အခန်း (၈၅) - ပိုင်လီဟောင်လင်း။
“အရူးပဲ၊ အရိုးတွေပေါ်မှာ ငှက်တွေ ဆိတ်ထားတဲ့ အမှတ်တွေ ရှိနေတာကို မမြင်ဘူးလား။” ဓားနှစ်လက်နှင့် လူငယ်က ယန်လင်းကို တစ်ချက် စောင်းကြည့်ရင်း ပြောလိုက်သည်။
“မင်းက ဘယ်သူ့ကို အရူးလို့ ပြောတာလဲ!” ယန်လင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာမှာ အလွန်ပင် ဆိုးဝါးသွားခဲ့သည်။
သူသည် ထိုလူငယ်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဇီး ဇီး ဇီး”
ထိုအချိန်မှာပင် တောနက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခု ရောက်ရှိလာသဖြင့် လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်။
“လာကြပြီ။” လေလျန်နှင့် အခြားသူများမှာ သူတို့၏ လက်နက်များကို ဆုပ်ကိုင်ကာ အလွန်ပင် သတိရှိနေကြတော့သည်။
လင်းရှုက ထိုလူငယ်ကို ကြည့်လိုက်ရာ သူသည် လက်ပိုက်ထားပြီး အနည်းငယ်မျှပင် စိုးရိမ်ပုံမရဘဲ စိတ်ဝင်စားစရာ ကောင်းသည်ဟူသော အပြုံးမျိုးဖြင့်ပင် ကြည့်နေခဲ့၏။
မကြာမီမှာပင် လူသားစားငှက်တစ်ကောင် ပြေးဝင်လာခဲ့သည်!
ထိုငှက်၏ ခန္ဓာကိုယ်မှာ ကလေးငယ်တစ်ဦးနီးပါး ကြီးမားလှသည်။ ၎င်းတွင် အမည်းရောင် တောင်ပံများ ရှိသော်လည်း ဦးခေါင်းမှာ ကတုံးဖြစ်နေသဖြင့် အလွန်ပင် ရုပ်ဆိုးလှပေသည်။
၎င်း ပျံသန်းလာသည်နှင့်အမျှ ပုပ်စပ်စပ် အနံ့ဆိုးတစ်ခုမှာ ရုတ်တရက် ဝေ့ဝဲလာရာ လင်းရှုမှာ မျက်မှောင်ကြုတ်လိုက်ရ၏။
“သေစမ်း!” လေလျန်နှင့် အခြားသူများမှာ မဆိုင်းမတွပင် သူတို့၏ လက်နက်များကို လွှဲယမ်းကာ တိုက်ခိုက်လိုက်ကြသည်။ ထိုအဆင့် ၂ လူသားစားငှက်မှာ နောက်တစ်စက္ကန့်တွင်ပင် သေဆုံးသွားခဲ့ရလေပြီ။
“ဟင်း၊ လွယ်လိုက်တာ။” ကျန်းကျီမင်းက သူ၏ဓားကို ကိုင်ကာ ထိုငှက်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ပြီး ၎င်းအတွင်းမှ ထူးခြားသော ကျောက်တုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။
“မဟုတ်ဘူး၊ ဒါက အစပဲ ရှိသေးတာ။” လင်းရှုက ခေါင်းခါရင်း ပြောလိုက်၏။
လင်းရှု စကားပြောပြီးသည်နှင့် သူ၏အပေါ်မှ နေရောင်ခြည်မှာ လုံးဝ ကွယ်ပျောက်သွားသကဲ့သို့ ဖြစ်သွားသည်။
လူသားစားငှက် အမြောက်အမြားမှာ ဤအချိန်တွင် အုပ်စုလိုက် ပြေးဝင်လာကြတော့သည်!
အနံ့ဆိုးမှာ ယခင်ကထက် ပိုမို ပြင်းထန်လာပြီး အသက်ရှူပင် ကျပ်စေခဲ့သည်။
ဒီဘက်ကပဲ!
လင်းရှု၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်!
‘ပေါက်ကွဲစေသော လက်သီး!’
