အခန်း (၉၀) - အရူးအမူး အပြေးလေ့ကျင့်ခြင်း။
ထိုညက လင်းရှု ဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့သည်ကို မသေချာသော်လည်း နောက်တစ်နေ့ မနက်တွင် နိုးလာသောအခါ သူ၏ရှေ့၌ လူတစ်ယောက် ရပ်နေသည်ကို သတိထားလိုက်မိသည်။
လင်းရှု ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ အလွန်ပင် ချောမောသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
“ဘာလုပ်နေတာလဲ!” လင်းရှု လန့်သွားပြီး ချက်ချင်းပင် ထထိုင်ကာ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။
သူသည် ပိုင်လီဟောင်လင်းကို စိုက်ကြည့်လိုက်၏။
“ငါတို့က ယောက်ျားချင်းတွေပဲကို၊ ငါ မင်းကို စားပစ်မှာ တကယ်ပဲ ကြောက်နေတာလား?” ပိုင်လီဟောင်လင်းက နှုတ်ခမ်းစူရင်း ပြောလိုက်သည်။
‘ယောက်ျားချင်းမလို့ ပိုကြောက်တာပေါ့!’ လင်းရှု စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။(မိန်းကလေးဆို လုပ်ချင်ရာလုပ် ဆိုတဲ့ သဘောလား🥲)
ထိုအတွေးနှင့်အတူ လင်းရှုသည် သူ့ထံမှ ခပ်ခွာခွာတွင် နေလိုက်တော့သည်။
“ငါ ခုနက မြင်ပြီးပြီ။” ပိုင်လီဟောင်လင်းက ရယ်မောလိုက်၏။
“ဘာကို မြင်တာလဲ?” လင်းရှု မှင်တက်သွားပြီး သူ၏အဝတ်အစားများကို အမြန်ကြည့်လိုက်ရာ စုတ်ပြဲနေခြင်း မရှိသဖြင့် သက်ပြင်းချလိုက်မိသည်။
“မင်း အလေးချိန်ပါတဲ့ လက်ပတ်တွေကို ဝတ်ထားတာပဲ။ ငါ့အထင် မမှားဘူးဆိုရင် မင်းမှာ လက်ပတ်တင် မဟုတ်ဘူး၊ တစ်ကိုယ်လုံးမှာ အလေးချိန်တွေ ရှိနေတာ မဟုတ်လား?” ပိုင်လီဟောင်လင်းက လင်းရှုကို လုံးဝ ထိုးဖောက်မြင်နေရသကဲ့သို့ ပြောလိုက်သည်။
လင်းရှု ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ ဤလူသည် တကယ်ကို အကဲခတ် တော်လှပေသည်၊ လင်းရှုက ‘ဖုံးကွယ်ခြင်း’ စွမ်းရည်ကို သုံးထားသော်လည်း သူက လင်းရှု၏ မူလခွန်အားကို အာရုံခံနိုင်နေဆဲပင်။
“ကဲ၊ ဆက်ကြစို့!”
“အခုလို အလေးချိန်တွေနဲ့ ရှိနေတာက မင်းရဲ့ လေ့ကျင့်မှုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။ ဒီနေ့ ငါတို့ရဲ့ ပန်းတိုင်က ဟိုတောင်ထိပ်အထိ ပြေးဖို့ပဲ!” ပိုင်လီဟောင်လင်းက လှမ်းညွှန်ပြလိုက်ရာ ထိုတောင်ထိပ်မှာ သူတို့ရှိရာမှ ကြည့်လျှင် အလွန်ပင် သေးငယ်လွန်းလှပြီး မြင်ရရုံသာ ရှိတော့သည်။
“အနည်းဆုံး ကီလိုမီတာ ၁၀၀ လောက် ရှိမှာနော်။ ခင်ဗျား ကျွန်တော့်ကို သတ်မလို့လား…” လင်းရှု သူညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်တွင် အလေးချိန်များ ရှိနေသဖြင့် ခန္ဓာကိုယ်၏ ဝန်ထုပ်ဝန်ပိုးမှာ အဆမတန် မြင့်တက်နေသောကြောင့် ဖြစ်၏။
လင်းရှုသည် သူ၏ခေါင်းထဲမှ အခြေအနေပြဇယားကို ထုတ်ကြည့်လိုက်ပြီး လျင်မြန်စွာ ကြီးထွားမှုစနစ် ၏ တိုးတက်မှုကို ကြည့်လိုက်သည်။
“တိုးတက်မှု ၂၅၀၀/၅၀၀၀၀ (မှတ်ချက် - ပြီးဆုံးပါက အလားအလာ ရမှတ် ၅၀ ရရှိမည်)”
ဝိုး၊ မနေ့ညက သူ တိုးတက်မှု ရမှတ် ၂၅၀၀ တောင် ရခဲ့တာပဲ။ ဒါက မျှော်လင့်မထားတဲ့ အချက်ပင်။
“သွားစို့၊ မြန်မြန်!” ပိုင်လီဟောင်လင်းက အရှေ့မှ လမ်းလျှောက်သွားပြီး လင်းရှု၏ စက်ရုပ်ဝံပုလွေကို စီးကာ အရှေ့သို့ အမြန် ပြေးထွက်သွားတော့သည်။
“ဟေး၊ အဲဒါ ကျွန်တော့်ဟာလေ!”
