အခန်း (၅၄) - တစ်လကြာပြီးနောက်
တွားသွားသတ္တဝါတွေဟာ အဆုံးမရှိနိုင်တော့သလိုမျိုး တစ်စတစ်စ ပိုမိုများပြားလာပါတယ်။
ရှုဝမ်နဲ့ တခြားသူတွေဟာ စတင်ပြီး ပင်ပန်းနွမ်းနယ်လာကြသလို၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့အားလုံး အန္တရာယ်ရှိလာနိုင်ပါတယ်။
"ငါ ဆက်မသတ်နိုင်တော့ဘူး၊ အားအကုန်ကုန်သွားပြီ..." လီယီဟာ ဇွန်ဘီတစ်ကောင်ကို သတ်ဖို့အတွက် ဓားကိုဝှေ့ယမ်းလိုက်တဲ့အချိန်မှာပဲ သူ့လက်မောင်းမှာ အားအင်လုံးဝမရှိတော့တာကို ခံစားလိုက်ရပါတယ်။
သူ စတင်မောဟိုက်လာပေမဲ့ သူ့နောက်က တွားသွားသတ္တဝါတွေကတော့ ရပ်မသွားဘဲ သူ့ဆီကို အရူးအမူး ပြေးဝင်လာကြပါတယ်။
သူတော့ သေရတော့မှာပဲ!
လီယီ မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်ကို ကိုက်ခဲဖို့အတွက် ပါးစပ်ကြီးတွေ အဖြဲသားနဲ့ ပြေးဝင်လာတဲ့ အဖြူရောင်တွားသွားသတ္တဝါ အတော်များများကို တွေ့လိုက်ရပါတယ်။
လီယီဟာ သူ့မျက်လုံးတွေကို အလိုအလျောက် ပိတ်လိုက်မိပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သူထင်ထားသလို နာကျင်မှုက ရောက်မလာခဲ့ပါဘူး။
ဘာဖြစ်တာလဲ?
သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ငွေရောင်လှံတစ်စင်းက အဲ့ဒီသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတာကို တွေ့လိုက်ရပါတယ်။
"လင်းရှု!?" သူ့ရှေ့က လင်းရှုကို မြင်လိုက်ရတော့ လီယီ အံ့သြသွားပါတယ်။
သူ့လက်မောင်းက ဒဏ်ရာအပြင်းအထန် ရထားတာလေ၊ ဒီလိုအချိန်မျိုးမှာ သူ ဘယ်လိုလုပ် လှံကိုကိုင်ပြီး တိုက်ခိုက်နိုင်ရတာလဲ?
ဒါက ဒဏ်ရာကို ပြန်ပွင့်စေပြီး သွေးထွက်စေမှာ မဟုတ်ဘူးလား?
"တွေဝေမနေနဲ့၊ သတ်!"
လင်းရှုက သူ့လှံကို အမြန်ဆွဲထုတ်လိုက်ပြီး တစ်ဖန် ပြန်လည်ဝှေ့ယမ်းလိုက်ပါတယ်။
သူ ဘာမှမစဉ်းစားဘဲ သူ့ရဲ့အပိုမှတ်တွေကို ခန္ဓာကိုယ်ကြံ့ခိုင်မှု နဲ့ ခွန်အား ထဲမှာပဲ အကုန်ထည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ဒဏ်ရာပျောက်ကင်းနှုန်းက ပိုမြန်လာပြီး သူခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒဏ်ရာက အခုဆို အနာဖေးတောင် စတက်နေလောက်ပါပြီ။
"ဆက်ပြီး တိုက်ခိုက်ကြ! ရပ်လိုက်ရင် မင်းတို့ သေလိမ့်မယ်!" ရွှီဝမ်ရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး အကျယ်ကြီး ဟိန်းဟောက်လိုက်ပါတယ်။
