အခန်း (၈၈) - မင်းရဲ့ဆရာ လုပ်ချင်တယ်
“ငါ ဆုံးဖြတ်လိုက်ပြီ။” ပိုင်လီဟောင်လင်းက လင်းရှုကို ရုတ်တရက် အတည်ပေါက် ကြည့်ပြီး ပြောလိုက်သည်။
‘ဘာကို ဆုံးဖြတ်တာလဲ!’ လင်းရှုကတော့ ကြောက်လန့်သွားပြီး သူ့အနားကနေ ပိုဝေးရာကိုတောင် ဆုတ်ခွာသွားချင်စိတ် ပေါက်သွားသည်။
‘သူက တခြားလူတွေကို အကုန်မောင်းထုတ်လိုက်ပြီးပြီဆိုတော့ အခု ငါတို့နှစ်ယောက်တည်း ကျန်တဲ့အချိန်မှာ ငါ့ကို တစ်ခုခု လုပ်တော့မှာလား?’
လင်းရှု ချက်ချင်းပင် စိတ်ထဲမှာ ဝေခွဲမရ ဖြစ်သွားခဲ့၏။
“ငါ မင်းရဲ့ဆရာ လုပ်ချင်တယ်လေ။” ပိုင်လီဟောင်လင်းက လင်းရှုကို အလေးအနက် ကြည့်ပြီး ပြောလိုက်သည်။
လင်းရှု မှင်တက်သွားပြီး မသိစိတ်ကနေ လွှတ်ခနဲ ပြောလိုက်မိသည် - “ဆရာ?”
“အင်း၊ မဆိုးဘူး၊ မင်းက သင်ရလွယ်သားပဲ။” ပိုင်လီဟောင်လင်းက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်၏။
‘တောက် တောက် တောက်! သူက တကယ့်ကို အရှက်မရှိတဲ့သူပဲ!’
“ကျွန်တော် ဆိုလိုတာက ခင်ဗျားကို ကျွန်တော့်ဆရာအဖြစ် မလိုအပ်ဘူးလို့ ပြောတာ။” လင်းရှုမှာ ယခုအချိန်တွင် တစ်ကိုယ်လုံး ချွေးများပင် ပြန်နေခဲ့ပြီ ဖြစ်သည်။
“မင်းမှာ ဆရာ ရှိပြီးသားမလို့လား?” ပိုင်လီဟောင်လင်းက အံ့သြစွာ မေးလိုက်၏။
“မရှိပါဘူး။”
“ဒါဆို မင်းက ငါ့လောက် အစွမ်းထက်တယ်လို့ ထင်နေတာလား?”
“မဟုတ်ပါဘူး…”
“ဒါဆိုရင်တော့ ဒါပဲပေါ့။” ပိုင်လီဟောင်လင်းက နောက်တစ်ကြိမ် ထပ်မံ ကျေနပ်သွားပြန်သည်။
“ကျွန်တော့်အမြင်အရ ခင်ဗျားက ကျွန်တော့်ထက်တောင် ငယ်ဦးမယ့်ပုံပဲ…” လင်းရှု၏ နှုတ်ခမ်းများ တွန့်သွားခဲ့ရသည်။
ပိုင်လီဟောင်လင်းက သူ့ထက် ငယ်ပုံရရုံတင်မကဘဲ အရပ်ကလည်း ခေါင်းတစ်လုံးစာလောက် ပိုပုသေးသည်။ သူက ဘယ်လိုလုပ်ပြီး ဆရာလုပ်ဖို့ ဝံ့နေရတာလဲ?
ပိုင်လီဟောင်လင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သဘောပေါက်သွားသလိုမျိုး ချက်ချင်းပင် ပြန်ဖြေလိုက်သည် - “မင်းက ငါ့ကို မင်းထက် ငယ်တယ်လို့ ထင်နေတာလား။”
“ငါ မင်းကို ပြောပြလိုက်မယ်၊ ငါက မင်းထက် အများကြီး ပိုကြီးပါတယ်။”
ပိုင်လီဟောင်လင်းက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်၏။
“ဘယ်လောက်တောင် ကြီးလို့လဲ?”
