အခန်း (၆၅) - ပေါင်းစပ်ခြင်းစနစ်အား စတင်အသုံးပြုခြင်း။
“ငွေရောင် စွမ်းရည်ကတ်လား။”
လင်းရှုသည် စွမ်းရည်ကတ်ကို ယူကြည့်လိုက်ပြီးနောက် ၎င်းမှာ ဓားသိုင်းစွမ်းရည် ဖြစ်နေသည်ကို တွေ့ရသောကြောင့် အလွန်ပင် စိတ်ပျက်သွားခဲ့ရသည်။
လူကို လှည့်စားလိုက်တာပဲ။ လင်းရှု၏ နှုတ်ခမ်းများမှာ တွန့်ချိုးသွားခဲ့ရ၏။
“ဒင်~~~”
“ပေါင်းစပ်ခြင်းစနစ်အား စတင်အသုံးပြုနိုင်ပါပြီ။”
ထိုအချိန်မှာပင် စနစ်၏ အသိပေးသံမှာ သူ၏ ဦးနှောက်ထဲတွင် မြည်ဟည်းလာခဲ့သည်။
‘ပေါင်းစပ်ခြင်းစနစ် ဟုတ်လား။’
လင်းရှုမှာ အံ့အားသင့်သွားပြီးနောက် စနစ်ထဲသို့ အမြန်ဝင်ကြည့်လိုက်ရာ ဝင်းဒိုးအသစ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
“အဆင့်တူကတ် သုံးခုကို အသုံးပြုပြီး သက်ဆိုင်ရာ လက်နက်စွမ်းရည်အဖြစ် ပေါင်းစပ်ပါ။”
သူသည် ရှင်းလင်းချက်ကို ဖတ်ကြည့်ပြီးနောက် ခေတ္တမျှ မှင်တက်သွားပြီးမှ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
အဆင့်တူ စွမ်းရည်ကတ် သုံးခုကို သုံးပြီး လှံသိုင်းစွမ်းရည်ကတ်အဖြစ် ပေါင်းစပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ဒါဆိုရင် ဈေးပေါတဲ့ ငွေရောင်ကတ် နှစ်ခုကို ဝယ်ပြီး ပေါင်းစပ်လို့ ရတာပေါ့။
စနစ်ကပေးတဲ့ စွမ်းရည်တွေဟာ ပြင်ပကမ္ဘာက စွမ်းရည်တွေနဲ့ မတူဘဲ ထူးခြားဆန်းပြားပြီး ပြိုင်ဘက်ကင်းတယ်ဆိုတာကို လင်းရှု သဘောပေါက်လိုက်သည်။
ဥပမာအားဖြင့် ‘ဖီးနစ်ငှက်အရှိန်အဝါ’ ကဲ့သို့သော စွမ်းရည်မျိုးမှာ အင်တာနက်ပေါ်တွင် ရှာသော်လည်း အချက်အလက် လုံးဝမရှိသော စွမ်းရည်ကတ်မျိုး ဖြစ်သည်။
ထားလိုက်ပါဦး။ အခုတော့ သိမ်းထားလိုက်မယ်။ နောက်ပိုင်းမှာ ကံစမ်းမဲနှိုက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲ။
ငွေရောင်ကတ်ကို သိမ်းဆည်းပြီးနောက် လင်းရှု အိပ်ရာဝင်ခဲ့သည်။
အိပ်ရာအိအိလေးပေါ်မှာ မလှဲလျောင်းရသည်မှာ ကြာခဲ့ပီဖြစ်သဖြင့် သူသည် ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရ၏။
ထိုအချိန်မှာပင် အင်တာနက်ပေါ်၌ ဓာတ်ပုံတစ်ပုံမှာ တောမီးပမာ ပျံ့နှံ့နေခဲ့သည်။
“စက်ရုပ်ခေတ်က ပုံပြောင်းစက်ရုပ်ကောင်ပဲ။ ဒီလောက် ပြည့်စုံတဲ့အစုအဝေးက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”
“ဒါ အတုဖြစ်မှာပါ။”
“ဒီဓာတ်ပုံကို ဘယ်မှာ ရိုက်ထားတာလဲ။”
စက်ရုပ်ခေတ်အကြောင်း နားလည်သူ အချို့မှာ ထိုဓာတ်ပုံကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြသည်။
