အခန်း (၆၁) - နှစ်ဆုံးစာမေးပွဲ ပွဲစဉ်များ စတင်ခြင်း
"တောက်... စာမေးပွဲတွေလည်း ပြီးပြီ၊ နှစ်ဆုံးတိုက်ပွဲတွေကလည်း စတော့မယ်။ လင်းရှု တစ်ယောက် ဘာလို့ အခုထိ ရောက်မလာသေးတာလဲ" အတန်း (၂၉) ထဲမှာ လော့လီက မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီး တွေးနေမိပါတယ်။
သူ တကယ်ပဲ... အသက်ပေးလိုက်ရပြီလား?
ဒီလိုတွေးမိလိုက်တာနဲ့ လော့လီတစ်ယောက် ပိုပြီးတော့ ပူပန်လာရပါတယ်။
"ဆရာလော့လီ၊ နှစ်ဆုံးတိုက်ပွဲတွေ စတော့မယ်၊ အတန်းထဲကလူတွေကို ကွင်းထဲ အမြန်ခေါ်လာခဲ့တော့" အတန်း (၂) ရဲ့ အတန်းပိုင်ဆရာ လျူပိုင်က လော့လီကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်ပါတယ်။
ထန်းထျန်း ပြန်ရောက်လာပြီဖြစ်သလို သူ့ရဲ့အစွမ်းကလည်း အများကြီး တိုးတက်လာခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ အတန်း (၂) က ကျောင်းသားတစ်ယောက်ဟာ အဆင့် (၁၀) အတွင်း ဝင်ဖို့ သေချာသလောက်ပါပဲ။ ဒါကိုတွေးမိပြီး လျူပိုင်တစ်ယောက် အားရကျေနပ်နေပါတယ်။
ဒီလိုထူးချွန်တဲ့ ကျောင်းသားမျိုး သူ့လက်အောက်မှာ ရှိတာဟာ သူ့အတွက် မျက်နှာပွင့်စရာပါပဲ။
နောက်ဆုံးတော့... အတန်း (၂၉) ကျောင်းသားတွေဆီမှာ ရှုံးနိမ့်ခဲ့ရတဲ့ အရှက်ရစရာတွေကို ဆေးကြောပစ်နိုင်တော့မှာပါ။
"ဆရာလော့၊ လင်းရှု အခုထိ ပြန်မလာသေးဘူးလားဟင်" ယန်ထျန်းကလည်း စိုးရိမ်တကြီး မေးလာပါတယ်။
လင်းရှု ဘယ်ရောက်နေလဲဆိုတာ သူ မသိပါဘူး။ လော့လီကတော့ လင်းရှုဟာ တစ်လလောက် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ ဘေးအန္တရာယ်များတဲ့ နယ်မြေတစ်ခုကို သွားတယ်လို့ပဲ ဝေဝေဝါးဝါး ဖြေထားခဲ့တာပါ။
"နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ရအောင်..." လော့လီက သွားကြိတ်ပြီး ပြန်ဖြေလိုက်ပါတယ်။
တရားဝင်တိုက်ပွဲတွေ မစသေးသလို လင်းရှုရဲ့ နံပါတ်ကလည်း အနောက်နားမှာမို့ ပထမအချီမှာတော့ မလိုသေးပါဘူး။
ဒီနေ့ဟာ ဖက်ဒရယ်စစ်သည်တော်တွေ ပြန်လာမယ့်နေ့လည်း ဖြစ်ပါတယ်။ သူ အသက်ရှင်လျက် ပြန်လာနိုင်ပါစေလို့ပဲ လော့လီ ဆုတောင်းနေမိတော့တယ်။
ကွင်းပြင်ကြီးထဲမှာ စင်မြင့် ၂၀ ကို ပြင်ဆင်ထားပါတယ်။
ရှေ့ဆုံးမှာတော့ ခေါင်းဆောင်အတော်များများ ထိုင်နေကြပြီး ဆရာ ၂၀ ကတော့ စင်မြင့်တစ်ခုချင်းစီအတွက် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ကြမှာပါ။
ဒီနှစ်ဆုံးပြိုင်ပွဲဟာ ပထမနှစ်ကနေ တတိယနှစ် ကျောင်းသားတွေအထိ ပါဝင်ယှဉ်ပြိုင်ရတဲ့ ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
