အခန်း (၈၉) - လေ့ကျင့်တော့ လူငယ်လေး!
လင်းရှုမှာ ထိုခဏတွင် မှင်တက်သွားရသည်။
ဒါက မဖြစ်နိုင်တာ၊ သူ သိထားသမျှနဲ့ ကမ္ဘာမကူးပြောင်းခင်က ဖတ်ခဲ့ဖူးတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေအရဆိုရင် ရင်းမြစ်စွမ်းအင်ကို လက်နက်ထဲ ထည့်သွင်းလိုက်တာက လက်နက်ရဲ့ စွမ်းအားကို အမြင့်ဆုံး ရောက်စေတာ မဟုတ်လား။
“စစ်သည်တော်တွေ ဘာလို့ အစွမ်းထက်လဲဆိုတာ မင်းသိလား?” ပိုင်လီဟောင်လင်းက လင်းရှု ဘာတွေးနေလဲဆိုတာ သိနေပုံရပြီး ခေါင်းခါရင်း ပြောလိုက်သည်။
“‘ကျင့်စဉ်’ ကြောင့်လား?”
“မှန်တာပေါ့။” ပိုင်လီဟောင်လင်းက ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။
“ကျင့်စဉ်မှာ ပိုကျွမ်းကျင်တဲ့သူက လေကို ပိုပြီး ရှူသွင်းနိုင်တယ်၊ အဲဒါက စကြဝဠာထဲက စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်စေတာပဲ။ တချို့က ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားပြီး တချို့ကတော့ ကြွက်သားတွေ၊ အရိုးတွေ၊ အင်္ဂါတွေနဲ့ ဆဲလ်တွေကို မြှင့်တင်တဲ့နေရာမှာ သုံးတယ်။”
“ခန္ဓာကိုယ်ထဲမှာ သိမ်းထားတဲ့ စွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုကိုတော့ ငါတို့က ရင်းမြစ်စွမ်းအင် လို့ ခေါ်ပြီး အဲဒါကို အပြင်ကို ထုတ်လွှတ်နိုင်တယ်။”
“ရင်းမြစ်စွမ်းအင်ဆိုတာ စစ်သည်တော်တစ်ယောက်ရဲ့ အခိုင်မာဆုံး အခြေခံအုတ်မြစ်တွေထဲက တစ်ခုပဲ။” ပိုင်လီဟောင်လင်းက ရှင်းပြရင်း သူ၏ခါးမှ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
“ရင်းမြစ်စွမ်းအင်ကို လက်နက်ထဲ ထည့်လိုက်ရင် လက်နက်ရဲ့ အရည်အသွေးက ပြောင်းလဲသွားလိမ့်မယ်၊ ပိုမာလာမယ်၊ ပိုထက်လာမယ်။ ဒါပေမဲ့ ခုနက ကျောက်ခဲလိုပဲ၊ ဘယ်လောက်ပဲ မာလာပါစေ ၎င်းရဲ့ ဒြပ်သားကိုယ်တိုင်ဆီကနေ ရုန်းမထွက်နိုင်ဘူး။ အကယ်၍ ရင်းမြစ်စွမ်းအင်ကို သုံးပြီး လက်နက်ကို အပေါ်ကနေ လွှမ်းခြုံထားလိုက်မယ်ဆိုရင်တော့ မင်းရဲ့ ရင်းမြစ်စွမ်းအင် ပိုသန်မာလာလေလေ လက်နက်ကလည်း ပိုပြီး အစွမ်းထက်လာလေလေပဲ။”
လင်းရှု ခဏမျှ စဉ်းစားလိုက်ပြီးမှ ရုတ်တရက် ပြောလိုက်သည် - “ခင်ဗျား ဆိုလိုတာက ကျွန်တော်တို့ရဲ့ လက်နက်တွေက အရေးကြီးဆုံး အချက်မဟုတ်ဘူး၊ သူတို့က စွမ်းရည်တွေနဲ့ ရင်းမြစ်စွမ်းအင်ကို သုံးဖို့ ကြားခံနယ်တစ်ခုပဲ၊ တကယ့် စွမ်းအားက ရင်းမြစ်စွမ်းအင်ထဲမှာ ရှိနေတာပေါ့? ဒါကြောင့် ကျွန်တော်က လက်နက်ကို ကြားခံအဖြစ် သုံးပြီး ရင်းမြစ်စွမ်းအင်နဲ့ တိုက်ခိုက်ရမှာပေါ့!?”