ဓာတ်ပုံထဲတွင် စက်ရုပ်ဝံပုလွေတစ်ကောင်ကို တွေ့ရပြီး အချို့နေရာများတွင် ပျက်စီးနေသော်လည်း ၎င်းမှာ ကောင်းမွန်စွာ ကျန်ရစ်နေသည့် အစုအဝေးတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အသေးစိတ် လေ့လာသူအချို့ကမူ ဓာတ်ပုံထဲမှ တည်နေရာသည် ‘ရှင်းယောင်အကယ်ဒမီ’ နှင့် ဆင်တူနေကြောင်း စုံစမ်းသိရှိသွားကြသည်။
အိပ်ပျော်နေသော လင်းရှုမှာမူ မိမိထံသို့ ဒုက္ခများ ရောက်လာတော့မည်ကို လုံးဝ မသိရှိခဲ့ပေ။
အချိန်များ ကုန်ဆုံးသွားပြီး ဒုတိယနေ့သို့ ရောက်ရှိလာခဲ့သည်။ ကျောင်းသား ၉၀ ရာခိုင်နှုန်းခန့် ပြုတ်သွားခဲ့သော်လည်း ကျောင်းသားအများအပြားမှာ ကွင်းပြင်တွင် စုဝေးနေကြဆဲ ဖြစ်သည်။
နောက်တစ်ဆင့်သို့ တက်လှမ်းခွင့်ရသူများမှာ အကယ်ဒမီ၏ ထူးချွန်သူများ ဖြစ်ကြသဖြင့် ၎င်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုခြင်းမှာ အခြားသော စစ်သည်တော်များအတွက်လည်း အသုံးဝင်လှပေသည်။
“လင်းရှု။ သတိထားဦးနော်။ အဲဒီလူက မလွယ်ဘူး။” လော့လီသည် လင်းရှု လာနေသည်ကို မြင်သောအခါ လှမ်းခေါ်လိုက်ပြီး အနီးသို့ ရောက်ချိန်တွင် သတိပေးလိုက်ခြင်း ဖြစ်သည်။
လင်းရှုက ခေါင်းငြိမ့်ပြလိုက်ပြီး အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။
ပြိုင်ပွဲများကို နံနက် ၉ နာရီတွင် စတင်ရန် သတ်မှတ်ထားပြီး အချိန်မှာလည်း နီးကပ်နေပြီ ဖြစ်သည်။
ကျောင်းသား ၅၀ ကို ပြိုင်ပွဲစင်မြင့် ၂၅ ခုသို့ ခွဲထုတ်ထားပြီး ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း လင်းရှုနှင့် အခြားကျောင်းသားများမှာမူ ဒုတိယအသုတ်တွင်မှ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
“ဂူလင်း။ ငါတို့ မင်းကိုပဲ အားကိုးရတော့မယ်။” တစ်နေရာတွင် ကျန်းလင်းက ရဲ့ဂူလင်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။” ရဲ့ဂူလင်းမှာ အရပ်ရှည်ပြီး သန်မာသော အမျိုးသားတစ်ဦး ဖြစ်ကာ ဆံပင်တိုတိုနှင့် သူ၏ မျက်လုံးများတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကျန်းလင်းပင်လျှင် တံတွေးကို ခိုးမြိုချလိုက်မိသော်လည်း နောက်ဆက်တွဲ ရလဒ်ကို တွေးမိသောအခါ ပြန်လည် ပြုံးနိုင်ခဲ့သည်။
လင်းရှု သေကိုသေရမည်။
ထို့နောက် တိုက်ပွဲများ စတင်ခဲ့သည်။ ကျောင်းသားအများအပြားမှာ စင်မြင့်အနီးသို့ တိုးကပ်ကာ မိမိတို့ အကြိုက်ဆုံး ပြိုင်ပွဲဝင်များကို အားပေးနေကြ၏။
