အခန်း (၈၁) - နဝမမြောက် ကောင်းကင်ဘုံ ဖီးနစ်ကခုန်ခြင်း!
ရွှေရောင်စွမ်းရည်။
လင်းရှု တစ်ယောက် ထိုအချိန်တွင် မှင်တက်သွားခဲ့ရသည်။
ပြင်းထန်လှသော ရင်းမြစ်စွမ်းအင်များမှာ ထန်းမုပိုင်၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာပြီး သူ၏လက်ထဲရှိ ဓားအတွင်းသို့ တိုက်ရိုက် စီးဝင်သွားခဲ့သည်။
ဤပြင်းထန်သော စွမ်းအားကြောင့် မြေပြင်တစ်ခုလုံး တုန်ခါနေပုံရသည်။
သူ၏ ပတ်ဝန်းကျင်ရှိ မြေပြင်များမှာလည်း စတင်၍ နိမ့်ဆင်းသွားခဲ့၏။
‘ဒီရွှေရောင်စွမ်းရည်က ဒီလောက်တောင် ထိတ်လန့်စရာ ကောင်းတာလား!?’
လင်းရှု အံ့အားသင့်သွားရသည်။ သူသည် အားအင်များ စုဆောင်းနေသည့်ပုံပေါ်သော ထန်းမုပိုင်ကို ကြည့်ကာ သူ၏လှံကို လွှဲယမ်းလိုက်ပြီး ဖီးနစ်ငှက်တစ်ကောင်ဖြင့် ထန်းမုပိုင်ကို အားပြင်းစွာ တိုက်ခိုက်လိုက်သည်။
သို့သော် လင်းရှုကို အံ့သြသွားစေသည်မှာ ဖီးနစ်ငှက်သည် ထန်းမုပိုင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း ဘာမှမဖြစ်သွားသည့်အပြင် ရင်းမြစ်စွမ်းအင်များမှာ ပိုမို၍ပင် ပြင်းထန်လာခဲ့ခြင်းပင်။
‘ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!?’
“သေလိုက်စမ်း!!!” ထန်းမုပိုင်က ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြီးမားသော မီးတောက်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ထိုမီးတောက်များ၏ ပုံစံမှာ မီးလျှံထဲမှ မွေးဖွားလာသော ဖီးနစ်ငှက်ကြီး တစ်ကောင်ကဲ့သို့ပင်။ မြင်ကွင်းတစ်ခုလုံးမှာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်!
ထို့နောက် ထိုကြီးမားလှသော မီးဖီးနစ်ငှက်ကြီးမှာ လင်းရှုထံသို့ ချက်ချင်းပင် ပျံသန်းလာခဲ့တော့သည်!
မီးလျှံများ၏ အလယ်တွင် ရှိနေသော ထန်းမုပိုင်သည် သူ၏ဓားကို ကိုင်ကာ လင်းရှုကို ထိုးစိုက်လိုက်၏!
သူ၏ အရှိန်အဝါမှာ အံ့မခန်းလှပေသည်၊ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်နှင့် အညစ်အကြေးများအားလုံး လေထဲသို့ မြောက်တက်လာခဲ့သည်။
လင်းရှုသည် ရှောင်တိမ်းရန် သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်သော်လည်း ထို ‘မီးဖီးနစ်ငှက်’ မှာ သူ့နောက်သို့ လိုက်ပါလာပြီး ဆက်တိုက် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏!
“မင်း ပြေးနိုင်မယ် ထင်နေတာလား!” ထန်းမုပိုင်က ခနဲ့လိုက်သည်။
လင်းရှုသည် ဤအချိန်တွင် ‘ဖီးနစ်အရှိန်အဝါ’ ကို အသုံးမပြုရဲပေ။ ၎င်းတွင်လည်း တူညီသော မီးဓာတ် သတ္တိ ရှိနေသဖြင့် ထန်းမုပိုင်ကို ထိခိုက်မှု မပေးနိုင်သည့်အပြင် သူ၏ အင်အားကို ပိုမို တိုးတက်စေပေလိမ့်မည်။
လင်းရှု၏ မျက်လုံးများမှာ အေးစက်သွားခဲ့ပြီ။ ထန်းမုပိုင်က သူ့ကို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် လင်းရှု သွားကြိတ်လိုက်သည်။
တခြားနည်းလမ်း မရှိတော့ဘူး၊ အစွမ်းကုန် ကြိုးစားရတော့မှာပဲ!