“မှန်တာပေါ့!” လင်းရှုက ဤမျှ လွယ်လွယ်ကူကူ နားလည်သွားသည်ကို မြင်သောအခါ ပိုင်လီဟောင်လင်းမှာ ချီးကျူးသလို ခေါင်းငြိမ့်ပြလိုက်မိသည်။
“ပြီးတော့ ရင်းမြစ်စွမ်းအင်နဲ့ လွှမ်းခြုံထားတဲ့ လက်နက်က အထက်မြက်မှုကို တိုးစေရုံတင်မကဘဲ လက်နက်ကိုလည်း သွယ်ဝိုက်ပြီး ကာကွယ်ပေးထားတဲ့အတွက် လက်နက် ပျက်စီးမှုကိုလည်း အများကြီး လျော့နည်းစေတယ်။”
“ကြည့်စမ်း၊ ဒီဓားကို ငါက လက်နက်ဆိုင်မှာ ပြည်ထောင်စုဒင်္ဂါး တစ်ရာတည်းနဲ့ ဝယ်ထားတာ။” ပိုင်လီဟောင်လင်းက ဓားရှည်ကို ကိုင်ပြီး ရင်းမြစ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ဓား၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
“ရင်းမြစ်စွမ်းအင်ကို မင်းရဲ့ မျက်လုံးတွေဆီမှာ အာရုံစိုက်လိုက်စမ်း!” ပိုင်လီဟောင်လင်းက ရုတ်တရက် အမိန့်ပေးလိုက်သည်။
လင်းရှုသည် မသိစိတ်ကပင် သူ၏ရင်းမြစ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး မျက်လုံးများကို လွှမ်းခြုံလိုက်ရာ ညဘက်တွင် အရာအားလုံးကို ပိုမို လင်းထိန်စွာ မြင်တွေ့လိုက်ရသည်။ ပိုင်လီဟောင်လင်း၏ လက်ထဲရှိ ဓားရှည်မှာ ဓာတ်ငွေ့တစ်ခုကဲ့သို့ မှိန်ဖျော့သော အပြာရောင် အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်နေခဲ့၏။
“ဒါက…” လင်းရှု ဆွံ့အသွားရသည်။
“ဟုတ်တယ်၊ ဒါက ရင်းမြစ်စွမ်းအင်ပဲ။ မင်း ဒီလိုနည်းနဲ့ ရင်းမြစ်စွမ်းအင်ကို မြင်နိုင်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး မဟုတ်လား?” ပိုင်လီဟောင်လင်းက ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။
သူကိုယ်တိုင်လည်း အတော်လေး အံ့သြနေခဲ့သည်။ အသက် ၂၀ အတွင်းမှာ ဤမျှ ပါရမီပါသောသူကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပြီး အရိပ်အမြွက်လေး ပေးလိုက်ရုံနှင့် တစ်ဖက်လူက ချက်ချင်း နားလည်သွားခဲ့ခြင်းပင်။
ထိတ်လန့်စရာပဲ၊ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းတယ်။
ပိုင်လီဟောင်လင်းသည် သူ၏လက်ထဲမှ ကျောက်စိမ်းရိုင်းလေးတစ်ခုကို လှပသော ကျောက်စိမ်းအဖြစ် ထုဆစ်တော့မည့်အလား ခံစားနေရသဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
“ငါ့ရဲ့ လက်ရှိ ရင်းမြစ်စွမ်းအင် အဆင့်နဲ့ဆိုရင် ဒင်္ဂါး ၁၀၀ တန်တဲ့ ဒီလက်နက်ဟာ စျေးကွက်ထဲက သန်းနဲ့ချီတန်တဲ့ လက်နက်တွေလိုပဲ ထက်မြက်လာနိုင်တယ်လို့ ပြောရင် ပိုတာ မဟုတ်ဘူး။”
“ဒါပေမဲ့ ငါက ရင်းမြစ်စွမ်းအင်ကို လက်နက်ထဲကို တိုက်ရိုက်သာ ထည့်သွင်းလိုက်ရင် ၎င်းက ခွန်အားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘဲ လွယ်လွယ်နဲ့ ပျက်စီးသွားလိမ့်မယ်။”
“ဒါပေမဲ့ ခင်ဗျားပြောပုံအရဆိုရင် အဆင့်မြင့် လက်နက်တွေက အဓိပ္ပာယ်မရှိတော့ဘူးလား?” လင်းရှု မနေနိုင်ဘဲ မေးလိုက်မိသည်။
ဟုတ်သည် မဟုတ်ပါလား၊ သူပြောသလိုဆိုလျှင် စစ်သည်တော်တွေက ဘာလို့ အခြားလက်နက်တွေကို သုံးချင်နေကြဦးမှာလဲ?