“မင်းက အတန်း ၂၉ ကလား။” ထန်းထျန်းက ကျန်းယီကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်။” ကျန်းယီက ဓားကို ကိုင်ထားပြီး ထန်းထျန်းကို သတိထား စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
“မင်းက အားကောင်းပေမဲ့လည်း ငါ အရှုံးမပေးဘူး။”
“ဟုတ်လို့လား။” ထန်ထျန်းက နှာခေါင်းရှုံ့လိုက်သည်။ အတန်း ၂၉ အကြောင်း ပြောလိုက်တိုင်း သူသည် လင်းရှုကို သတိရကာ လက်သီးကို တင်းတင်းဆုပ်မိသည်။
ကျန်းယီ မျက်မှောင်ကြုတ်သွား၏။ ထန်းထျန်းသည် လက်နက်ပင် ယူမလာခဲ့ပေ။ ၎င်းမှာ သူ့ကို အထင်သေးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။
သူသည် သွားကို တင်းတင်းကြိတ်ကာ ဓားကို ကိုင်ပြီး ရှေ့သို့ ပြေးထွက်ကာ ထန်ထျန်းကို ခုတ်ချလိုက်သည်။
ထန်ထျန်းက နှာခေါင်းရှုံ့ကာ ဓားသွားမှာ ခန္ဓာကိုယ်ကို ထိတော့မည့်အချိန်မှ ရှောင်တိမ်းလိုက်သည်။
ဒေါင်-
သူသည် ညာဘက်လက်မောင်းကို အသုံးပြုပြီး ဓားကို ဘေးသို့ ပုတ်ထုတ်လိုက်ကာ ကျန်းယီ၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် အားဖြင့် လိမ်ချိုးပစ်လိုက်၏။
ဒေါက်-
ကျန်းယီ၏ ဓားမှာ ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။
“အား!!!!” ပြင်းထန်သော နာကျင်မှုကြောင့် ကျန်းယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အော်ဟစ်လိုက်မိသည်။
ထိုအချိန်တွင် ထန်းထျန်းက ရပ်တန့်မသွားဘဲ ဘယ်ဘက်လက်ဖြင့် ကျန်းယီ၏ ဘယ်ဘက်လက်မောင်းကို ဖမ်းဆွဲကာ ကျန်ရှိသော လက်တစ်ဖက်ကိုလည်း ချိုးပစ်လိုက်ပြန်သည်။
“ငါ မင်းရဲ့ ခြေလက်လေးခုလုံးကို ချိုးပစ်မယ်!!” ထန်ထျန်း၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်လာပြီး ဆက်လက် လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် အသံတစ်ခု ကြားလိုက်ရသည်။
သူသည် သတိထားမိလိုက်သည်နှင့် အသံလာရာသို့ လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
ဘုန်း-
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ထန်ထျန်းမှာ အံ့အားသင့်စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားခဲ့ရသည်။
“ဒါ လုံလောက်ပြီ မဟုတ်လား။” လင်းရှုက သူ့ကို စိုက်ကြည့်လိုက်သည်။
လင်းရှုသည် စင်အောက်မှ မြင်တွေ့ခဲ့ပြီး ထန်းထျန်းသည် မိမိအပေါ်ထားသည့် အမုန်းတရားများကို အတန်း ၂၉ ရှိ လူတိုင်းအပေါ် ပုံချနေကြောင်း သိရှိလိုက်သည်။
