အခန်း (၈၄) - လမ်းခရီးထက်ဝယ်။
ထိုလူသည် ငွေရောင်လက်သည်းရှိ အမည်းရောင် ဝက်ဝံကြီး သူရှိရာသို့ ခုန်အုပ်လာသည်ကို မြင်သောအခါ မျက်လုံးကိုသာ စုံမှိတ်ထားလိုက်တော့သည်။
သို့သော် သူ မျှော်လင့်ထားသလို နာကျင်မှုက ရောက်မလာခဲ့ပေ။ ထိုအစား ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးကိုသာ ကြားလိုက်ရ၏။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လူငယ်တစ်ယောက်မှာ သူ၏ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်၏ လက်သီးမှာ ဝက်ဝံကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်နေခဲ့၏။
အလွန်ပင် ကြမ်းကြုတ်ရက်စက်ပုံရသော ဝက်ဝံကြီးမှာ တစ်နေရာတွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင် လင်းရှု က သူ၏လက်သီးကို ဖယ်လိုက်သည်နှင့် ဝက်ဝံကြီးမှာ စတင်လဲပြိုသွားခဲ့တော့သည်။
ဘုန်းကနဲ အသံနှင့်အတူ ထိုအဆင့် ၂ ဆင့်ကဲပြောင်းလဲလာသည့် သတ္တဝါကြီးမှာ သူ၏လေးလံလှသော ခန္ဓာကိုယ်ကြီးဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရလေပြီ။
“ငါ့ရဲ့ ခွန်အားက အဆင့် ၂ သတ္တဝါတွေကို ရင်ဆိုင်ဖို့ လုံလောက်နေပြီပဲ။” လင်းရှုသည် သူ၏လက်သီးကို လွှဲယမ်းရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အမှန်တကယ်တော့ လင်းရှု၏ တိုက်ခိုက်မှု အောင်မြင်သွားခြင်းမှာ ထိုသတ္တဝါကြီးက ရှေ့မှလူကိုသာ အာရုံစိုက်နေချိန် ဖြစ်သောကြောင့်လည်း ပါဝင်ပေသည်။
“ကျေး… ကျေးဇူးတင်ပါတယ်ဗျာ။” ထိုလူမှာ သက်ပြင်းချလိုက်ရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
လင်းရှုက သူ့ကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်သို့သာ ကြည့်လိုက်သည်။ ဝက်ဝံကြီး၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်၏။
သူ ထူးဆန်းပုံဆောင်ခဲကို ရှာတွေ့သွားသည်။
လင်းရှု ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုကျောက်တုံးကို ထုတ်ယူလိုက်သည်။ သူသည် ကျောက်တုံးကို ခါလိုက်ပြီး ပေကျံနေသော သွေးများကို ဖယ်ရှားလိုက်၏။
ထို့နောက် ၎င်းကို သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။
လင်းရှု၏ အိတ်ထဲတွင် ရှိနေသော အခြား ကျောက်တုံးအမြောက်အမြားကို မြင်လိုက်ရသောအခါ ထိုလူ၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့သည်။
“ဟယ်လို၊ ကျွန်တော့်နာမည်က လေလျန် ပါ!” ထိုလူက လင်းရှုကို စတင်၍ စကားပြောလိုက်သည်။
လင်းရှုက သူ့ကို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည် - “ကျွန်တော်က လင်းရှုပါ။”
“ညီလေး၊ မင်းလည်း ပင်လယ်နက်မြို့ ကို သွားမှာလား?” လေလျန်က ပြုံးပြီး မေးလိုက်သည်။
စကားပြောနေစဉ်မှာပင် သူသည် လင်းရှုကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ‘လင်းရှုက အဆင့် ၂ ဝက်ဝံကြီးကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်ပုံကို ကြည့်ရင် သူက အဆင့် ၁ စစ်သည်တော် ဖြစ်ရမယ်?’
‘မဟုတ်ဘူး၊ သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက အားနည်းနေတာပဲ၊ စစ်သည်တော် အဆင့်နီးပါး (Quasi-warrior) လား?’
