အခန်း (၈၆) - မျက်လုံးနီသင်းကွဲဝံပုလွေ။
ထိုအချိန်တွင် လူတိုင်းမှာ မြစ်ကမ်းနားတွင် ထိုင်ရင်း ငါးများစွာကို ဖမ်းကာ မီးဖိုဘေးတွင် ကင်စားနေကြသည်။
“ခင်ဗျားက မြို့ထဲကလား?” လင်းရှုက ငါးကင်ရင်း ပိုင်လီဟောင်လင်းကို မေးလိုက်သည်။
“မဟုတ်ပါဘူး။” ပိုင်လီဟောင်လင်းက ခေါင်းခါပြလိုက်ပြီး ပထမဆုံးအကြိမ် ငါးကင်ဖူးသူတစ်ယောက်ကဲ့သို့ အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ငါးကို ဆက်ကင်နေခဲ့၏။
လင်းရှု ၎င်းကို မြင်လိုက်ရသည့်အခါ အနည်းငယ်တော့ ဆွံ့အသွားခဲ့ရသည်။ သို့သော်လည်း ပိုင်လီဟောင်လင်းကဲ့သို့ အစွမ်းထက်သောသူမှာ လျန်မြို့ တွင် ရှိနေမည် မဟုတ်သဖြင့် သူ လိမ်ပြောနေခြင်း မဟုတ်တန်ရာပေ။
ဤလူ၏ ခွန်အားမှာ ထန်းမုပိုင်နှင့်ပင် ယှဉ်နိုင်သည်ဟု လင်းရှု အနည်းငယ် အာရုံခံနိုင်ပေသည်။
“ဟိန်း!!!”
ထိုအချိန်မှာပင် တစ်ဖက်ခြမ်းမှ ရုတ်တရက် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သတ္တဝါတစ်ကောင်၏ အသံဖြစ်ပုံရသဖြင့် မီးဖိုဘေးတွင် ထိုင်နေကြသော လင်းရှုနှင့် အခြားသူများ အံ့သြသွားကြရ၏။
ဤနေရာတွင် မီးကို မကြောက်သော အဆင့်မြင့် သတ္တဝါများ မရှိနိုင်ပေ။ အကယ်၍ ယခုလာနေသည်မှာ မှန်ပါက ၎င်းမှာ ‘မျက်လုံးနီသင်းကွဲဝံပုလွေ’ သာ ဖြစ်ပေလိမ့်မည်။
“ဒါက ဘာကြီးလဲ!?” လေလျန်နှင့် အခြားသူများမှာ မတ်တပ်ရပ်လိုက်ကြသည်။
သာမန် သတ္တဝါများသည် ညဘက်တွင် မီးကို မြင်လျှင် အလွယ်တကူ အနားမကပ်ရဲကြပေ။ အခု ဘယ်လိုသတ္တဝါမျိုးက လာနေရတာလဲ?
ထို့ပြင် ထိုအူသံမှာ သူတို့၏ ကျောရိုးတိုင်တစ်လျှောက် စိမ့်တက်သွားစေလောက်အောင်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
“ဝံပုလွေသံနဲ့ တူတယ်။” ကျန်းကျီမင်းက မျက်မှောင်ကြုတ်လိုက်၏။ သူသည် မြစ်ကမ်းနား၏ ရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် နီရဲနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
ထိုမျက်လုံးများမှာ သွေးဆာနေပြီး ကြမ်းကြုတ်လှပေသည်။
“ဒါက မျက်လုံးနီ ဝံပုလွေပဲ။” လင်းရှုလည်း မတ်တပ်ရပ်လိုက်ပြီး သတိရှိစွာဖြင့် အသင့်ပြင်လိုက်တော့သည်။
ဤအဆင့် ၃ သတ္တဝါမှာ သာမန်သတ္တဝါ မဟုတ်ပေ၊ ၎င်း၏ ထူးခြားချက်မှာ သွေးကဲ့သို့ နီရဲသော မျက်လုံးများရှိပြီး အလွန်ပင် မြန်ဆန်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ၎င်းမှာ တစ်ကောင်တည်း ကျက်စားတတ်ပြီး သားကောင်ကို ရှာတွေ့ပါက ဘယ်တော့မှ လက်လွှတ်မခံတတ်ပေ!
ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံးကို အသက်သွင်းလိုက်ရာ သူ မြင်တွေ့နေရသည်မှာ စာအုပ်များထဲတွင် ဖတ်ဖူးသည့်အတိုင်းပင် ဖြစ်နေခဲ့၏။
“ဟိန်း!!!”
လင်းရှု ဘာမှ မလုပ်ရသေးခင်မှာပင် ထိုမျက်လုံးနီ ဝံပုလွေမှာ သူတို့ထံသို့ ပြေးဝင်လာခဲ့ပြီ!
လရောင်အောက်တွင် မျက်လုံးနီ ဝံပုလွေမှာ ငွေရောင်ရိပ်တစ်ခုကဲ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့တော့သည်!
“သောက်ကျိုးနည်း!” လေလျန် ၎င်းကို မြင်လိုက်ရသည့်အခါ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရပြီး သူ၏လက်ထဲမှ ပုဆိန်ကို ပြေးဝင်လာသော ဝံပုလွေထံသို့ လွှဲယမ်းရန် ပြင်လိုက်၏!
သို့သော်လည်း ထိုမျက်လုံးနီ ဝံပုလွေမှာ ရုတ်တရက် လမ်းကြောင်းပြောင်းကာ သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။
ထို့နောက် ၎င်းက လှည့်ကာ လေလျန်ကို ခုန်အုပ်ရန် ပြင်လိုက်ပြန်သည်!
“ဖယ်ကြစမ်း!” ကျန်းကျီမင်းနှင့် ယန်လင်းတို့မှာ ချက်ချင်းပင် ပြေးဝင်လာကြပြီး လက်နက်များကို ကိုင်ဆောင်ကာ ဝံပုလွေကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
“ဟိန်း!” မျက်လုံးနီ ဝံပုလွေမှာ အန္တရာယ်ကို အာရုံခံမိပြီး မျက်တောင်တစ်ခတ်အတွင်း ရှောင်တိမ်းသွားခဲ့၏!
“ဘာ!?” ကျန်းကျီမင်းနှင့် ယန်လင်းတို့မှာ အံ့အားသင့်သွားကြရသည်။
ဤသတ္တဝါ၏ ဉာဏ်ရည်မှာ အလွန်ပင် မြင့်မားလှပေသည်။
အခြားတစ်ဖက်တွင်မူ ဝူရှုမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။ သူတို့မှာ အဆင့် ၁ စစ်သည်တော်များသာ ဖြစ်ကြပြီး မျက်လုံးနီ ဝံပုလွေမှာ အဆင့် ၃ သတ္တဝါ ဖြစ်သဖြင့် အဆင့် ၂ စစ်သည်တော် တစ်ဦး၏ ခွန်အားနှင့် ညီမျှနေသောကြောင့်ပင်!
ရှောင်တိမ်းရန် တစ်ဖက်သို့ ခုန်သွားသော မျက်လုံးနီ ဝံပုလွေမှာ သူ၏မျက်လုံးကျဉ်းကျဉ်းများဖြင့် လင်းရှုကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။
၎င်းသည် လင်းရှုထံမှ အားနည်းသော အရှိန်အဝါကို အာရုံခံမိပုံရပြီး သူ၏ခြေထောက်များဖြင့် မြေပြင်ကို ကုတ်ကာ နောက်တစ်စက္ကန့်တွင် လင်းရှုရှိရာသို့ ပြေးဝင်လာခဲ့တော့သည်!