‘တရားစီရင်ခြင်း’ (Adjudicate) !!!
လင်းရှု၏ လှံသည် ထူးခြားသော အဝိုင်းပုံစံတစ်ခုကို ဆွဲလိုက်ရာ လင်းရှုကို တိုက်ခိုက်တော့မည့် ထန်းမုပိုင်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် လင်းရှုထံမှ သူနှင့် ဆင်တူသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
ထန်းမုပိုင် သေချာကြည့်လိုက်သောအခါ လင်းရှု၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော မီးဖီးနစ်ငှက် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရပြီး ၎င်းမှာ သူ၏ ‘နဝမမြောက် ကောင်းကင်ဘုံ ဖီးနစ်ကခုန်ခြင်း’ နှင့် တစ်ထေရာတည်း တူညီနေခဲ့သည်!
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?’
ထန်းမုပိုင် ထိတ်လန့်သွားခဲ့ရပြီး နောက်တစ်ခဏတွင် မီးဖီးနစ်ငှက် နှစ်ကောင် ထိပ်တိုက်တိုးသွားကာ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်!
မြေပြင်ပေါ်ရှိ ထူထပ်သော ဖုန်မှုန့်များမှာ လေထဲသို့ မြောက်တက်သွားခဲ့၏။
ဖုန်မှုန့်များကြားတွင် လင်းရှု၏ လှံနှင့် ထန်းမုပိုင်၏ ဓားတို့ ထိတွေ့သွားခဲ့ကြသည်။ နောက်တစ်စက္ကန့်တွင် လင်းရှု၏ လည်ချောင်းထဲ၌ သွေးနံ့များ ရလာပြီး သွေးများ အန်ထုတ်လိုက်ရသည်။ သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်စင်သွားခဲ့ရပြီး အဝေးရှိ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့် သွားရောက် ရိုက်မိခဲ့တော့သည်။
သေချာသည်မှာ ရွှေရောင်စွမ်းရည်မှာ သူ၏ စွမ်းရည်ထက် များစွာ ပိုမို အစွမ်းထက်လှပေသည်။ သူသည် ‘တရားစီရင်ခြင်း’ ကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်ရန် ပုံရိပ်ယောင်တစ်ခု ဖန်တီးခဲ့သော်လည်း ၎င်းမှာ ထန်းမုပိုင်၏ စွမ်းရည်ကို အမှီလိုက်နိုင်ရန် မဖြစ်နိုင်ပေ။
“ဟားဟားဟား! ဒါက အဟိတ်သက်သက်ပဲကိုး၊ ငါ့လိုမျိုး စွမ်းရည်ကို သုံးနိုင်တယ်လို့ တကယ် ထင်နေတာ!” ထန်းမုပိုင်က ရယ်မောလိုက်ပြီး မဆိုင်းမတွပင် သူ၏ခြေဖနောင့်ဖြင့် မြေပြင်ကို ဆောင့်ကာ လင်းရှုရှိရာသို့ ပျံသန်းလာခဲ့သည်။
သူသည် ရေပြင်ပေါ်တွင် ရွေ့လျားနေသော ပုစဉ်းရင်ကွဲကဲ့သို့ပင်။
‘လွင့်မြောခြင်း ကိုယ်ဟန်စွမ်းရည်!’
“အရမ်းမြန်တာပဲ…” လင်းရှုသည် တစ်ကိုယ်လုံးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး သူ၏ရင်ဘတ်မှာလည်း တောင့်တင်းနေသော်လည်း တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏လှံကို အမြန် ဆုပ်ကိုင်လိုက်သည်။
တိုက်စစ်ဆင်ခြင်းက အကောင်းဆုံး ခုခံခြင်းပင်!