ကျောင်းသားတိုင်းကို နံပါတ်တစ်ခုစီ သတ်မှတ်ပေးထားပြီး မဲနှိုက်ပြီးတော့မှ ယှဉ်ပြိုင်ရမှာပါ။ ရှုံးတဲ့သူက ပြိုင်ပွဲက ထွက်ရမှာဖြစ်ပြီး နိုင်တဲ့သူကတော့ နောက်တစ်ဆင့် တက်ရမှာပါ။ အနိုင်ရတဲ့သူ ပေါ်ထွက်လာတဲ့အထိ ကျောင်းသားတိုင်း ဆက်တိုက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
နှစ်ဆုံးတိုက်ပွဲတွေမှာ အဆင့် (၁၀) အတွင်း ဝင်တဲ့သူတွေဟာ ထိပ်တန်းတက္ကသိုလ်တွေဆီ တက်ရောက်ခွင့် ထောက်ခံချက်တွေ ရရှိမယ်လို့ ဆိုကြပါတယ်။
အကြီးဆုံး တက္ကသိုလ် ၅ ခုကလွဲရင် တခြား ဘယ်တက္ကသိုလ်တွေက ထိပ်တန်း ဖြစ်နိုင်ဦးမှာလဲ?
ဒီတက္ကသိုလ်ကြီး ၅ ခုကို ဝင်ဖို့ဆိုတာ အလွန်ခက်ခဲတာကြောင့် ကျောင်းသားတိုင်းဟာ အစွမ်းကုန် ကြိုးစားဖို့ စိတ်လှုပ်ရှားနေကြပါတယ်။
အဆင့် (၁၀) အတွင်း ဝင်ဖို့ အခွင့်အလမ်း နည်းပါးမှန်း အများစုက သိထားကြပေမဲ့လည်း သူတို့ရဲ့ စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ပါဘူး။
"နှစ်ဆုံးပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ကို တရားဝင် စတင်လိုက်ပါပြီ..."
ဒီအချိန်မှာပဲ စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ ကျောင်းအုပ်ကြီးက ကျယ်လောင်တဲ့အသံနဲ့ ကြေညာလိုက်ရာ ကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားပါတယ်။
ကျောင်းသားတွေကို သူတို့ရဲ့ နံပါတ်အလိုက် ခေါ်ယူပြီး သတ်မှတ်ထားတဲ့ စင်မြင့်တွေပေါ်မှာ ယှဉ်ပြိုင်စေပါတယ်။
"မစ္စတာရီ၊ ဒီနှစ်ဆုံးပြိုင်ပွဲမှာ အစွမ်းတိုးတက်လာတဲ့ ကျောင်းသားတွေ အများကြီးပဲနော်" ကျောင်းအုပ်ကြီး ဂေါ်ဂျွန်ဒင်က မစ္စတာရီကို တိုးတိုးလေး ပြောလိုက်ပါတယ်။
သူ့ရဲ့လေသံဟာ မစ္စတာရီအပေါ် အလွန် ရိုသေလေးစားမှု ရှိနေတာပါ။
"ဟုတ်ပါတယ်" မစ္စတာရီက ခေါင်းညိတ်ရင်း အတန်း (၂၉) ဘက်ကို နှမြောတသသ ကြည့်လိုက်ပြီး "ဒါပေမဲ့ အလားအလာကောင်းတဲ့ အဲ့ဒီကျောင်းသားကတော့ ရောက်မလာသေးဘူးထင်တယ်" လို့ ပြောလိုက်ပါတယ်။
'အလားအလာကောင်းတဲ့ ကျောင်းသား?' ကျောင်းအုပ်ကြီး အံ့သြသွားပြီး မစ္စတာရီ ကြည့်နေတဲ့ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။
ထိပ်သီး အတန်း ၁၀ တန်းက ကျောင်းသားတွေမှာတော့ အစွမ်းထက်တဲ့သူတွေ ပါပေမဲ့ တခြားအတန်းတွေက ကျောင်းသားတွေကတော့ သိပ်ပြီး ထူးခြားမှု မရှိပါဘူး။
ကျောင်းအုပ်ကြီး ဂေါ်ဂျွန်ဒင်ကတော့ ခေါင်းခါယမ်းလိုက်ပြီး အလားအလာရှိတဲ့ ကျောင်းသားဟာ အဲ့ဒီအတန်းက မဟုတ်လောက်ဘူးလို့ပဲ တွေးလိုက်ပါတော့တယ်။
ပြိုင်ပွဲဟာ စနစ်တကျ စတင်သွားပါတယ်။
ဗုန်း-
ပြိုင်ပွဲစပြီး သိပ်မကြာခင်မှာပဲ စစ်သည်တော်တစ်ယောက်ဟာ စင်ပေါ်ကနေ လွင့်ထွက်သွားပြီး သွေးအလိမ်းလိမ်းနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတော့တယ်။
"ဆေးစစ်သည်! ဆေးစစ်သည်တွေ အမြန်လာကြပါ!"
ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်အများအပြား ချက်ချင်းရောက်ရှိလာပြီး ဒဏ်ရာရသွားတဲ့ စစ်သည်တော်ကို မတင်သွားကြပါတယ်။
"အနိုင်ရရှိသူကတော့ ပြိုင်ပွဲဝင်အမှတ် ၂၀၈၊ ထန်းထျန်း!"
"ထန်းထျန်း? သူက အဆင့် ၉၈ ရှိတဲ့ လျှပ်စီးကျား လေလျန်ကိုတောင် အနိုင်ယူလိုက်တာလား?" ယန်ထျန်းက အံ့သြတကြီးနဲ့ လှမ်းကြည့်လိုက်ပါတယ်။
လေလျန်ဟာ တစ်ကိုယ်လုံး သွေးချင်းချင်းနီပြီး သတိလစ်သွားတဲ့အထိ အရိုက်ခံလိုက်ရတာပါ။
ထန်ထျန်းက အရင်ကထက် အများကြီး ပိုသန်မာလာပုံရတယ်...။
"ငါကြားတာတော့ ထန်းထျန်းက 'သေခြင်းလမ်းစဥ်' ကနေ ပြန်လာတာတဲ့။"
ကျန်းယီက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ်။
ယန်ထျန်း တုန်လှုပ်သွားရပါတယ်။ ထန်းထျန်းဆီကနေ ဘာလို့ ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေရလဲဆိုတာ အခုမှ နားလည်သွားတော့တယ်။
တကယ်လို့သာ ဒါအမှန်ဆိုရင် အခုလက်ရှိ ထန်းထျန်းဟာ လင်းရှုနဲ့ အရင်က တိုက်ခိုက်ခဲ့တဲ့ ထန်ထျန်းထက် အများကြီး ပိုပြီး အစွမ်းထက်နေမှာ သေချာပါတယ်။
"နောက်တစ်ယောက်၊ ပြိုင်ပွဲဝင်အမှတ် ၁၀၂၄၊ လင်းရှု!"
သိပ်မကြာခင်မှာပဲ စင်မြင့်အမှတ် ၁၅ က ဒိုင်လူကြီးက လင်းရှုရဲ့အမည်ကို ခေါ်လိုက်ပါတယ်။
"လင်းရှု အလှည့် ရောက်ပြီလား?" ယန်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်မိပါတယ်။
ဒီနှစ်ဆုံးပြိုင်ပွဲဟာ စာမေးပွဲလိုပဲ အမှတ်အများကြီးပေးတာဖြစ်ပြီး ဒီနှစ်ခုထဲက တစ်ခုခုမှာ အမှတ်မရခဲ့ရင်...
ကျောင်းထုတ်ခံရမှာပါ!
