အခန်း (၇၄) - ပြင်းထန်သော တိုက်ပွဲ!
ကြီးမားလှသော စင်မြင့်ထက်တွင် လူပေါင်းသောင်းချီ၏ မျက်လုံးများမှာ စူးစိုက်ကြည့်နေကြသည်။
“အစွမ်းကုန် ကြိုးစားစမ်းပါ လင်းရှု။ သူ့ကို သတ်ပစ်လိုက်!” ယန်ထျန်းသည် ထိုင်ခုံတွင် ထိုင်နေရင်း အော်ဟစ်လိုက်၏။
ထန်းထျန်းသည် လင်းရှုကို အေးစက်စွာ ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ အပြုံးဖြင့် ပြောလိုက်သည်။ “ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ငါတို့ ဒီနေရာမှာပဲ ဆုံခဲ့ကြတာ၊ တစ်လအကြာမှာ ဒီနေရာကို ထပ်ရောက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။”
“ဟုတ်တယ်၊ ဒီတစ်ခါလည်း မင်းကို ငါ ထပ်ပြီး နင်းခြေပစ်ဦးမှာပဲ။” လင်းရှုက သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ပြောလိုက်သည်။
သူသည် ‘ငွေရောင်မသေမျိုးလှံ’ ကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထန်းထျန်းသည် အရင်ကထက် အများကြီး ပိုမိုအားကောင်းလာခဲ့ပြီ။ သူ၏ ‘ခွဲခြမ်းစိတ်ဖြာခြင်း မျက်လုံး’ ဖြင့်ပင် ခွဲခြမ်းစိတ်ဖြာ၍ မရသဖြင့် လင်းရှုသည် လုံးဝ ပေါ့ဆ၍ မရပေ။
“ဒီတစ်ခါတော့ မင်းကို ငါ သတ်ပစ်မယ်။” ထန်းထျန်းက သူ၏ ဓားရှည်ဖြင့် လင်းရှုကို ချိန်ရွယ်ကာ ပြောလိုက်သည်။
“မင်းလည်း အတူတူပါပဲ။”
လင်းရှုက မျက်ခုံးပင့်လိုက်သည်။ ထိုအချိန်တွင် နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရန် ပြေးဝင်သွားကြတော့သည်!
ကျောင်းသားများ၏ အမြင်တွင်မူ မျက်စိတစ်မှိတ်အတွင်း အရိပ်မည်းနှစ်ခု ထိပ်တိုက် တိုးသွားသကဲ့သို့ပင် ဖြစ်နေ၏!
ဒေါင် ဒေါင် ဒေါင် ——
လက်နက်များ အချင်းချင်း ထိတွေ့သံမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
“အင်း။ ဒီလူငယ်နှစ်ယောက် ထပ်တွေ့ကြပြန်ပြီပေါ့။” မစ္စတာရီသည် စင်မြင့်ကို ကြည့်လိုက်သည်။ ပိုင်လီချန်းနှင့် လုံဖော့ထျန်းတို့၏ ပွဲစဉ်ကို ကြည့်စဉ်ကထက် ပိုမိုစိတ်ဝင်စားပုံ ရနေခဲ့သည်။
ကျန်ရှိသော ကျောင်းအာဏာပိုင်များမှာ မည်မျှပင် အူကြောင်ကြောင် ဖြစ်နေပါစေ၊ မစ္စတာရီသည် လင်းရှုကို တော်တော်လေး စိတ်ဝင်စားနေကြောင်း သိရှိနိုင်ကြသည်။
“မစ္စတာရီ။ ကျွန်တော် ထင်တာကတော့ လင်းရှု အနိုင်ရဖို့ အခွင့်အရေး ပိုများမယ် ထင်ပါတယ်၊ ဘာပဲပြောပြော သူက အရင်တစ်ခေါက်က ထန်းထျန်းကို အနိုင်ယူထားတာဆိုတော့…”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။”
ပတ်ဝန်းကျင်ရှိ ကျောင်းအာဏာပိုင်များမှာ မစ္စတာရီကို အလိုလိုက်အကြိုက်ဆောင်ရန်အတွက် အော်ဟစ်ပြောဆိုနေကြသည်။
အာဏာပိုင်များ၏ ထိုင်ခုံနောက်တွင် ထိုင်နေသော ကျန်းလင်းမှာမူ ထိုအခွင့်အရေးသမားများကို စိတ်ထဲမှ ကျိန်ဆဲနေသဖြင့် မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသည်။
မစ္စတာရီသည် ရှင်းယောင် အကယ်ဒမီသို့ လာရောက်နေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း သူသည် မည်သည့်ကောလိပ်မှ ဆရာဖြစ်ကြောင်း ကျန်းလင်း သိထားသဖြင့် သူ့ကို မစော်ကားရဲပေ။
ကျန်းလင်းသည် တိုက်ပွဲကို အာရုံစိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ ‘ဒီတစ်ခါတော့ လင်းရှု သေချာပေါက် ရှုံးလိမ့်မယ်၊ အဲဒါမှလည်း အရှက်တကွဲ ဖြစ်သွားမှာ!’