“သေစမ်း!” လင်းရှုက ရှောင်တိမ်းရန် ငြင်းဆန်ရုံတင်မကဘဲ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ထန်းမုပိုင်မှာ ဒေါသထွက်သွားပြီး သူ၏ဓားဖြင့် လင်းရှုကို ထိုးစိုက်လိုက်တော့သည်။
ဒေါင် ဒေါင် ဒေါင် ——
လက်နက်ချင်း ထိတွေ့သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လင်းရှု၏ လှံပေါ်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်နေခဲ့ပြီ။
ထန်းမုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ လင်းရှုမှာ အဆင့် ၃ တိုက်ခိုက်ရေးသမား မဟုတ်သလို မည်သည့် ကိုယ်ဟန်စွမ်းရည်ကိုမျှလည်း မသိပေ။ သို့ဆိုလျှင် သူက ဘယ်လိုလုပ်ပြီး ဤမျှ လျင်မြန်စွာ လှုပ်ရှားနိုင်ရတာလဲ? ထို့ပြင် လင်းရှု၏ အမြန်နှုန်းမှာ ထန်းမုပိုင်နှင့်ပင် တူညီလုနီးပါး ဖြစ်နေခဲ့သည်!?
‘ဒါက အရေးမကြီးပါဘူး၊ မင်း ဒီအတိုင်း ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်!’
ထန်းမုပိုင်သည် သူ၏ရင်ထဲတွင် ဟိန်းဟောက်လိုက်ပြီး သူ၏ တိုက်ခိုက်မှုများမှာ ပိုမို ကြမ်းတမ်းလာခဲ့သည်။
လင်းရှုသည် မိမိကိုယ်ကို သေဘေးနှင့် ရင်ဆိုင်နေရပြီဟု တွေးလိုက်မိသည်၊ ထန်းမုပိုင်မှာ ပိုမို အားကောင်းလာသည်ကို သူ အာရုံခံနိုင်ပေသည်။ ထို့ပြင် လင်းရှုသည် အတွင်းဒဏ်ရာများ ရရှိထားသဖြင့် ထန်းမုပိုင်၏ တိုက်ခိုက်မှုများကို ဆက်လက် ခုခံရန်မှာ အလွန်ပင် ခက်ခဲလှသည်။
အရေးကြီးဆုံးအချက်မှာ ထန်းမုပိုင်၏ လက်နက်မှာ သာမန်လက်နက် မဟုတ်ဘဲ လင်းရှု၏ လှံမှာမူ သာမန် လှံရှည်တစ်ခုသာ ဖြစ်နေခြင်းပင်!
“သေလိုက်စမ်း!” ထန်းမုပိုင်သည်လည်း ဤအခြေအနေကို သတိပြုမိပုံရပြီး ပြင်းထန်သော ခွန်အားဖြင့် ပိုင်းဖြတ်လိုက်တော့သည်!
လင်းရှု လန့်သွားခဲ့ရပြီး သိစိတ်မဲ့စွာပင် လှံဖြင့် တိုက်ခိုက်မှုကို ခုခံလိုက်ရာ ‘ဒေါင်’ ကနဲ အသံကြီး ထွက်ပေါ်လာခဲ့သည်။
ဓားသည် လှံဖျားကို ပိုင်းဖြတ်လိုက်သဖြင့် လှံမှာ ကျိုးသွားခဲ့ရလေပြီ!
ဒေါင် ——
လှံဖျားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစဉ်မှာပင် ထန်းမုပိုင်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရပြီး သူ၏ဓားမှာ လင်းရှု၏ ပုခုံးအတွင်းသို့ ထိုးစိုက်သွားခဲ့သည်!