လူတိုင်းဟာ အသည်းအသန် ဆက်လက်တိုက်ခိုက်ကြပြီး တွားသွားကောင် အမြောက်အမြားဟာလည်း အဆက်မပြတ် အသတ်ခံနေရပါတယ်။
ဘယ်လောက်တောင် ကြာသွားလဲ မသိရပေမဲ့ နောက်ဆုံးသတ္တဝါကို သတ်ပြီးသွားတဲ့အချိန်မှာတော့ လူတိုင်းဟာ လက်နက်တွေကိုတောင် သေချာမကိုင်နိုင်တော့ဘဲ အားအင်ကုန်ခမ်းမှုကြောင့် တုန်ရင်နေကြပါတယ်။
လင်းရှုဟာ အသက်ကို ပြင်းပြင်းရှူနေရပြီး သူ့ပုခုံးက ပတ်တီးဖြူတွေကြားထဲကနေ သွေးတွေ စိမ့်ထွက်လာပါတယ်။
သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒဏ်ရာပျောက်ကင်းနှုန်းက ပိုမြန်နေရင်တောင်မှ လှံကို ဒီလိုမျိုး ဝှေ့ယမ်းတာက ဒဏ်ရာကို သေချာပေါက် ပြန်ပွင့်စေမှာပါ။
ကံကောင်းတာကတော့ တွားသွားသတ္တဝါအားလုံး အသတ်ခံလိုက်ရပါပြီ။
ဒါပေမဲ့ လင်းရှု အပါအဝင် အသက်ရှင်ကျန်ရစ်သူက ခြောက်ယောက်ပဲ ရှိပါတော့တယ်။
"ကျန်းချီ!!!" အလောင်းက လုံးဝပုံပျက်ပန်းပျက် ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ စစ်သားတွေဟာ ငိုကြွေးကြပါတော့တယ်။
လီယီနဲ့ ရွှီဝမ်တို့ရဲ့ မျက်နှာတွေလည်း ဖြူဖျော့သွားပြီး သူတို့ရဲ့ ရင်ထဲမှာ အလွန်ကို ခံရခက်တဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။
နှစ်ရက်အတွင်းမှာပဲ သူတို့ဟာ လူဆယ်ယောက်အဖွဲ့ကနေ ခြောက်ယောက်ပဲ ကျန်ပါတော့တယ်။
သူတို့ရဲ့ အသင်းဖော်တွေ သူတို့ရှေ့တင် သေဆုံးသွားတာကို အကြိမ်ကြိမ် ကြည့်နေခဲ့ရပြီး ဘာမှလည်း မလုပ်ပေးနိုင်ခဲ့ကြပါဘူး။ လင်းရှုကိုယ်တိုင်တောင် ဒီအချိန်မှာ စိတ်မကောင်းဖြစ်နေရပါတယ်။
"လာကြပါ၊ နားနားနေနေ နေလို့ရမယ့် နေရာတစ်ခု သွားရှာကြရအောင်" လင်းရှုက သက်ပြင်းချရင်း ပြောလိုက်ပါတယ်။
သူ့မှာ ဆက်လက်တိုက်ခိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။
တစ်လကြာပြီးနောက်။
အချိန်တွေက အမြန်ကုန်ဆုံးသွားခဲ့ပါတယ်။
ကွမ်မင် ခံတပ်အတွင်း ရှင်းလင်းရေးလုပ်ငန်း စတင်ခဲ့တာ အခုဆိုရင် တစ်လနီးပါး ရှိသွားပါပြီ။ ပထမဆုံး နှစ်ရက်အတွင်း သေဆုံးခဲ့တဲ့ စစ်သားလေးယောက်ကလွဲလို့ တခြားဘယ်သူမှ ထပ်ပြီး အသက်မဆုံးရှုံးခဲ့ကြပါဘူး။
"ရှင်းလင်းရေးလုပ်ငန်းကတော့ ပြီးသလောက်ရှိနေပြီပဲ"