“မင်းက ဘယ်အတန်းကလဲ။ တိုက်ပွဲအတွင်းမှာ ဘယ်သူမှ ဝင်မရှုပ်ရဘူး။” ဒိုင်လူကြီးက ချက်ချင်းပင် ရှေ့သို့ ခုန်တက်လာပြီး အော်ဟစ်လိုက်သည်။
“ကျောင်းသားတစ်ယောက် အသတ်ခံရမှာကို ခင်ဗျား ကြည့်နေချင်တာလား။” လင်းရှုက ဒိုင်လူကြီးကို အေးစက်စွာ ကြည့်လိုက်သည်။
လင်းရှု၏ အေးစက်သော အကြည့်ကြောင့် ဒိုင်လူကြီး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့သည်။
ဘာတွေ ဖြစ်ကုန်တာလဲ။ ကျောင်းသားတစ်ယောက်က ဒီလောက်အထိ ဖိအားပေးနိုင်တာလား။
“လင်းရှု။ သူ့ကို အမြန် အောက်ချလိုက်ဦး။” လော့လီက ဆေးတပ်သားများကို ခေါ်လိုက်သည်။
လင်းရှုက ခေါင်းငြိမ့်ပြကာ ကျန်းယီကို တွဲကူပြီး အောက်သို့ ဆင်းလာခဲ့သည်။
“လင်း… လင်းရှု…” ကျန်းယီသည် အလိုအလျောက် လူနာတင်စင်ပေါ်တွင် လဲလျောင်းနေရင်း နာကျင်မှုကြောင့် မျက်နှာပျက်နေရှာသည်။ “သူ့ကို မင်း နိုင်အောင် တိုက်ပေးပါ…”
“ပြဿနာမရှိပါဘူး။” လင်းရှုက ခေါင်းငြိမ့်ပြလိုက်သည်။
သူနှင့် ဆေးတပ်သားများ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းရှုသည် စင်ပေါ်တွင် ကျန်ရှိနေဆဲဖြစ်သော ထန်ထျန်းကို လှည့်ကြည့်လိုက်သည်။
“အနိုင်ရရှိသူကတော့ ထန်ထျန်း။” ဒိုင်လူကြီးက အော်ပြောလိုက်သည်။
“စိတ်အေးအေးထားပါ။ ငါတို့အလှည့်ကျရင် မင်းရဲ့ ခြေလက်အားလုံးကို ငါ ချိုးပစ်မယ်။” ထန်ထျန်းက စင်ပေါ်မှ ဆင်းလာရင်း လင်းရှုကို ပြောလိုက်သည်။
“ဒီတစ်ခါတော့ မင်းအဖေ လာတားရင်တောင် မင်းရဲ့ သွားတွေ အကုန်ကျွတ်အောင် ငါ ရိုက်နှက်ပြမယ်။” လင်းရှုက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
လင်းရှု၏ စကားကြောင့် ထန်ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူသည် စိတ်ကို ပြန်လည် ထိန်းချုပ်ကာ စိုက်ကြည့်လိုက်သည်။ “စကားပြောနေရုံနဲ့ မရဘူး။ မင်း မကြာခင် သိစေရမယ်။”
ထွက်ခွာသွားသော ထန်းထျန်း၏ ကျောပြင်ကို ကြည့်ရင်း လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းရင်း မသိသော်လည်း ထန်ထျန်း၏ အငွေ့အသက်မှာ သူ့အတွက် အနည်းငယ် အန္တရာယ်ရှိနေသည်။
သူ၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
“ပြိုင်ပွဲဝင် အမှတ် ၁၀၂၄။ လင်းရှု!!!”
ထိုအချိန်မှာပင် လင်းရှုသည် အသံချဲ့စက်မှ မိမိအမည်ကို ကြားလိုက်ရသည်။ နောက်တစ်ဆင့် တိုက်ပွဲများ စတင်ခဲ့ပြီ ဖြစ်သည်။