လင်းရှုနှင့် ထန်းထျန်းတို့မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
နှစ်ဦးစလုံးမှာ သူတို့၏ ရင်းမြစ်စွမ်းအားများကို လက်နက်များအတွင်းသို့ ထည့်သွင်းထားကြရာ လက်နက်များ ထိတွေ့မိတိုင်း လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်နေသကဲ့သို့ပင်။
လင်းရှုသည် ထန်းထျန်းကို အံ့သြတကြီး ကြည့်လိုက်မိသည်။ ‘သူ့ရဲ့ဓားက ဒီလောက်တောင် အားကောင်းတာလား!?’
“အံ့သြသွားတာလား။ ဒါက ငါ ဒေါ်လာ သန်း ၁၀၀ ပေးပြီး ဝယ်ထားတဲ့ ‘သွေးစုပ်မိစ္ဆာဓား’ ကွ၊ အဲဒါကို စကာလက် သွေးကြယ်ကနေ ရတဲ့ ထူးခြားတဲ့ သတ္တုနဲ့ လုပ်ထားတာ။” ထန်းထျန်းမှာ ဓားကို ကိုင်ထားရင်း အေးဆေးတည်ငြိမ်စွာဖြင့် လင်းရှု၏ လှံကို ရိုက်ပုတ်ကာ ပြောလိုက်သည်။
လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ဓားမှာ ရင်းမြစ်စွမ်းအားများ ထည့်သွင်းထားသဖြင့် အနည်းငယ် နီမြန်းနေ၏။
ထို့ပြင် ဤ ‘သွေးစုပ်မိစ္ဆာဓား’ မှာ ထူးထူးခြားခြား ထက်မြက်လှသည်။ ‘ငွေရောင်မသေမျိုးလှံ’ နှင့် ထိတွေ့မိတိုင်း လှံပေါ်တွင် အက်ကွဲကြောင်းလေးများ ဖြစ်ပေါ်သွားခဲ့ရသည်။
လင်းရှုသည် ဤသို့ ဆက်လက် တိုက်ခိုက်၍ မရတော့ကြောင်း သိရှိလိုက်ပြီး အခွင့်အရေးကို အရယူကာ ‘နှင်းဆီမုန်တိုင်း’ ကို အသုံးပြုလိုက်တော့သည်!
စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် လင်းရှု၏ လှံမှာ ဂူထဲမှ ထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ ပုံရိပ်ယောင် ငါးခု၊ ခြောက်ခုအဖြစ် ပြောင်းလဲသွားပြီး ထန်းထျန်းထံသို့ ထိုးနှက်လိုက်၏!
ပရိသတ်များမှာ ထိုရင်သပ်ရှုမောဖွယ် မြင်ကွင်းကြောင့် မအော်ဘဲ မနေနိုင်တော့ပေ။
လင်းရှုသည် အချိန်ကိုက် အခွင့်အရေးယူလိုက်ခြင်း ဖြစ်သဖြင့် ဤထန်းထျန်းမှာ ရှောင်ရန် နည်းလမ်းမရှိတော့ဟု ထင်ရသည်!
သို့သော် လှံ၏ ပုံရိပ်ယောင်များ ပျံထွက်လာစဉ်မှာပင် ထန်းထျန်းမှာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့သည်!