“အသက်ဆိုတာကတော့… ယောက်ျားတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပေါ့!” လင်းရှု၏ စပ်စုမှုကို ကြားလိုက်ရသည့်အခါ သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည်။
လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်၊ ဒီလူက ဘယ်လိုလုပ်ပြီး စကားပုံကို လွဲသုံးစား လုပ်နေရတာလဲ? (မူရင်းက မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပါ ကြည့်ရတာ နောက်မင်းသမီး ပေါ်လာတာလားမသိ🥹)
သူသည် တစ်ခုခုကို တွေးမိသွားသကဲ့သို့ ပြန်လည် ရယ်မောလိုက်ပြီး - “ငါတို့ တစ်ပွဲလောက် နွှဲကြည့်ကြမလား? အကယ်၍ မင်း ရှုံးသွားရင် ငါ့ရဲ့ တပည့်ဖြစ်ရမယ်။”
“မလုပ်ပါဘူး။” လင်းရှု ခေါင်းခါလိုက်သည်။ သူသည် ယခုအခြေအနေဖြင့် ပိုင်လီဟောင်လင်းကို မယှဉ်နိုင်မှန်း သိနေသောကြောင့်ပင်။
“ငါ့ရဲ့ ခွန်အားကို အဆင့် ၁ စစ်သည်တော် အဆင့်အထိ လျှော့ချထားပေးမယ်၊ ပြီးတော့ လက်နက်လည်း မသုံးဘဲ တိုက်မယ်လေ။” ပိုင်လီဟောင်လင်းက ပြုံးစစဖြင့် အကြံပေးလိုက်သည်။
လင်းရှု မျက်လုံးများကို မှေးလိုက်၏။ အကယ်၍ ထိုသို့သာဆိုလျှင် သူ စမ်းသပ်ကြည့်လို့ ရနိုင်သည်ဟု ခံစားလိုက်ရသည်။
သူ့ကို ဆရာလုပ်ချင်နေသော ဤလူကို အခွင့်အရေးရတုန်း ပညာပေးလိုက်မည်ဟု သူ ဆုံးဖြတ်လိုက်တော့သည်။
“ကောင်းပြီလေ။” လင်းရှု မတ်တပ်ရပ်လိုက်ပြီး သူ၏လက်ချောင်းများကို ချိုးကာ အသင့်ပြင်လိုက်သည်။
ပိုင်လီဟောင်လင်းက သူ၏ဓားများကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး လှမ်းကြည့်လိုက်၏။
လင်းရှုသည် ပိုင်လီဟောင်လင်း၏ အရှိန်အဝါများ အားနည်းသွားသည်ကို အာရုံခံလိုက်ရသည်။
“ဒီလောက်ဆို ရမလား?” ပိုင်လီဟောင်လင်းက ခပ်တိုးတိုး ရယ်လိုက်သည်။
“ရပါတယ်။” လင်းရှု ခေါင်းငြိမ့်ပြလိုက်ပြီး တိုက်ပွဲဝင်ပုံစံ ပြင်လိုက်တော့သည်။
သူ၏ အကြည့်များမှာလည်း အေးစက်သွားခဲ့၏။
“လာလေ။” ပိုင်လီဟောင်လင်းက လင်းရှုကို သူ၏လက်ချောင်းဖြင့် ရန်စသလိုမျိုး လှမ်းခေါ်လိုက်သည်။
သူ့စကားဆုံးသည်နှင့် လင်းရှုသည် သူရှိရာသို့ ပြေးဝင်သွားတော့သည်!
ပေါက်ကွဲစေသော လက်သီး!!!
သူသည် လက်အိတ်များအတွင်းသို့ ရင်းမြစ်စွမ်းအင်များကို ထည့်သွင်းလိုက်ရာ သူ၏လက်သီး လေထဲသို့ တိုးဝင်သွားသည့်အခါ လေတိုးသံများ ထွက်ပေါ်လာခဲ့၏။
သူ၏လက်အိတ်များမှာ နီရဲနေသော ဥက္ကာခဲတစ်ခုကဲ့သို့ နီမြန်းလာခဲ့သည်။
ပိုင်လီဟောင်လင်းက ရှောင်တိမ်းရန် မကြိုးစားဘဲ လင်းရှုထံသို့ လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်!
‘သေချင်နေတာပဲ!’