လင်းရှု ထိုဘက်သို့ အမြန်ပြေးသွားပြီး တောအုပ်ထဲသို့ ဝင်ခဲ့သည်။
“မြန်မြန်၊ မြန်မြန်၊ မင်းက အရမ်းနှေးတာပဲ!” ပိုင်လီဟောင်လင်းက စက်ရုပ်ဝံပုလွေကို စီးရင်း လင်းရှုကို လှမ်းအော်နေခဲ့၏။
လင်းရှု သွားကြိတ်လိုက်မိသည်။ အလေးချိန်များ ဝတ်ဆင်ထားပြီး ပြေးရခြင်းမှာ တကယ့်ကို ခွန်အား အမြောက်အမြား လိုအပ်လှပေသည်။
ဇီး ဇီး ဇီး ——
ထိုအချိန်မှာပင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဆင့် ၂ လူသားစားငှက်လား!?
လင်းရှု မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး သူ၏ရှေ့တွင် ပျံသန်းလာသော ရုပ်ဆိုးလှသည့် လူသားစားငှက်ကို မြင်လိုက်ရသည်။
ဤတောအုပ်ထဲတွင် ထိုအကောင်စုတ်တွေက နေရာအနှံ့မှာ ရှိနေပုံရသည်။
“မရပ်နဲ့၊ ပြေးရင်းနဲ့ပဲ သတ်ပစ်လိုက်။” ပိုင်လီဟောင်လင်းက လှမ်းခေါ်လိုက်ပြီး လင်းရှုက ထန်မုပိုင်ထံမှ သိမ်းဆည်းလာသော ဓားရှည်ကို သူ့ထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
လင်းရှု ဓားရှည်ကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်ပြီး နောက်တစ်စက္ကန့်တွင် ထိုအဆင့် ၂ လူသားစားငှက်ကို ပိုင်းဖြတ်လိုက်တော့သည်!
ဘုန်း ——
ကျယ်လောင်သော အသံနှင့်အတူ လူသားစားငှက်မှာ နှစ်ပိုင်း ပြတ်သွားခဲ့သည်။
“ဒီ ၁၀ ကီလိုမီတာအတွင်းမှာ မင်းက ပြေးလည်းပြေးရမယ်၊ ဒီလူသားစားငှက်တွေကိုလည်း တပြိုင်တည်း တိုက်ခိုက်ရမယ်။ မင်း ရပ်လို့မရဘူး၊ အကယ်၍ ရပ်လိုက်ရင် မင်းရဲ့အိတ်နဲ့ ဒီစက်ရုပ်ဝံပုလွေကို ငါ ဖျက်ဆီးပစ်မယ်။” ပိုင်လီဟောင်လင်းက လင်းရှုကို သတိပေးလိုက်၏။
လင်းရှု သွားကြိတ်လိုက်သည်။ အရှိန်အဟုန်ဖြင့် ပြေးနေစဉ်မှာပင် ရုတ်တရက် ပြေးဝင်လာမည့် လူသားစားငှက်များကိုလည်း တိုက်ခိုက်ရဦးမည် ဖြစ်ရာ ၎င်းမှာ အလွန်ပင် ခက်ခဲလှပေသည်။
သူသည် လူသားစားငှက်၏ တည်နေရာကို ရှာဖွေရန် အာရုံစိုက်ရမည်ဖြစ်ပြီးနောက် မြန်မြန်နှင့် ပြတ်ပြတ်သားသား သတ်ဖြတ်ရပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒါက အဆင့် ၂ လူသားစားငှက် မဟုတ်ပါလား။ အစပိုင်းတွင် လင်းရှု အလွန်ပင် ပင်ပန်းနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် ပိုမို ကျွမ်းကျင်လာခဲ့သည်။
လူသားစားငှက်၏ အော်သံကို ကြားသည်နှင့် လင်းရှုသည် ၎င်း၏ တည်နေရာကို ဆုံးဖြတ်နိုင်ခဲ့ပြီးနောက် ပိုင်းဖြတ်သတ်ဖြတ်လိုက်ရုံပင်။
စက်ရုပ်ဝံပုလွေပေါ်တွင် ထိုင်နေသော ပိုင်လီဟောင်လင်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။
တိုတောင်းသော အချိန်အတွင်းမှာပင် လင်းရှု တိုးတက်လာသည်မှာ ထင်ရှားလှသည်။
အမြန်နှုန်း၊ တိကျမှု၊ တုံ့ပြန်မှု - သူ၏ စွမ်းဆောင်ရည်များမှာ တိုးတက်နေပြီး အကယ်၍ သူသာ ဆက်လက် လေ့ကျင့်နေပါက သူ၏ တိုးတက်မှုနှုန်းမှာ ပိုမို မြန်ဆန်လာပေလိမ့်မည်။
“ကဲ၊ ၁၀ ကီလိုမီတာ ပြည့်ပြီ၊ ခဏ နားလိုက်ဦး။” ပိုင်လီဟောင်လင်းက ထိုအချိန်တွင် ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းရှု သက်ပြင်းချနိုင်တော့သည်။
“ဘာ… ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဒီအကောင်တွေက ကျွန်တော့်တစ်ယောက်တည်းကိုပဲ လာတိုက်နေကြတာလဲ…”
လင်းရှု တစ်နေရာတည်းတွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူနေခဲ့ရသည်။
“ရိုးရိုးလေးပါပဲ။ သူတို့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုကို ငါ မင်းအပေါ်မှာ သုတ်ထားလိုက်လို့လေ။” ပိုင်လီဟောင်လင်းက လှောင်ပြုံးလေးဖြင့် ပြောလိုက်သည်။
‘တစ်ခုခု သုတ်ထားတယ် ဟုတ်လား!?’