“ခင်ဗျားလည်း အဲဒီကို သွားမှာလား?” လင်းရှုက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ဟုတ်တယ်၊ ကြည့်ရတာ မင်းလည်း စစ်သည်တော် အရည်အချင်း စစ်ဆေးချက်ကို သွားဖြေမှာ မဟုတ်လား?” လေလျန်က ဆက်ပြောသည်။
လင်းရှု ခေါင်းငြိမ့်လိုက်သည်။ သူ၏ရှေ့မှ လေလျန် ဆိုသော လူမှာ အနည်းဆုံးတော့ အဆင့် ၁ စစ်သည်တော် တစ်ဦး ဖြစ်ရပေမည်။
ထိုအချိန်မှာပင် ဘေးဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ လင်းရှု လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲဝတ်စုံများ ဝတ်ဆင်ထားပြီး အိတ်ကြီးများကိုယ်စီ လွယ်ထားသော လူသုံးဦးကို တွေ့လိုက်ရ၏။
သူတို့၏ လက်ထဲတွင်လည်း ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။
“လေလျန်၊ မင်း အဆင်ပြေရဲ့လား?” တစ်ယောက်က မေးလိုက်သည်။
“အဆင်ပြေပါတယ်။” လေလျန်က ခေါင်းခါပြပြီး သူတို့ကို မိတ်ဆက်ပေးလိုက်သည် - “ဒီက ညီလေးက လင်းရှု တဲ့။ သူလည်း ပင်လယ်နက်မြို့ကို သွားမှာပဲ၊ အခုလေးတင် ငါ့အသက်ကို ကယ်လိုက်တာ။”
လေလျန်၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး လင်းရှုထံသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
“ဝိုး။”
“သူတို့က ကျန်းကျီမင်း၊ ယန်လင်း နဲ့ ဝူရှု တဲ့။” လေလျန်က လင်းရှုကို မိတ်ဆက်ပေးသည်။
“အဟက်… လေလျန်၊ မင်းက အဆင့် ၂ သတ္တဝါတစ်ကောင်ကိုတောင် ဒီလောက်အထိ အရှုံးပေးနေရတာလား?” ဘေးမှ လူတစ်ယောက်က သူ့ကို လှောင်ပြောင်လိုက်သည်။
“တော်စမ်းပါ၊ ငါက အဲဒီမတိုင်ခင်က တခြားသတ္တဝါတစ်ကောင်ကို သတ်ထားလို့ အားနည်းနေလို့ပါ၊ မဟုတ်ရင် ငါကိုယ်တိုင် ရှင်းနိုင်ပါတယ်” ဟု လေလျန်က မကျေမနပ် ပြန်ပြောလိုက်သည်။
“ညီလေး၊ မင်းလည်း စစ်သည်တော် စစ်ဆေးချက်ကို သွားမှာဆိုတော့ ငါတို့နဲ့အတူတူ သွားကြတာပေါ့။” သူတို့က လင်းရှုကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
သူတို့မှာ အလွန်ပင် ဖော်ဖော်ရွေရွေ ရှိပုံရပေသည်။
လင်းရှု ခေါင်းငြိမ့်လိုက်သည်။ သူသည် အလွန်လေးလံသော ကိရိယာများကို ဝတ်ဆင်ထားသဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ လျော့နည်းနေပြီး အကယ်၍ သူ့ထက် အစွမ်းထက်သော သတ္တဝါနှင့် တွေ့ပါက အန္တရာယ် ရှိနိုင်သောကြောင့် သူတို့နှင့်အတူ သွားရန် ဝန်မလေးပေ။
သို့သော်လည်း လင်းရှုသည် ထိုလူများထံမှ တစ်ခုခု ထူးခြားနေသည်ကို ခံစားနေရသဖြင့် သတိတော့ ထားနေခဲ့သည်။
“ဂျောက် ဂျောက်။”
ထိုအချိန်မှာပင် စက်ရုပ်ဝံပုလွေမှာ လင်းရှုထံသို့ လျှောက်လာခဲ့သည်။ ထိုလူစုမှာ စက်ရုပ်ဝံပုလွေကို မြင်လိုက်ရသည့်အခါ မှင်တက်သွားကြရ၏။
“လင်းရှု၊ ဒါကို ဘယ်မှာ ဝယ်တာလဲ? အရမ်းမိုက်တာပဲ။ သံလိုက်ကားတွေထက်တောင် ပိုကောင်းသေးတယ်။” ကျန်းကျီမင်းက ရင်းနှီးသလိုမျိုး ပြုံးပြီး အနားသို့ လျှောက်လာခဲ့သည်။
“အွန်လိုင်းက ဝယ်တာပါ။” လင်းရှုက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်ပြီး အကျယ်တဝင့် မရှင်းပြတော့ပေ။