လင်းရှု လက်သီးဖြင့် လွှဲယမ်းလိုက်သည်နှင့် သူ၏လက်အိတ်မှာ နီရဲသွားခဲ့၏။
သူသည် လူသားစားငှက်တစ်ကောင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်လိုက်ရာ ၎င်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
“ဟေး၊ မင်းက တော်သားပဲ။” ဟု ဓားနှစ်လက်နှင့် လူငယ်က ပြောလိုက်သည်။
“ခင်ဗျားလည်း မဆိုးပါဘူး။” လင်းရှုက သူ့ကို ကြည့်ပြီး ပြန်ပြောလိုက်၏။
ဤလူငယ်မှာ အလွန်ပင် ချောမောလှသဖြင့် မိမိကိုယ်ကို မဆိုးလှဟု ထင်ထားသော လင်းရှုပင်လျှင် ဖိအား အနည်းငယ် ခံစားလိုက်ရသည်။
“မင်းနာမည်က ဘယ်လိုခေါ်လဲ?” ထိုလူငယ်က လင်းရှုကို စိတ်ဝင်တစား မေးလိုက်သည်။
“လင်းရှုပါ။”
“ငါ့နာမည်က ပိုင်လီဟောင်လင်း တဲ့။” ထိုလူငယ်က ပြုံးပြသည်။
“ပိုင်လီဟောင်ယင်း လား?” လင်းရှုက အနည်းငယ် မှင်တက်သွားပြီး မေးလိုက်သည်။(ယင်း = နှာဘူး)
ပိုင်လီဟောင်လင်း ခဏမျှ ဆွံ့အသွားသည်။ သူသည် သွားကြိတ်ကာ လင်းရှုကို စိုက်ကြည့်ပြီး စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည် - “ပိုင်လီဟောင်လင်း လို့ ခေါ်တာ!”
“မင်းတို့ ကောင်လေးနှစ်ယောက်၊ မြန်မြန်လာပြီး ကူကြဦးလေ!”
ထိုအချိန်မှာပင် လေလျန်က လှမ်းအော်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ရှိရာသို့ လူသားစားငှက် အမြောက်အမြား ပြေးဝင်နေသောကြောင့် ဖြစ်၏။
ဤငှက်များမှာ တစ်ကောင်ချင်းစီအနေဖြင့် အစွမ်းမထက်သော်လည်း အရေအတွက် များပြားလာပါက သတိလက်လွတ် အကိုက်ခံရလျှင် အသက်အန္တရာယ် ရှိနိုင်ပေသည်။
“အရမ်း အားနည်းတာပဲ။” ပိုင်လီဟောင်လင်းက သူ၏မျက်လုံးများကို မှေးလိုက်ပြီး ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်ကာ အမြင့်သို့ ချက်ချင်း ခုန်တက်လိုက်သည်။
‘သူ အရမ်းမြန်တာပဲ!’
လင်းရှု၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရသည်၊ ထိုခဏတွင် ပိုင်လီဟောင်လင်းထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို လင်းရှု ခံစားလိုက်ရ၏။ ၎င်းမှာ သာမန်လူတစ်ယောက်တွင် ရှိနိုင်သော အရှိန်အဝါမျိုး မဟုတ်ပေ။
‘ဒီလူက ဘယ်လိုလူစားမျိုးလဲ!?’
လင်းရှု သူ့ကို စိုက်ကြည့်နေစဉ်မှာပင် လေထဲသို့ ခုန်တက်သွားသော ပိုင်လီဟောင်လင်းက သူ၏လက်များကို လှုပ်ရှားလိုက်ရာ သူ၏ခါးမှ ဓားနှစ်လက်မှာ ထွက်ပေါ်လာပြီး အေးစက်သော အလင်းတန်းများ လေထုထဲ၌ ဝင်းလက်သွားခဲ့သည်။
၎င်းတို့မှာ ကောင်းကင်ယံမှ ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ပင်!
ဝေါ ——
နောက်တစ်ခဏတွင် သေဆုံးသွားသော လူသားစားငှက် အမြောက်အမြားမှာ အပေါ်မှ ပြုတ်ကျလာခဲ့သည်။
သတိနှင့် ခုခံနေကြသော လေလျန်နှင့် အခြားသူများမှာ အံ့အားသင့်ပြီး မှင်တက်ကုန်ကြတော့သည်။
လူသားစားငှက် အကောင် ၂၀ ခန့်မှာ ထိုလူငယ်၏ ဓားနှစ်လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရပြီး သူတို့၏ အလောင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြ၏။
ပိုင်လီဟောင်လင်းသည် ကောင်းကင်မှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ပြီး သူ၏ဓားနှစ်လက်မှာ ဓားအိမ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ဓားများကို လုံးဝ ဆွဲမထုတ်ခဲ့သကဲ့သို့ပင်။
ထို့ပြင် သူ၏လက်ထဲတွင်လည်း ထူးခြားသော ကျောက်တုံး အမြောက်အမြားကို ကိုင်ဆောင်ထားခဲ့သည်။
“အရမ်း… အရမ်း အစွမ်းထက်တာပဲ။” လေလျန်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် ရေရွတ်လိုက်မိသည်။