လင်းရှု၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရသည်။
‘သူ တကယ်ပဲ သေချင်နေတာလား၊ ငါက လက်အိတ်တွေ ဝတ်ထားတာဆိုတော့ ဒါက လက်နက်တစ်ခုလို့ပဲ သတ်မှတ်ရမယ်။ သူက သူ့ရဲ့ခွန်အားကို အဆင့် ၁ အထိ လျှော့ထားပြီး ငါနဲ့ လက်သီးချင်း ယှဉ်ထိုးဖို့ လုပ်နေတာလား၊ သူ ဘာတွေ လုပ်နေတာလဲ!’
သို့သော် လက်သီးချင်း ထိတွေ့သွားသည့် ခဏမှာပင် လင်းရှုသည် ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရပြီး သူသည် လေထဲသို့ ချက်ချင်းပင် လွင့်ထွက်သွားခဲ့တော့သည်!
ကျယ်လောင်သော ဘုန်းကနဲ အသံနှင့်အတူ သူသည် မြစ်ထဲသို့ ခေါင်းစိုက်ကျသွားကာ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားခဲ့ရလေပြီ။
“ဘယ်လိုနေလဲ?” ပိုင်လီဟောင်လင်းက မြစ်ထဲရှိ လင်းရှုကို ကြည့်ပြီး မေးလိုက်သည်။
လင်းရှု မြစ်ထဲမှ လမ်းလျှောက်ထွက်လာပြီး သူ၏မျက်နှာမှ ရေများကို သုတ်လိုက်သည်။ ခုနက ဘာတွေ ဖြစ်သွားတာလဲ?
သူတို့ လက်သီးချင်း ထိတွေ့ခဲ့တာလေ၊ ဒါပေမဲ့ ဘာလို့ လွင့်သွားတာက သူ ဖြစ်နေရတာလဲ?
“မင်း အံ့သြနေတာ မဟုတ်လား?” လင်းရှု ဖြည်းဖြည်းချင်း လမ်းလျှောက်လာစဉ် ပိုင်လီဟောင်လင်းက ကျေနပ်နေသော အမူအရာဖြင့် မေးလိုက်သည်။
“ငါ အဆင့် ၁ အထက် ခွန်အားတွေကို မသုံးခဲ့ပါဘူး။”
“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ?” လင်းရှု မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
၎င်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်၊ အကယ်၍ သူသည် အဆင့် ၁ ထက်ပိုသော ခွန်အားကို မသုံးခဲ့ဘူးဆိုလျှင် ဤမျှ ပြင်းထန်သော ခွန်အားကို ဘယ်လိုများ ထုတ်ဖော်နိုင်ခဲ့ပါသနည်း?
“ငါ့ကို ‘ဆရာ’ လို့ ခေါ်လေ။” ဟု ပိုင်လီဟောင်လင်းက နောက်ပြောင်သလို ပြန်ဖြေလိုက်၏။
လင်းရှု သွားကြိတ်လိုက်မိသည်။ ဝန်ခံရမည်ဆိုလျှင် ဤထောင်လွှားသော လူငယ်မှာ သူ တွေ့ဖူးသမျှ စစ်သည်တော်များထဲတွင် အစွမ်းအထက်ဆုံးပင် ဖြစ်သည်။ ထန်မုပိုင်နှင့် တိုက်ခိုက်ခဲ့စဉ်ကပင် သူ ဤကဲ့သို့သော ခံစားချက်မျိုး မရရှိခဲ့ပေ။
“ဆ… ဆရာ…” လင်းရှုသည် လေလျှော့လိုက်သော ဘောလုံးတစ်ခုကဲ့သို့ ဖြစ်သွားပြီး နောက်ဆုံးတွင်တော့ ခေါ်လိုက်ရပါတော့သည်။
“ဟားဟားဟား၊ မဆိုးဘူး၊ မဆိုးဘူး။” ပိုင်လီဟောင်လင်းက ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားနေသလိုမျိုး သူ၏မေးစေ့ကို မော့လိုက်၏။
လင်းရှုမှာမူ မျက်မှောင်ကြုတ်ကာ ဆွံ့အလျက်ပင်။ ‘ဒီလူက… တကယ့် ကျွမ်းကျင်သူ ဟုတ်ရဲ့လား…’