လင်းရှု မှင်တက်သွားပြီး သူ၏အဝတ်အစားများကို ကြည့်လိုက်ရာ အနီနုရောင် အမှုန့်အချို့ကို တွေ့လိုက်ရသည်။
သူ ၎င်းကို နမ်းကြည့်လိုက်ရာ သွေးနံ့ကဲ့သို့ ထူးဆန်းသော အနံ့တစ်ခုကို ရရှိလိုက်၏။
“ကဲ၊ နားတာ တော်ပြီ၊ နောက်ထပ် ၂၀ ကီလိုမီတာမှာ မင်းကို နားခွင့်မပေးတော့ဘူး၊ ပြီးတော့ လူသားစားငှက်တွေကို သတ်နေတုန်းမှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ကျောက်တုံးတွေကိုလည်း ယူရမယ်။” လင်းရှု တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ပိုင်လီဟောင်လင်းက ဆက်ပြောလိုက်သည်။
“တစ်မိနစ်ပဲ နားရသေးတာကို။”
“တစ်မိနစ်ဆိုရင် လုံလောက်ပါပြီ! စိတ်မပူပါနဲ့၊ ကျန်တဲ့ ၉၀ ကီလိုမီတာကို ငါ မင်းနဲ့အတူ ပြေးပေးပါမယ်။” ပိုင်လီဟောင်လင်း ပြောရင်းနှင့်ပင် စက်ရုပ်ဝံပုလွေကို ကျွမ်းကျင်စွာ ပိတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ရှေ့သို့ စတင် ပြေးထွက်သွားတော့သည်။
လင်းရှု အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ခေါင်းထဲမှ စနစ်အရ တိုးတက်မှုမှာ အလွန်မြန်ဆန်နေပြီး ၂၆၅၃ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏!
အချိန်အနည်းငယ်အတွင်းမှာပင် ဖြစ်သည်။
လင်းရှု စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ထိုအချိန်တွင် သူသည် နောက်တစ်ကြိမ် ပြန်လည် ပြေးလွှားလိုက်တော့သည်။
မကြာမီမှာပင် လူသားစားငှက်တစ်ကောင် ပျံသန်းလာရာ လင်းရှုက ဓားရှည်ဖြင့် ပိုင်းဖြတ်ကာ သတ်လိုက်သည်။
ထူးဆန်းပုံဆောင်ခဲများမှာ လူသားစားငှက်၏ ဦးခေါင်းတွင် ရှိတတ်သည်။ လင်းရှုသည် ၎င်း၏ဦးခေါင်းကို တိကျစွာ နှစ်ခြမ်းခွဲလိုက်ရာ ကျောက်တုံးလေး ပြုတ်ကျလာပြီး လင်းရှု ဖမ်းယူလိုက်သည်။
“မရပ်နဲ့! မင်းက ပြေးရင်း သတ်ရင်းနဲ့ ကျောက်တုံးကို တစ်ခါတည်း ယူရမှာ!” ပိုင်လီဟောင်လင်းက ရှေ့မှ လှမ်းအော်လိုက်သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” မောဟိုက်နေသော လင်းရှုက ပြောလိုက်သည်။ နောက်တစ်စက္ကန့်တွင် ပိုင်လီဟောင်လင်းမှာ အပြေးအလွှား သွားနေစဉ်မှာပင် သစ်ပင်ပေါ်ရှိ လူသားစားငှက် အချို့ကို နှစ်ခြမ်းခွဲကာ ကျောက်တုံးများကို တပြိုင်တည်း သိမ်းဆည်းပြလိုက်သည်။
သူ၏ ခြေလှမ်းများမှာ အနည်းငယ်မျှပင် ရပ်တန့်သွားခြင်း မရှိဘဲ စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ သဘာဝကျလှသဖြင့် ကြည့်ရသည်မှာ တကယ့်ကိုပင် နှစ်သက်ဖွယ် ကောင်းလှပေသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ? မင်းရဲ့ အမြန်နှုန်း၊ တိကျမှုနဲ့ တုံ့ပြန်နိုင်စွမ်းတွေ ပေါင်းစပ်လိုက်ရင် ဒါဟာ အရမ်းကို လွယ်ကူသွားလိမ့်မယ်။”