ကျန်းကျီမင်းနှင့် ဝူရှုတို့၏ အကြည့်များမှာ ပြောင်းလဲသွားခဲ့သည်၊ အထူးသဖြင့် ကျန်းကျီမင်းမှာ ပိုင်လီဟောင်လင်း၏ ဓားနှစ်လက်ကို အရည်လဲ့သော မျက်လုံးများဖြင့် ကြည့်နေခဲ့၏။
“ဒီဓားကို ဘယ်လောက်နဲ့ ဝယ်တာလဲ?” ယန်လင်းက ပိုင်လီဟောင်လင်းကို မေးလိုက်သည်။
လူသားစားငှက်များကို ဤမျှ လွယ်ကူသေသပ်စွာ ပိုင်းဖြတ်နိုင်ရန်မှာ သူ၏ဓားမှာ အလွန် ထူးခြားရပေမည်။
“ဒါလား? ငါ့အမေ လုပ်ပေးထားတာလေ။” ပိုင်လီဟောင်လင်းက သူ၏ခါးမှ ဓားနှစ်လက်ကို ကြည့်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။
ယန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။
‘ဟင်း၊ အရူးကောင်လေးပဲ၊ ဒါပေမဲ့ ဒီဓားကတော့ အတော်လေး ကောင်းပုံရတယ်။’
လင်းရှုက သူတို့ကို ကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်မိသည်။ ဤပိုင်လီဟောင်လင်း အစွမ်းထက်နေခြင်းမှာ သူ၏ဓားကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ ခွန်အားများကြောင့် ဖြစ်သည်။ အကယ်၍ သူသည် အခြားဓားတစ်လက်ကို အသုံးပြုလျှင်တောင် ဤကဲ့သို့သော ရလဒ်မျိုးကို ရရှိပေလိမ့်မည်။
“သူတို့တွေ သွားကြပြီ။” လေလျန်က သက်ပြင်းချရင်း ပြောလိုက်သည်။
“မင်း လိုချင်လား?” ပိုင်လီဟောင်လင်းက လင်းရှုထံသို့ ကျောက်တုံးအမြောက်အမြားကို ကမ်းပေးလိုက်သည်။
“ဗျာ?” လင်းရှု အံ့သြသွားပြီး ရယ်ရအခက် ငိုရအခက်ဖြင့် ပြန်မေးလိုက်သည် - “ဒီကျောက်တုံးတွေကို ကျွန်တော့်ကို ပေးမလို့လား?”
“ဒါတွေက အနှောင့်အယှက် ဖြစ်နေလို့ပါ၊ ငါက မင်းကို ကြည့်ရတာ ပိုပြီး မျက်စိထဲ အဆင်ပြေလို့။” ဟု ပိုင်လီဟောင်လင်းက စဉ်းစားပြီး ပြောလိုက်သည်။
လင်းရှု ဆွံ့အသွားခဲ့ရသည်။ ဒီလူက အတည်ပြောနေတာလား? အဆင့် ၂ ကျောက်တုံး အလုံး ၂၀ နီးပါး ရှိတာနော်!
ဒါတွေကို ရောင်းလိုက်ရင် သူ ချမ်းသာသွားမှာကို၊ ဒါကို လင်းရှုကို ဒီအတိုင်း ပေးနေတာလား?
သူက လူအ ရိုးရိုးလေး ဖြစ်နေတာလား ဒါမှမဟုတ် တစ်ခုခု မှားနေတာလား။
သို့သော် ပိုင်လီဟောင်လင်းကို ကြည့်ရသည်မှာ လူအတစ်ယောက်နှင့်တော့ မတူပေ။
“မလိုချင်ရင်လည်း ထားလိုက်တော့။” ပိုင်လီဟောင်လင်းက နှုတ်ခမ်းစူလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုကျောက်တုံးများမှာ မှိန်ဖျော့သွားပြီး မကြာမီမှာပင် စွန့်ပစ်ကျောက်ခဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
‘သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် စုပ်ယူလိုက်တာလဲ!?’
ကျောက်တုံးများကို စုပ်ယူရန် ‘ကျင့်စဉ်’ ကို အသုံးပြုလျှင်ပင် အချိန်အနည်းငယ် ကြာမြင့်တတ်ပေသည်။ ဤလူသည် သူ၏ကျင့်စဉ်ကို ဤအဆင့်အထိ လေ့ကျင့်ထားပြီးပြီလား?
လေလျန်နှင့် အခြားသူများမှာ ထိုကျောက်တုံးများ ကျောက်ခဲဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ ‘မလိုချင်ရင် ငါတို့ကို ပေးလိုက်ပါတော့လား!’ ဟု တွေးကာ ရင်ထဲမှာ နှမြောတသ ဖြစ်နေကြတော့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။ မွန်းလွဲပိုင်းတွင် သူတို့ မည်သည့် အန္တရာယ်နှင့်မျှ ထပ်မံ မတွေ့ဆုံခဲ့ရပေ။ ကောင်းကင်မှာ မှောင်လာပြီ ဖြစ်သဖြင့် နောက်တစ်နေ့ ခရီးဆက်နိုင်ရန် မြစ်ကမ်းနားတွင် အနားယူရန် ပြင်ဆင်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ညဘက်ဆိုသည်မှာ အန္တရာယ် အရှိဆုံး အချိန် မဟုတ်ပါလား။