လင်းရှုရဲ့ ပစ်ခတ်မှုကြောင့် နောက်ဆုံးကျန်နေတဲ့ ကြောက်မက်ဖွယ်ဇွန်ဘီရဲ့ ခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးသွားပြီးတဲ့နောက်မှာ ရွှီဝမ်က သူ့ဘာသာသူ ရေရွတ်လိုက်ပါတယ်။
ဒီတစ်လအတွင်းမှာ သူတို့ဟာ အနီးနားက မြို့တွေမှာရှိတဲ့ ဇွန်ဘီတွေအားလုံးနဲ့ နျူကလီးယားညစ်ညမ်းမှုကြောင့် အသွင်ပြောင်းလဲလာတဲ့ သတ္တဝါတွေကို အကုန်သတ်ဖြတ်ခဲ့ကြပါတယ်။
အခုဆိုရင် တစ်မြို့လုံးဟာ ခြောက်ကပ်နေပြီး သူတို့ခြောက်ယောက်ကလွဲရင် တခြားဘယ်သက်ရှိသတ္တဝါကိုမှ မတွေ့ရတော့သလောက်ပါပဲ။
လင်းရှုက ဇွန်ဘီခေါင်းထဲက လှံကို ပြန်ဆွဲထုတ်လိုက်ပြီး လှံဖျားက သွေးတွေကို ခါထုတ်လိုက်ပါတယ်။
အမှန်အတိုင်းပြောရရင် ပထမဆုံး နှစ်ရက်မှာ ဇွန်ဘီအမြောက်အမြားကို သတ်ခဲ့ရပေမဲ့ ကျန်တဲ့ ရက်ပေါင်းနှစ်ဆယ်အတွင်းမှာတော့ ဇွန်ဘီအရေအတွက်က တဖြည်းဖြည်း နည်းပါးသွားခဲ့ပါတယ်။
တစ်နေကုန် နေပူမိုးရွာထဲမှာ အချိန်ကုန်ဆုံးခဲ့ရတာကြောင့် လင်းရှုရဲ့ အသားအရည်ဟာ တစ်လအတွင်းမှာပဲ ကြေးနီရောင် သမ်းလာပါတယ်။
မူလက ဖြူဖြူချောချော လူငယ်လေးဟာ အခုဆိုရင်တော့ ခန့်ညားထည်ဝါတဲ့ စစ်သားတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။
သူ့လက်မောင်းက ကြွက်သားအဖုအထစ်တွေကတော့ သူပိုင်ဆိုင်ထားတဲ့ ပေါက်ကွဲအားပြင်းတဲ့ ခွန်အားတွေရဲ့ သက်သေပါပဲ။
ညတိုင်းမှာ လင်းရှုဟာ ဆက်လက်လေ့ကျင့်နေဆဲဖြစ်ပြီး နေ့ဘက်မှာ တိုက်ခိုက်ခဲ့ရတာတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းရည်တွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေ ဖြစ်ခဲ့ပါတယ်။
ဒီအချိန်မှာ သူက သူ့ရဲ့ အချက်အလက်ပြဘုတ်ကို ပြန်ကြည့်လိုက်ပါတယ်။
ပိုင်ရှင် - လင်းရှု
အဆင့် - ၁၄
အတွေ့အကြုံ - ၁,၅၃၄,၅၂၉ (နောက်တစ်ဆင့်တက်ဖို့ ၇၂,၉၉၉ မှတ် လိုအပ်သည်)
ခွန်အား - ၁၄၈
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၈၉
အလျင် - ၆၅
စွမ်းရည် - ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး၊ ဒေါသအမျက်
ဒေါသအရှိန် - ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည် - ၁၂၄၉
'ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ၁၂၄၉ တောင် ရှိနေပြီလား?'
