်သွားပါတယ်။
ပိုင်လီဟောင်လင်းဟာ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကမ်းပေါ်က အဝတ်အစားတွေဟာ သူ့ဆီကို ပျံတက်လာပါတယ်။
သူဟာ ရေထဲက ချက်ချင်း တက်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်က ရေစက်တွေကို ခါထုတ်ကာ အဝတ်အစားတွေကို ဝတ်လိုက်ပါတယ်။
သူဟာ ခြေဖနောင့်နဲ့ မြစ်ပြင်ကို အသာလေး ထိလိုက်ရုံနဲ့ ကမ်းပေါ်ကို ပျံတက်သွားပါတယ်။
“မင်း ရေချိုးမလို့လား။” ပိုင်လီဟောင်လင်းက စိတ်တိုတိုနဲ့ လင်းရှုကို မေးလိုက်ပါတယ်။
“ဟုတ်တယ်။” လင်းရှုက အံ့သြတကြီးနဲ့ ပြန်ဖြေလိုက်ပါတယ်။
သူ သတိပြန်ဝင်လာတဲ့အခါ ပိုင်လီဟောင်လင်းဟာ အဝတ်အစားတွေ ဝတ်ပြီးနေပါပြီ။ သူ့ရဲ့ ဆံပင်တွေက စိုနေဆဲဖြစ်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်လိုပါပဲ။
တောက်။ တောက်။ တောက်။
‘သူက ယောကျ်ားချင်း စိတ်ဝင်စားတဲ့သူ။ မိန်းမလျာပဲ။’
‘ဒါပေမဲ့ မိန်းမတစ်ယောက်လိုပဲ ကြည့်ကောင်းနေတာပဲ။’
“မြန်မြန်လုပ်။ ရေချိုးပြီးရင် လေ့ကျင့်ခန်း စမယ်။” ပိုင်လီဟောင်လင်းက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။
“ခိုးမကြည့်နဲ့ဦးနော်။” လင်းရှုက သတိပေးလိုက်ပါတယ်။
“မင်း ဘာပြောလိုက်တာလဲ။” ပိုင်လီဟောင်လင်းက လူသတ်ချင်တဲ့ အရှိန်အဝါနဲ့ ကြည့်လိုက်တဲ့အခါ လင်းရှုဟာ ကျောချမ်းသွားပါတယ်။ ဒါကြောင့် လင်းရှုဟာ ချိုချိုသာသာလေး ပြုံးပြလိုက်ပြီး “ဘာမှ မဟုတ်ပါဘူး” လို့ ပြောလိုက်ပါတယ်။
ရေချိုးပြီးတဲ့နောက်မှာတော့ လင်းရှုဟာ လန်းဆန်းသွားပါတယ်။ သူဟာ ခုနက နေရာကို ပြန်သွားတဲ့အခါ ပိုင်လီဟောင်လင်းဟာ မီးပုံထဲကို ထင်းတွေ ထပ်ထည့်ထားတာကြောင့် မီးက ပိုပြီး တောက်လောင်နေပါတယ်။
“ဒီညတော့ ရင်းမြစ်စွမ်းအား ကျင့်စဉ်ကို ဆက်လုပ်ကြမယ်။” ပိုင်လီဟောင်လင်းက လင်းရှုကို တစ်ချက်ကြည့်ပြီး ဓားကို လှမ်းပစ်ပေးလိုက်ပါတယ်။
“အခု မင်းရဲ့ လက်နက်တစ်ခုလုံးကို ရင်းမြစ်စွမ်းအားတွေနဲ့ အပြည့်အဝ ဖုံးလွှမ်းနိုင်မလားဆိုတာ စမ်းကြည့်လိုက်ဦး။”
လင်းရှုဟာ ခေါင်းညိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ရင်းမြစ်စွမ်းအားတွေကို ထုတ်ယူကာ ဓားပေါ်ကို တိုက်ရိုက် ပို့လွှတ်လိုက်ပါတယ်။
သူဟာ သူ့ရဲ့ မျက်လုံးထဲကိုလည်း ရင်းမြစ်စွမ်းအားတွေ ထည့်သွင်းလိုက်တဲ့အခါ ဓားတစ်လက်လုံးကို အငွေ့ပျံနေတဲ့ ရင်းမြစ်စွမ်းအားတွေက ဖုံးလွှမ်းထားတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။
အပြည့်အဝ ဖုံးလွှမ်းသွားပေမဲ့ တစ်ညီတစ်ညွတ်တည်းတော့ မဖြစ်သေးပါဘူး။
“ဘယ်လိုလဲ။” လင်းရှုက ပိုင်လီဟောင်လင်းကို မေးလိုက်ပါတယ်။
“အဆင်ပြေပါတယ်။” ပိုင်လီဟောင်လင်းက အေးအေးဆေးဆေးပဲ ပြောပါတယ်။
ဒါပေမဲ့ သူ အင်မတန် အံ့သြနေတာပါ။ ဒီကောင်ဟာ တစ်ရက်တည်းနဲ့ ဒီနည်းလမ်းကို တကယ်ပဲ တတ်မြောက်သွားတာလား။
“အခု မင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ရင်းမြစ်စွမ်းအားတွေနဲ့ ဖုံးလွှမ်းကြည့်လိုက်စမ်း။”
‘ငါ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းရမှာလား။’
သူဟာ ရင်းမြစ်စွမ်းအားကို စွမ်းရည်တွေ သုံးတဲ့နေရာ ဒါမှမဟုတ် လက်နက်တွေထဲ ထည့်တဲ့နေရာမှာပဲ သုံးရမယ်လို့ အမြဲတွေးခဲ့တာပါ။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းဖို့တော့ မကြိုးစားဖူးသေးပါဘူး။
လင်းရှုဟာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပါတယ်။ လက်နက်ကို ဖုံးလွှမ်းခဲ့တဲ့ အတွေ့အကြုံ ရှိတာကြောင့် ခန္ဓာကိုယ်ကို ဖုံးလွှမ်းဖို့ကလည်း သိပ်ပြီး မခက်ခဲပါဘူး။
ရင်းမြစ်စွမ်းအားတွေ ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးလွှမ်းသွားတဲ့အခါ လင်းရှုဟာ အငွေ့အလွှာပါးပါးလေး တစ်ခုက သူ့ကို ကာကွယ်ထားသလို ခံစားလိုက်ရပါတယ်။
“ဒါ အဆင်ပြေရဲ့လား။”
ပိုင်လီဟောင်လင်းဟာ ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်စက္ကန့်မှာတော့ ဘာသတိပေးချက်မှ မရှိဘဲ လင်းရှုကို လက်သီးနဲ့ လှမ်းထိုးလိုက်ပါတော့တယ်။(သမခံရတော့မယ်😂)