သူသည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။
“ဒါ… ဒါက ‘ခန္ဓာကိုယ်စွမ်းရည်’ လား!?” လော့လီသည် ထိုမြင်ကွင်းကို မြင်သောအခါ မှင်တက်သွားရသည်။
“မှန်တယ်၊ ထန်းထျန်းက ‘အရိပ်’ ခန္ဓာကိုယ်စွမ်းရည်ကို သုံးနေတာ။” လျူပိုင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ကွင်းပြင်အတွင်းရှိ ကျောင်းသားများမှာလည်း ဟိုးဟိုးကျော်ကျော် ဖြစ်ကုန်ကြ၏။ ထန်းထျန်းသည် ခန္ဓာကိုယ်စွမ်းရည်ကို လေ့ကျင့်နိုင်ပြီဆိုသည်မှာ သူ၏ ကြံ့ခိုင်မှုမှာ အဆင့် ၃ စစ်သည်တော် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်!
၎င်းမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်၊ အကြောင်းမှာ တိုက်ခိုက်ရေးစွမ်းအားစာရင်းတွင် အဆင့် ၁ ချိတ်ထားသော ပိုင်လီချန်းနှင့် အဆင့် ၂ ချိတ်ထားသော လုံဖော့ထျန်းတို့ပင်လျှင် အဆင့် ၂ စစ်သည်တော်၏ အထူကဲဆုံး အဆင့်တွင်သာ ရှိနေကြသေးသောကြောင့်ပင်။
“သေစမ်း!” ထန်းထျန်းသည် လင်းရှု၏ ‘နှင်းဆီမုန်တိုင်း’ ကို ရှောင်တိမ်းလိုက်ပြီးနောက် သူ၏ညာဘက်လက်ရှိ ဓားကို အားဖြင့် ဝှေ့ယမ်းလိုက်ရာ လင်းရှု၏ လှံမှာ လက်ထဲမှ လွင့်စင်ထွက်သွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူသည် လင်းရှု၏ ရင်ဘတ်သို့ ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
‘အားပြင်းလက်သီး!’
၎င်းမှာ ကြေးရောင်အဆင့် စွမ်းရည်တစ်ခု ဖြစ်သော်လည်း ထိုနေ့တွင် ထန်းထျန်း အသုံးပြုလိုက်သော ထိုလက်သီး၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှသည်။
လင်းရှုသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်စင်ထွက်သွားခဲ့ရ၏။
လင်းရှုသည် သူ၏ခန္ဓာကိုယ်ကို အမြန် ထိန်းလိုက်ပြီး မြေပြင်ပေါ်သို့ ခြေထောက်ဖြင့် တင်းတင်းနင်းကာ မိမိကိုယ်ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။
ဘုန်း ——
ထိုအချိန်တွင် သူ၏အဝတ်အစားများ ဆုတ်ပြဲသွားပြီး သူ၏လည်ချောင်းအတွင်း၌ ချိုအီသော အရသာတစ်ခုကို ခံစားလိုက်ရကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
သူ၏ ‘အားပြင်းလက်သီး’ မှာ မည်မျှပင် အစွမ်းထက်သနည်းဆိုလျှင် လင်းရှုသည် သူ၏ ကိုယ်တွင်းအင်္ဂါများ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ပင် နေရခက်လှပေသည်။
တောက်! အကယ်၍ သူသာ မနေ့က ရဲ့ဂူလင်းနှင့် ရင်ဆိုင်စဉ်တွင် ‘ဒေါသတအမျက်’ ကို အသုံးမပြုခဲ့လျှင် အခုလို ဖြစ်မှာ မဟုတ်ပေ။
အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိလာခဲ့ပြီ။
လင်းရှုသည် အများကြီး မတွေးတော့ဘဲ ခုန်တက်ကာ လွင့်စင်သွားသော လှံကို ပြန်လည် ဖမ်းယူလိုက်သည်။
‘ကောင်းပြီလေ၊ ကြည့်ရတာ ဒီကောင်က မနေ့က ရဲ့ဂူလင်းနဲ့ ပွဲစဉ်က ဒဏ်ရာတွေ ကျန်နေသေးတဲ့ ပုံပဲ…’
ကျန်းလင်းသည် လင်းရှုကို ကြည့်ကာ ခနဲ့လိုက်သည်။
၎င်းမှာ သူ စီစဉ်ထားခြင်း ဖြစ်ပြီး လင်းရှုနှင့် ရဲ့ဂူလင်းကို ရည်ရွယ်ချက်ရှိရှိ ပေးတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲ့ဂူလင်းက လင်းရှုကို မသတ်နိုင်လျှင်ပင် လင်းရှုကို ဒဏ်ရာရအောင် လုပ်နိုင်ပေသည်။ နောက်တစ်ဆင့်အတွက် ကျန်းလင်းသည် နောက်ကွယ်မှ ပရိုဂရမ်မာကို လာဘ်ထိုးကာ လင်းရှုနှင့် ထန်းထျန်းကို တွေ့အောင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အကွက်စေ့လှပေသည်!