“အရူးလေးပဲ။ လက်နက်တွေချင်း ထိတွေ့မိတဲ့အခါ တုန်ခါမှုတွေ ဖြစ်တတ်တယ်၊ ရင်းမြစ်စွမ်းအင်က လက်နက်ရဲ့ မျက်နှာပြင်ကို လွှမ်းခြုံထားနိုင်ပေမဲ့ အင်အားရဲ့ တုန်ခါမှုကိုတော့ မခုခံနိုင်ဘူး။ ဒါကြောင့် လက်နက် ပိုစျေးကြီးလေလေ၊ ပိုကောင်းလေလေပဲ။ အကယ်၍ မင်းက အမှိုက်လက်နက်ကို သုံးမယ်ဆိုရင် ရင်းမြစ်စွမ်းအင်နဲ့ လွှမ်းခြုံထားလို့ အလွန်ထက်နေမှာ မှန်ပေမဲ့ အဆင့်မြင့်လက်နက်နဲ့ သွားထိတဲ့အခါ မင်းရဲ့လက်နက်က ပျက်စီးသွားလိမ့်မယ်။” ပိုင်လီဟောင်လင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
“ဒါဟာ မင်းရဲ့ ‘ပေါက်ကွဲစေသော လက်သီး’ သီအိုရီလိုပါပဲ - အပြင်ဘက်မှာ ကာကွယ်မှု အားကောင်းနေပေမဲ့ အတွင်းဘက်မှာတော့ နာကျင်နေဦးမှာပဲလေ။”
လင်းရှု မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးမှ - “ဒါဆို ခင်ဗျားက ခင်ဗျားရဲ့ လက်သီးကို ရင်းမြစ်စွမ်းအင်နဲ့ ဖုံးအုပ်ပြီး အာရုံစိုက်လိုက်တာပေါ့၊ ပြီးတော့ ပြင်းထန်တဲ့ ရင်းမြစ်စွမ်းအင် လွှမ်းခြုံမှုအပေါ် အခြေခံပြီး ခင်ဗျားရဲ့လက်သီးကို အတော်အတန် မာကျောတဲ့အဆင့်အထိ ရောက်အောင် လုပ်လိုက်တာလား?”
“မှန်တာပေါ့…” ပိုင်လီဟောင်လင်းက ခေါင်းငြိမ့်လိုက်ပြီးမှ သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ ‘တောက်၊ ငါ လွှတ်ခနဲ ပြောမိသွားပြီ!’
“ဒါက လိမ်တာပဲ မဟုတ်လား!” လင်းရှု သူ့ကို ညွှန်ပြကာ အော်လိုက်တော့သည်။
ဒီလူရဲ့ စစ်သည်တော် အဆင့်က အလွန်မြင့်မားနေသဖြင့် သူ၏ရင်းမြစ်စွမ်းအင်မှာလည်း အဆင့်တစ်ခုသို့ ရောက်နေပေလိမ့်မည်။ သူက သူ၏ခန္ဓာကိုယ်ထဲက ခွန်အားကို အဆင့် ၁ အထိ လျှော့ထားနိုင်ပေမဲ့ သူ၏ ရင်းမြစ်စွမ်းအင်ကိုတော့ လျှော့ထားလို့ မရနိုင်ပေ!