“ကဲ သွားကြစမ်းစို့။ စစ်ဆေးချက်က နောက် ၅ ရက်ဆို စတော့မှာ။ အခုမှ မသွားရင် အချိန်မီမှာ မဟုတ်ဘူး။” လေလျန်က ရယ်မောရင်း ပြောလိုက်သည်။
သူသည် ရှေ့မှ ဦးဆောင်ထွက်ခွာသွားပြီး အရင်က ပြုတ်ကျကျန်ရစ်ခဲ့သော ပုဆိန်ကို ကောက်ယူလိုက်သည်။
လင်းရှုသည် စက်ရုပ်ဝံပုလွေကို မစီးဘဲ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်လိုက်ပါသွားခဲ့သည်။
သူသည် ထန်းမုပိုင်၏ ဓားကို စက်ရုပ်ဝံပုလွေအတွင်းရှိ အထူးအကန့်တစ်ခုထဲတွင် ထည့်ထားခဲ့သည်။
မကြာမီမှာပင် သစ်ပင်တစ်ပင်အောက်တွင် ရပ်နေပြီး ပန်းသီးနီတစ်လုံးကို စားနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
“ညီလေး၊ သွားဖို့ အချိန်တန်ပြီဟေ့!” ယန်လင်းက ထိုလူကို လှမ်းအော်လိုက်သည်။
ယန်လင်း၏ အော်သံကို ကြားလိုက်ရသည့်အခါ သူ လှည့်ကြည့်လာခဲ့သည်။
သူသည် လင်းရှုနှင့် ရွယ်တူခန့်ရှိသော လူငယ်တစ်ဦး ဖြစ်ပြီး သူ၏ လည်ပင်းအထိ ရှည်လျားသော ဆံပင်များ ရှိသည်။ သူ၏ ခန္ဓာကိုယ်ထံမှလည်း ထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။
သူသည် သာမန် ဓားများကို မကိုင်ဆောင်ဘဲ သူ၏ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်တစ်စုံကို ကိုင်ဆောင်ထားသည်။
ဓားနှစ်လက် သုံးတဲ့သူလား?
“အင်း။” ထိုလူငယ်က ခေါင်းငြိမ့်ပြလိုက်ပြီး ပန်းသီးနီကို ဆက်စားရင်း ကျေနပ်သည့် အမူအရာကို ပြသနေခဲ့သည်။
“သူ့ကိုလည်း လမ်းမှာ တွေ့ခဲ့တာပဲ၊ အားလုံးက ပင်လယ်နက်မြို့ကို သွားကြမှာ၊ ဒါပေမဲ့ သူ့နာမည်ကိုတော့ ငါတို့ မသိကြဘူး။” လေလျန်က လင်းရှု၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
လင်းရှု ခေါင်းငြိမ့်လိုက်သည်၊ ဤလူစုမှာ အကြမ်းဖျင်းအားဖြင့် အဆင့် ၁ စစ်သည်တော်များ ဖြစ်ကြသော်လည်း ထိုလူငယ် ရုတ်တရက် ပေါ်လာခြင်းမှာ လင်းရှုကို သံသယ ဖြစ်စေသည်။ ထိုလူငယ်မှာ အလွန်ပင် အစွမ်းထက်လှသည်ဟု သူ ခံစားနေရသောကြောင့်ပင်။
သူတို့အဖွဲ့မှာ ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့ကြရာ ဖြည်းဖြည်းချင်း အရိုးစုများကို စတင် တွေ့ရှိလာရသည်။
သူတို့ တောနက်ထဲသို့ ရောက်ရှိလာလေလေ အရိုးစုများမှာ ပိုမို များပြားလာလေလေ ဖြစ်သည်။
“ဒီနေရာက ထူးဆန်းတယ်နော်။” ဝူရှု ဆိုသော လူမှာ အနည်းငယ် ဝဖြိုးပြီး ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားသူ ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဆင့် ၂ လူသားစား ငှက်တွေပဲ၊ သူတို့က အုပ်စုလိုက် နေတတ်တဲ့ သတ္တဝါတွေ။ လူတွေကို တိုက်ခိုက်တတ်တဲ့ အသားစားငှက် အမျိုးအစားတွေပေါ့။” လင်းရှုက ရှေ့သို့ လမ်းလျှောက်ရင်း အေးအေးလူလူပင် ပြန်လည်ဖြေကြားလိုက်သည်။
“မင်းက အဲဒါကို ဘယ်လိုလုပ် သိတာလဲ? ဒါက မြေပြင်ပေါ်မှာ သွားလာတတ်တဲ့ အသားစား သတ္တဝါတစ်ကောင်လည်း ဖြစ်နိုင်တာပဲ။” ယန်လင်းမှာမူ ပိန်ပိန်ပါးပါး လူတစ်ဦးဖြစ်ပြီး လင်းရှုကို ကြည့်ကာ ခနဲ့လိုက်သည်။
သူသည် စိုးရိမ်ပူပန်နေပုံရပြီး သူ၏လက်နက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့တော့သည်။