ကျန်းကျီမင်းနှင့် အခြားသူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မှင်တက်သွားကြသော်လည်း သူတို့မှာ ကူညီရန် မသွားကြဘဲ ဝံပုလွေ လင်းရှုဆီသို့ ပြေးသွားသည်ကိုသာ ကြည့်နေခဲ့ကြ၏။
မျက်လုံးနီ ဝံပုလွေ၏ လက်သည်းများမှာ အလွန်ပင် ရှည်လျားလှပြီး လရောင်အောက်တွင် အေးစက်သော အလင်းတန်းကို မြင်နေရသည်။
လင်းရှုသည် ထိုအချိန်တွင် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်၊ သူ မကြောက်သော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့မိ၏။
‘အရူး၊ သေလိုက်စမ်း!’ ကျန်းကျီမင်းက လင်းရှု မရှောင်ဘဲ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။
‘ပေါက်ကွဲစေသော လက်သီး’!
လင်းရှု လက်သီးဖြင့် လွှဲယမ်းလိုက်ရာ လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ထဲမှ လက်အိတ်မှာ နီရဲသွားခဲ့သည်!
ဘုန်း ——!
လင်းရှု၏ လက်သီးနှင့် မျက်လုံးနီ ဝံပုလွေ၏ ထက်မြက်သော လက်သည်းများ ထိတွေ့သွားခဲ့ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး မီးပွားများပင် ထွက်ပေါ်သွားခဲ့ရ၏။
ဒါ… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!
ကျန်းကျီမင်း ၎င်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့သည်။ ဤကောင်လေး၏ လက်သီးချက်က ဝံပုလွေ၏ လက်သည်းနှင့် ယှဉ်နိုင်လောက်အောင် အစွမ်းထက်နေတာလား?
မျက်လုံးနီ ဝံပုလွေ၏ လက်သည်းများမှာ အလွန်ပင် ထက်မြက်လှသည်ဟု နာမည်ကြီးသည် မဟုတ်ပါလား!
အော်… ဟုတ်သားပဲ၊ လက်အိတ်တွေကြောင့်ပဲ!
၎င်းတို့မှာ အလွန် ထူးခြားရပေမည်!
၎င်းကို မြင်လိုက်ရသည့်အခါ ကျန်းကျီမင်း၏ မျက်လုံးများထဲတွင် လောဘရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။
‘ဒီကောင်လေး နှစ်ယောက်မှာ အဖိုးတန်တဲ့ အရာတွေ အများကြီး ရှိနေတာပဲ။’
“ဟေး၊ မင်းက တကယ်တော်တာပဲ။” ပိုင်လီဟောင်လင်းက ငါးရိုးများသာ ကျန်တော့သည်အထိ ငါးကင်ကို ကိုက်စားလိုက်သည်။ သူသည် သူ၏ဗိုက်ကို ပွတ်သပ်ရင်း မတ်တပ်ရပ်လိုက်ရာ လင်းရှုနှင့် ဝံပုလွေ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်တော့ အံ့သြသွားခဲ့၏။
“မြန်မြန်လာကူဦးလေ!” လင်းရှု သွားကြိတ်ကာ လှမ်းခေါ်လိုက်ရသည်။
သူသည် တစ်နေ့လုံး အလေးမထားနိုင်အောင် ကျင့်သားရနေပြီ ဖြစ်သော်လည်း ဤအလေးချိန်မှာ သူ၏ ခွန်အားနှင့် အမြန်နှုန်းကို ဖိနှိပ်ထားဆဲပင်။
သူ၏ လက်ရှိခွန်အားမှာ အဆင့် ၁ စစ်သည်တော် အဆင့်လောက်သာ ရှိပေလိမ့်မည်။
ရွှီး ——
နောက်တစ်စက္ကန့်တွင် လင်းရှု၏ အဝတ်များမှာ ဝံပုလွေ၏ လက်သည်းဖြင့် ဆွဲဖြဲခံလိုက်ရပြီး သွေးစအချို့ ထွက်ပေါ်လာခဲ့သည်။
တောက်၊ ဒီသတ္တဝါက အရမ်းမြန်တာပဲ။
လေလျန်နှင့် အခြားသူများမှာလည်း ကြောက်ရွံ့နေကြသဖြင့် ရှေ့သို့ မတိုးရဲကြပေ။ ဘာပဲဖြစ်ဖြစ် ဒါက အဆင့် ၃ သတ္တဝါကြီး မဟုတ်ပါလား!