“ဟွန်း။ တော်တော် အားနည်းတာပဲ။” ထန်းထျန်းက လင်းရှုကို ကြည့်ကာ အထင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်။
လင်းရှု ပြန်လည် သက်သာလာသည်ကိုပင် မစောင့်တော့ဘဲ ‘သွေးစုပ်မိစ္ဆာဓား’ ကို ကိုင်ကာ ပြေးဝင်လာခဲ့၏။
သူ ပြေးဝင်လာသောအခါ လင်းရှုသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လှံကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
သူသည် ‘အဆင့် ၁ စစ်သည်တော်’ ဟူသော ဘွဲ့ကို ရရှိထားသဖြင့် လင်းရှုတွင် ‘ဒေါသ’ ကို အလျင်အမြန် စုဆောင်းနိုင်သည့် စွမ်းအား ရှိနေသည်။
ထို့ကြောင့် ထန်းထျန်း၏ လက်သီးချက်ကြောင့် လင်းရှု၏ ‘ဒေါသ’ စုဆောင်းမှုမှာ အသုံးပြုနိုင်သည့် အခြေအနေသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့သည်။
တွန့်ဆုတ်မနေဘဲ လင်းရှုသည် သူ၏လှံကို အမြင့်သို့ ဝှေ့ယမ်းလိုက်ပြီး ဖီးနစ်အရှိန်အဝါ ကို အသုံးပြုလိုက်တော့သည်။
အင်အားမြှင့်ထားသော တိုက်ကွက်ကြောင့် ဖီးနစ်အရှိန်အဝါ မှာ ပိုမိုအားကောင်းလာပြီး မီးတောက် အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။
“ဒီတိုက်ကွက်ကို ငါ ကြောက်လိမ့်မယ်လို့ မင်း ထင်နေတာလား!” ထန်းထျန်းက ဟိန်းဟောက်လိုက်ပြီး ‘သွေးစုပ်မိစ္ဆာဓား’ ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ငွေရောင်အဆင့် ကိုယ်ခံပညာ - ‘ရွေ့လျားနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေအလျင်’!!!
‘သွေးစုပ်မိစ္ဆာဓား’ မှ ဓားအရှိန်အဝါ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ ဤဓားအရှိန်အဝါမှာ ထူးခြားသော ဂုဏ်သတ္တိ ရှိပုံရသည် - ပတ်ဝန်းကျင်ရှိ မီးတောက်ငှက်များမှာ ထိုဓားနှင့် ထိမိသည်နှင့် ရေနှင့်ထိသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
ထန်းထျန်းက ဆက်လက်၍ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သောအခါ မီးတောက်ငှက် အများအပြားမှာ ကွယ်ပျောက်သွားခဲ့ရ၏!
ဖီးနစ်အရှိန်အဝါ မှာ လုံးဝ ဖြေရှငခံလိုက်ရပြီ ဖြစ်သည်!
ဓားဦးမှာ လင်းရှု၏ ရင်ဘတ်ဆီသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့တော့သည်!
ဒါ ဘာကြီးလဲ!?
လင်းရှု ထိတ်လန့်သွားရသည်။ ‘ဒါက ဘယ်လို စွမ်းရည်မျိုးလဲ။’ ၎င်းမှာ သူ၏ ဖီးနစ်အရှိန်အဝါ ကို နှိမ်နင်းရန်အတွက်သာ တည်ရှိနေသကဲ့သို့ပင်!