“ကဲ၊ မင်းရဲ့ လက်သီးချက်က ဘာလို့ ငါ့ကို မထိခဲ့တာလဲဆိုတာ မင်း သိလား?” ပိုင်လီဟောင်လင်းက ပြန်လည် အတည်ပေါက်သွားပြန်သည်။
လင်းရှု ခေါင်းခါပြလိုက်သည်၊ ၎င်းမှာ သူ အသိချင်ဆုံး အချက်ပင်။ သူ၏ ပေါက်ကွဲစေသော လက်သီးမှာ မည်သူမျှ ထိပ်တိုက် ရင်မဆိုင်ဝံ့သော အရာ ဖြစ်သည်။ သူက ၎င်းကို ရင်ဆိုင်ခဲ့ရုံတင်မကဘဲ လင်းရှုကိုပင် လွင့်ထွက်သွားအောင် ပြန်လည် တန်ပြန်နိုင်ခဲ့ခြင်းမှာ လင်းရှုကို အံ့အားသင့်စေခဲ့သည်။
“ရင်းမြစ်စွမ်းအင်ပဲ၊ မင်းရဲ့ ရင်းမြစ်စွမ်းအင် အသုံးပြုပုံက လုံးဝကို မှားယွင်းနေတာ။” ပိုင်လီဟောင်လင်း ထိုင်လိုက်ပြီး အေးဆေးပင် ပြန်ဖြေလိုက်သည်။
“အသုံးပြုပုံက လုံးဝ မှားနေတယ် ဟုတ်လား?” လင်းရှု မှင်တက်သွား၏။
“ကြည့်လိုက်ဦး။” ပိုင်လီဟောင်လင်းက မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်သည်။
“ဒါက ကျောက်ခဲတစ်လုံးပဲ။ အကယ်၍ ငါက ရင်းမြစ်စွမ်းအင်ကို အထဲမှာ ထည့်လိုက်ရင် ဒါက ပိုပြီး မာကျောလာလိမ့်မယ်။”
သူသည် ကျောက်ခဲကို ကောက်ယူကာ မြေပြင်ပေါ်ရှိ ပိုကြီးသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ထုချလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ကျောက်တုံးကြီးမှာ ကွဲအက်သွားသော်လည်း သူ၏လက်ထဲမှ ကျောက်ခဲမှာလည်း ကျိုးပဲ့သွားခဲ့၏။
“ရင်းမြစ်စွမ်းအင်ကို ထည့်လိုက်ပြီးတဲ့နောက်မှာ ကျောက်ခဲရဲ့ မာကျောမှုက မြင့်တက်လာပေမဲ့ အခြေခံအားဖြင့်တော့ ဒါဟာ ကျောက်ခဲပဲ ရှိသေးတယ်။ မင်း ရင်းမြစ်စွမ်းအင် ဘယ်လောက်ပဲ ထည့်ထည့်၊ အများဆုံး ၀.၅ ဆလောက်ပဲ မာကျောမှုက တိုးလာနိုင်တာ။”
လင်းရှု သူ၏စကားများကို စဉ်းစားလိုက်သည်။ အမှန်တကယ်တော့ သူ၏ လေ့ကျင့်မှုအားလုံးမှာ လမ်းညွှန်သူမရှိဘဲ ကိုယ်တိုင်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤစကားများမှာ သူ့အတွက် အတွေးအမြင်အသစ်များကို ပွင့်လင်းစေခဲ့သည်။
“ဒါပေမဲ့ မင်းက ရင်းမြစ်စွမ်းအင်ကို မျက်နှာပြင်ပေါ်မှာ ထားပြီး ဒီလိုမျိုး ပတ်ထားလိုက်မယ်ဆိုရင်တော့…” ပိုင်လီဟောင်လင်းက နောက်ထပ် ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး ပြုံးလိုက်သည်။
ထို့နောက် သူသည် ၎င်းကို နောက်ထပ် ကျောက်တုံးကြီးတစ်ခုပေါ်သို့ ထုချလိုက်ရာ ထိုကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့တော့သည်။
သို့သော် သူ၏လက်ထဲမှ ကျောက်ခဲမှာမူ မည်သည့် ပွန်းပဲ့ရာမျှပင် မရှိဘဲ ကျန်ရစ်နေခဲ့လေသည်။