ဒါကို မြင်လိုက်ရတော့ လင်းရှု အံ့သြသွားပါတယ်။ ကျောင်းမှာ လေ့ကျင့်နေတာထက် ဒီလို အပြင်ထွက် တိုက်ခိုက်ရတာက ပိုပြီး တိုးတက်မှုရှိတာပါ။
သူသာ အဆင့် ၁၅ ကို ရောက်သွားမယ်ဆိုရင် အဆင့် ၂ စစ်သည်တော်တစ်ယောက်ရဲ့ အဆင့်အတန်းကို ရောက်သွားနိုင်ပါတယ်။
အဆင့် ၂ စစ်သည်တော်ဖြစ်နေတဲ့ ဒုတိယနှစ်ကျောင်းသားဆိုတာ... စဉ်းစားကြည့်ရင်တင် တကယ်ကို ကြောက်စရာကောင်းတဲ့ အခြေအနေပါ။
ဒီလိုတွေးရင်း လင်းရှု စိတ်လှုပ်ရှားသွားပေမဲ့ ကံမကောင်းတာက အတွေ့အကြုံမှတ် ၇၀,၀၀၀ လောက် လိုနေသေးတာပါ။ သတ်ဖို့အတွက် ဇွန်ဘီတွေ ဒါမှမဟုတ် အသွင်ပြောင်းသတ္တဝါတွေလည်း မရှိတော့ပါဘူး။
အပြန်လမ်းမှာတော့ သူတို့ဟာ စက်ရုပ်ခေတ်က အကြွင်းအကျန်တွေရှိတဲ့ မြို့လေးကို ဖြတ်လာခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ လီယီဟာ တစ်ခုခုနဲ့ ခလုတ်တိုက်မိပြီး အော်ဟစ်ကာ လဲကျသွားပါတယ်။
"တောက်! ဒါက ဘာကြီးလဲကွာ!" လီယီဟာ စက်ရုပ်လက်ကောက်ဝတ်လိုမျိုး ထူးဆန်းတဲ့ အရာတစ်ခုကို ကိုင်ပြီး မကျေမနပ်နဲ့ ပြန်ထလာပါတယ်။
ဒါကို ကြည့်ပြီး သူက အဝေးကို လွှင့်ပစ်တော့မယ့်အချိန်မှာပဲ လင်းရှုက အမြန်ပြေးလာပြီး တားလိုက်ပါတယ်။
"မပစ်လိုက်နဲ့ဦး၊ ငါ့ကို ပေးကြည့်ပါဦး"
"အဟောင်းအစုတ်တွေပါကွာ" လို့ လီယီက ပြောလိုက်ပေမဲ့ လင်းရှုက သေသေချာချာ စစ်ဆေးနေတာကို တွေ့တော့ သူလည်း စိတ်ဝင်စားသွားပါတယ်။
ဒီတစ်လအတွင်းမှာ လင်းရှုဟာ နေ့တိုင်း ဒီလို ထူးဆန်းတဲ့ စက်ပစ္စည်းအဟောင်းတွေကို လိုက်ရှာနေပြီး သူတို့တည်းခိုတဲ့နေရာကို ပြန်သယ်လာတာကြောင့် သူ အရမ်းသိချင်နေတာပါ။
ဒါတွေက ဘာလုပ်လို့ရမှာမို့လို့လဲ?
"ဟားဟား... ဒါပဲ! နောက်ဆုံးတော့ အကုန်စုံသွားပြီဟေ့!" လင်းရှုက အဲ့ဒီပစ္စည်းကို ခဏလောက် လေ့လာပြီးနောက်မှာ အရမ်းအံ့သြသွားသလိုမျိုး အကျယ်ကြီး ရယ်မောလိုက်ပါတယ်။
"ဘာတွေ စုံသွားတာလဲ?" လီယီက မေးလိုက်ပေမဲ့ လင်းရှုကတော့ သူတို့တည်းခိုတဲ့နေရာဆီကို အပြေးလေး ထွက်သွားပါပြီ။
"ဟေး... ငါ့ကိုလည်း စောင့်ဦးလေ!"
သူတို့က အဆောက်အဦးတစ်ခုရဲ့ ဧည့်ခန်းမမှာ ခဏတည်းခိုနေကြတာပါ။ အဲ့ဒီအဆောက်အဦးထဲမှာ ဘယ်လိုမိစ္ဆာမှ မရှိတာကြောင့် အရမ်းကို ဘေးကင်းပါတယ်။
ထောင့်တစ်နေရာက စုပုံထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို ကြည့်ပြီး လင်းရှုရဲ့ မျက်လုံးတွေက တောက်ပနေပါတယ်။
တစ်လလုံးလုံး ရှာဖွေခဲ့ပြီးတဲ့နောက်မှာတော့ အစိတ်အပိုင်းအားလုံးကို သူ နောက်ဆုံးမှာ ရှာတွေ့ခဲ့ပါပြီ။