လင်းရှု ဓားနှင့် အထိုးခံရသည့် ခဏမှာပင် သူသည် ကျိုးသွားသော လှံတံဖြင့် ထန်းမုပိုင်၏ ရင်ဘတ်ကို တိုက်ခိုက်လိုက်တော့သည်။
“မင်းရဲ့ လှံဖျားလည်း မရှိတော့ဘဲနဲ့ ငါ့ကို သတ်ဖို့ ကြိုးစားနေတုန်းလား!?” ထန်းမုပိုင်က ရယ်မောလိုက်သည်။
သို့သော် မကြာမီမှာပင် သူ၏အပြုံးမှာ အေးခဲသွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုလှံတံက သူ၏ရင်ဘတ်ကို ဖောက်ထွက်သွားသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
“ခင်ဗျား ရင်းမြစ်စွမ်းအင်အကြောင်းကို မေ့နေတာလား?” လင်းရှုက ခနဲ့လိုက်သည်။
ရင်းမြစ်စွမ်းအင်များ ထည့်သွင်းလိုက်လျှင် မည်သည့် တုံးသောလက်နက်မဆို ရင်းမြစ်စွမ်းအင်များ၏ ဖုံးလွှမ်းမှုကြောင့် ထက်မြက်လာနိုင်ပေသည်။
ထိုခဏတွင် လှံတံ၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေသော သေးငယ်သော မီးတောက်လေးမှာ ထန်းမုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။
“ခင်ဗျား သေရမယ်!” လင်းရှု ဟိန်းဟောက်လိုက်ပြီး လှံမှ မီးတောက်များမှာ ထန်းမုပိုင်၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်!!!
‘ဖီးနစ်အရှိန်အဝါ’ မှ ဖီးနစ်ငှက်သည် ထန်းမုပိုင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သည့်အခါ ဒဏ်ရာ များစွာ မရရှိနိုင်သော်လည်း ယခုမူ ၎င်းသည် သူ၏ ခန္ဓာကိုယ်တွင် အားအနည်းဆုံးဖြစ်သော ရင်ဘတ်ကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်!
“အား!!!” ထန်းမုပိုင်၏ မျက်နှာမှာ ပြင်းထန်သော နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့ရသည်။
ဘုန်း ——
သူ၏ ရင်ဘတ်မှ သွေးနွေးများ နေရာအနှံ့ စင်ထွက်သွားခဲ့ရပြီး ထန်းမုပိုင်သည် မျက်လုံးများ ပြူးကျယ်လျက်ဖြင့် ခန္ဓာကိုယ် ပျော့ခွေသွားကာ မကျေမနပ် ဖြစ်စွာပင် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့ရလေပြီ။
စတီဖင်ချောင် ၏ ရုပ်ရှင်ထဲကလိုပဲ လင်းရှုက “လှံဖျားမရှိဘဲနဲ့ လူသတ်လို့ မရဘူးလို့ ဘယ်သူပြောလဲ?” လို့ တကယ်ပဲ ပြောချင်နေခဲ့မိသည်။
သို့သော် ထိုအချိန်တွင် သူ၌ အင်အားမရှိတော့ဘဲ နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြန်သည်။
“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အဆင့် ၃ တိုက်ခိုက်ရေးသမားတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် အတွေ့အကြုံ အမှတ် ၅၄၇,၈၂၁ ရရှိပါသည်!”
‘ငါးသိန်းကျော်တောင်လား?’ လင်းရှု အနည်းငယ် အံ့သြသွားသော်လည်း အမှန်တကယ်တော့ ဤလူမှာ အဆင့် ၄ တိုက်ခိုက်ရေးသမားနှင့် နီးစပ်နေသူ မဟုတ်ပါလား။
“ဟူး… ဟူး။” အချိန်အတော်ကြာ အမောဖြေပြီးနောက် လင်းရှုသည် သူ၏ပုခုံးမှ နာကျင်မှုကို အောင့်ခံကာ ပုခုံးအတွင်း စိုက်ဝင်နေသော ဓားကို အတင်း ဆွဲထုတ်လိုက်တော့သည်။