“ဟီးဟီး၊ အဲဒါတွေကို ထားလိုက်ပါတော့။ လေ့ကျင့်ကြစို့!” ပိုင်လီဟောင်လင်းက ပြုံးလိုက်ပြီး စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။
သူပြောလိုက်သည်နှင့် သူ၏လက်ထဲမှ ဓားကို လင်းရှုထံသို့ တိုက်ရိုက် ပစ်ပေးလိုက်၏။
“စမ်းကြည့်လိုက်ဦး၊ ဓားတစ်လက်လုံးကို မင်းရဲ့ ရင်းမြစ်စွမ်းအင်နဲ့ လွှမ်းခြုံလိုက်စမ်း!”
လင်းရှု နှုတ်ခမ်းကို စူလိုက်မိသော်လည်း ထိုဓားကို အနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းမှာ တကယ့်ကို သာမန်ဓားတစ်လက်သာ ဖြစ်နေခဲ့သည်။
ဤလူသည် သာမန်ဓားတစ်လက်ကို ဤမျှ ထက်မြက်သောဓားအဖြစ် ပြောင်းလဲနိုင်သည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။
လင်းရှု အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုခဏတွင် သူသည် ရင်းမြစ်စွမ်းအင်ကို ဖြည်းညင်းစွာ အသက်သွင်းလိုက်ပြီး ဓားကို စတင် လွှမ်းခြုံလိုက်တော့သည်။
သို့သော် ဓား၏ သုံးပုံတစ်ပုံခန့်ကို လွှမ်းခြုံပြီးချိန်မှာပင် လင်းရှုမှာ စတင် မောဟိုက်လာခဲ့၏။
“မရဘူး၊ ဒါက အရမ်းပင်ပန်းတာပဲ…”
ရင်းမြစ်စွမ်းအင်ကို လက်နက်ထဲ ထည့်သွင်းလိုက်ရုံဆိုလျှင် လင်းရှု လွယ်လွယ်ကူကူ လုပ်နိုင်သော်လည်း လက်နက်တစ်ခုလုံးကို လွှမ်းခြုံရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။ ၎င်းသည် ရင်းမြစ်စွမ်းအင်ကို အလွန် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် လိုအပ်သောကြောင့်ပင်။
“ဒါက အဲဒီလောက် မလွယ်ဘူးလေ။ အော်… အဆင့် ၃ အထက် စစ်သည်တော် တစ်ယောက်တောင် လက်နက်ကို ရင်းမြစ်စွမ်းအင်နဲ့ ညီညီညာညာ လွှမ်းခြုံဖို့ဆိုတာ ခက်ခဲတဲ့အရာပဲ။” ထိုအချိန်တွင် ပိုင်လီဟောင်လင်းက သူ၏လက်ညှိုးကို လှုပ်ယမ်းကာ ပြောလိုက်သည်။
အံ့သြစရာ မရှိတော့ပါ၊ ထန်းမုပိုင်နှင့် တိုက်ခိုက်စဉ်က သူ ဤနည်းလမ်းကို သုံးနေသည်ဟု လင်းရှု အာရုံမခံမိခဲ့ပေ။ ဒါဆို သူလည်း ဒါကို မတတ်သေးဘူးပေါ့?
အမှန်တကယ်တော့ လင်းရှုက ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် ဓားရဲ့ သုံးပုံတစ်ပုံကို ဤမျှ ညီညာစွာ လွှမ်းခြုံနိုင်သည်ကို မြင်ရသည်မှာ ပိုင်လီဟောင်လင်းအတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။
ဤနည်းလမ်းမှာ ရင်းမြစ်စွမ်းအင်ကို အသုံးပြုသည့် အဆင့်မြင့် နည်းပညာများထဲမှ တစ်ခု ဖြစ်သည်။ လင်းရှုအတွက် သင်ယူရန် အနည်းငယ် စောနေသေးသော်လည်း အကယ်၍ သူသာ အခုကတည်းက စတင် သင်ယူထားပါက နောင်တွင် အခြားသော ရင်းမြစ်စွမ်းအင် နည်းစနစ်များကို သင်ယူသည့်အခါ အလွန်ပင် အကျိုးရှိပေလိမ့်မည်!
“ဆက်လုပ်စမ်း!”