ပိုင်လီဟောင်လင်း ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြေးဝင်လာခဲ့သည်။ ထိုမျက်လုံးနီ ဝံပုလွေက လင်းရှု၏ လည်ပင်းကို ကိုက်ရန် အခွင့်အရေး ယူတော့မည့် ဆဲဆဲတွင် ပိုင်လီဟောင်လင်းက သူ၏ခါးမှ ဓားနှစ်လက်ကို ချက်ချင်းပင် ဆွဲထုတ်လိုက်တော့သည်။
သူသည် ဓားကို အလွန် လျင်မြန်စွာ ဆွဲထုတ်လိုက်သဖြင့် အဖြူရောင် အလင်းတန်း နှစ်ခုကိုသာ မြင်လိုက်ရ၏။
“ဟိန်း!” မျက်လုံးနီ ဝံပုလွေမှာ ဟိန်းဟောက်လိုက်ပြီး သူ၏အမြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“နှမြောစရာပဲ။” ပိုင်လီဟောင်လင်းက လက်တစ်ဖက်စီတွင် ဓားတစ်လက်စီကို ကိုင်ကာ ဝံပုလွေ တစ်ဖက်သို့ ခုန်ရှောင်သွားသည်ကို ကြည့်ပြီး ပြောလိုက်သည်။
“သေမလို့ပဲ။” လင်းရှု သက်ပြင်းချလိုက်မိသည်။ အလေးချိန်များ ဝတ်ဆင်ထားခြင်းက ဤကဲ့သို့သော အားနည်းချက် ရှိနေသည်၊ သူ၏ အစွမ်းအစ အပြည့်အဝကို မထုတ်နိုင်ခြင်းပင်။
“ငါ ထင်ထားတာက… မင်းက အစွမ်းထက်တယ်လို့လေ။” ပိုင်လီဟောင်လင်းက လင်းရှုကို ခဏမျှ ကြည့်ပြီး သံသယဖြင့် ပြောလိုက်သည်။
လင်းရှု၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ သူသည် ‘ဖုံးကွယ်ခြင်း’ စွမ်းရည်ကို အသုံးပြုထားသော်လည်း ဤလူက သူ၏ မူလခွန်အားကို အာရုံခံနိုင်နေတုန်းလား?
“လင်းရှု၊ အဆင်ပြေရဲ့လား?” လင်းရှု စဉ်းစားနေစဉ်မှာပင် လေလျန်နှင့် အခြားသူများမှာ ပြေးလာပြီး အရှေ့တွင် ရပ်လိုက်ကြသည်။
“အဆင်ပြေပါတယ်။”
လင်းရှု ခေါင်းခါပြလိုက်သော်လည်း စိတ်ထဲတွင်မူ သူတို့ကို ကဲ့ရဲ့နေခဲ့မိသည်။ ဤလူစုမှာ ခုနက ဘာမှမလုပ်ဘဲ ရုပ်ရှင်ကြည့်သလို ကြည့်နေကြပြီး အန္တရာယ် မရှိတော့မှသာ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
သူတို့မှာ တောထဲတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရသည့် လူစုသာ ဖြစ်သဖြင့် သူတို့အပေါ် များစွာတော့ မျှော်လင့်မထားပေ။
“ဟိန်း!” ထိုတစ်ဖက်ရှိ မျက်လုံးနီ ဝံပုလွေမှာမူ တစ်ခုခုကို ထိတ်လန့်သွားသကဲ့သို့ အမွှေးများ ထောင်ထလာခဲ့တော့သည်။