လင်းရှုက စာမေးပွဲကိုလည်း လွတ်သွားခဲ့ပြီးပြီ၊ အခု လက်တွေ့တိုက်ခိုက်ရေးမှာပါ မပါဝင်နိုင်ခဲ့ရင်တော့ ဒါဟာ အဆိုးဆုံးရလဒ် ဖြစ်လာပါလိမ့်မယ်။
"ဟွန်း... ထန်းထျန်းကို အနိုင်ယူခဲ့တဲ့ ဒီမြင်းမည်းလေး ဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ချင်နေတာ၊ အခုတော့ ထွက်တောင်မလာရဲဘူးပေါ့လေ!" စင်ပေါ်မှာရှိနေတဲ့ ချန်ရှောင်က အကျယ်ကြီး ရယ်မောလိုက်ပါတယ်။
အဆင့် ၁၅၀ ရှိတဲ့ ချန်ရှောင်ဟာ သူ့ရဲ့ ဓားသိုင်းပညာကြောင့် နာမည်ကျော်သူတစ်ဦးပါ။
"ဟားဟား၊ သူက တကယ်ကို အမှိုက်ပဲ။" လင်းရှု ပေါ်မလာတာကို မြင်တော့ သူက ထပ်ပြီး လှောင်ပြောင်နေပါတယ်။
ဒိုင်လူကြီးက ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး ထပ်အော်ပါတယ်။ "ပြိုင်ပွဲဝင်အမှတ် ၁၀၂၄၊ လင်းရှု! ရှိသလား!"
"၁၀ စက္ကန့်အတွင်း ရောက်မလာရင် အရှုံးပေးတယ်လို့ သတ်မှတ်မယ်!"
"၁၀... ၉... ၈..."
"သွားပြီ၊ အားလုံး ပြီးကုန်ပြီ။" ယန်ထျန်းတစ်ယောက် မနေနိုင်ဘဲ ပျာယာခတ်လာပါတယ်။
လော့လီရဲ့ မျက်နှာကလည်း အတော်လေး ပျက်ယွင်းနေပါပြီ။ မဖြစ်နိုင်တာ၊ လင်းရှု တကယ်ပဲ အဲ့ဒီမှာ အသက်ပေးလိုက်ရတာလား?
"၂...!"
"ကျွန်တော် ရောက်ပါပြီ!" နောက်ဆုံးတစ်စက္ကန့်ကို အော်တော့မယ့်အချိန်မှာပဲ တစ်ဖက်ခြမ်းကနေ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာပါတယ်။
လော့လီ အံ့သြသွားပြီး လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းတွေထဲမှာ ဝမ်းသာရိပ်တွေ ချက်ချင်း ယှက်သန်းသွားပါတယ်။
"လင်းရှု!!!" ယန်ထျန်းကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ပါတယ်။
ဝုန်း ဝုန်း ဝုန်း-
ပြင်းထန်တဲ့ ခြေသံတွေဆီကို လူတိုင်းရဲ့ အကြည့်တွေ ရောက်သွားကြပါတယ်။
အားလုံးရဲ့ မျက်လုံးတွေထဲမှာ အံ့သြမှုတွေ ပြည့်နှက်နေပါတယ်။
အလွန်မြန်တဲ့ စက်ရုပ်ဝံပုလွေတစ်ကောင်ကို စီးနင်းလာတဲ့ ချောမောတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေလို့ပါ။
ထန်းထျန်းရဲ့ မျက်လုံးတွေကတော့ အေးစက်သွားပါတယ်။
'မသေဘူးပေါ့၊ မင်း တကယ် မသေဘူးပဲ။ ကောင်းပြီလေ... ဒီတစ်ခါတော့ ငါ မင်းကို သေချာပေါက်... သတ်ပစ်မယ်!'
'ဒါမှလည်း ငါ့ရဲ့ အရှက်ရမှုတွေကို ဆေးကြောနိုင်မှာ!'
စင်မြင့်နားကို ရောက်ခါနီးမှာပဲ လင်းရှုက အရှိန်ယူပြီး အပေါ်ကို ခုန်တက်လိုက်ပါတယ်။
လင်းရှုဟာ စစ်မြေပြင်သုံး ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်မှာတော့ အနက်ရောင် သေတ္တာကြီးတစ်လုံးကို လွယ်ထားပါတယ်။ ခိုင်မာပြတ်သားတဲ့ မျက်နှာထား၊ နက်မှောင်တဲ့ မျက်ဝန်းတွေနဲ့အတူ လျှို့ဝှက်ဆန်းပြားတဲ့ အရှိန်အဝါတွေ သူ့ဆီကနေ ထွက်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ တစ်လက လင်းရှုဟာ အမှိုက်ပါလို့ တစ်ယောက်ယောက်က ပြောခဲ့ရင်တောင် အခုအချိန်မှာတော့ ဘယ်သူမှ ယုံကြတော့မှာ မဟုတ်ပါဘူး!