အခန်း ၅၃ - ကြောက်မက်ဖွယ်ရာ တွားသွားကောင်များ
စစ်သားတွေ ရှေ့ကို အတင်းတက်ဖို့ ပြင်လိုက်ချိန်မှာပဲ လင်းရှုက သူတို့ကို ချက်ချင်း တားလိုက်ပါတယ်။
“ဘာဖြစ်လို့လဲ?” ဒီနှစ်ရက်အတွင်းမှာ အတူတူရှိနေခဲ့ကြတာမို့ ကျန်တဲ့စစ်သားတွေတင်မကဘဲ ရွှီဝမ်ကိုယ်တိုင်လည်း လင်းရှုကို တော်တော်လေး ယုံကြည်နေပြီလေ။
“အဲ့ဒီဇွန်ဘီတွေက မရိုးရှင်းဘူးဗျ၊ ကြည့်ရတာ ဖြည်းဖြည်းချင်း လှုပ်ရှားနေသလို ထင်ရပေမဲ့ တစ်ခုခုတော့ ပြဿနာရှိတယ်” လို့ လင်းရှုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
သူ့ရဲ့ ‘ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး (Analytic Eye)’ က သူ့ကို လိမ်မှာမဟုတ်ပါဘူး။ ဒီဇွန်ဘီတွေဟာ ‘လျင်မြန်တယ်’ လို့ အချက်အလက်မှာ ရှင်းရှင်းလင်းလင်း ပြနေတာကိုး။
အခု ဘာလို့ ဖြည်းဖြည်းချင်း တွားသွားနေသလဲဆိုတာကတော့ လင်းရှု စဉ်းစားကြည့်သလောက် သူတို့တွေ ဟန်ဆောင်နေတာ ဖြစ်ဖို့များပါတယ်။ သဘာဝတရားထဲက တချို့တိရစ္ဆာန်တွေဟာ သူတို့ရဲ့ သားကောင်ကို ဖမ်းဖို့အတွက် အသွင်ယူ ဟန်ဆောင်တတ်ကြသလိုမျိုးပေါ့။ သားကောင် အနားရောက်လာပြီဆိုမှ ရုတ်တရက် ခုန်အုပ်ပြီး စားပွားတော့မှာလေ။
လင်းရှုက ဘယ်လက်နဲ့ ငွေရောင်မသေမျိုးဝိညာဉ်လှံကို ကိုင်ထားပြီး ညာလက်နဲ့တော့ မြေပြင်ပေါ်က လေဆာပစ္စတိုကို ဆွဲထုတ်လိုက်ပါတယ်။ သူက နံရံပေါ်မှာ တွားသွားနေတဲ့ အဖြူရောင်ဇွန်ဘီကို ချိန်ပြီး ခလုတ်ကို ဆွဲညှစ်လိုက်ပါတော့တယ်။
ရှူး——
လေဆာအလင်းတန်းက ထိုနေရာဆီကို တန်းတန်းမတ်မတ် ပြေးထွက်သွားပါတယ်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ထူးဆန်းတာတစ်ခု ဖြစ်သွားပါတယ်။ အဲ့ဒီတွားသွားဇွန်ဘီဟာ ပါးနပ်တဲ့ ပုတ်သင်ညိုတစ်ကောင်လိုမျိုး ရုတ်တရက် သွက်လက်သွားပြီး လင်းရှုရဲ့ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်တာကို အားလုံး မြင်လိုက်ရပါတယ်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!” ဒါကို မြင်လိုက်ရတဲ့ စစ်သားဟာ အံ့သြလွန်းလို့ မျက်လုံးအဝိုင်းသား ဖြစ်သွားပါတယ်။
လေဆာအလင်းတန်းက အလွန်မြန်တာလေ၊ အဲ့ဒါကို သူတို့က ဒီလောက် လွယ်လွယ်ကူကူ ရှောင်နိုင်တယ် ဟုတ်လား?
ဒါပေမဲ့ အများကြီး စဉ်းစားဖို့ အချိန်မရလိုက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ရှေ့က ဇွန်ဘီတွေဟာ သတိပြုမိသွားကြပြီလေ။ တွားသွားကောင် အမြောက်အမြားဟာ နံရံပေါ်ကနေ အရှိန်အဟုန်နဲ့ ခုန်ဆင်းလာကြပါတော့တယ်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေက မြေပြင်ပေါ်မှာ ဝပ်နေကြပြီး အတန်းလိုက်ကြီး ဖြစ်နေတာပါ။ အဝေးကကြည့်ရင်တော့ ဖြူဖွေးနေတဲ့ အစုအဝေးကြီးက တကယ့်ကို ရွံရှာစရာကောင်းလှပါတယ်။
“များ... များလိုက်တာ။” လီယီက ဒီမြင်ကွင်းကို ကြည့်ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပါတယ်။
“သတိထားကြ၊ အကိုက်မခံရစေနဲ့” လို့ လင်းရှုကလည်း သတိပေးလိုက်ပါတယ်။ အခုလို တွားသွားကောင်တွေကို ကြည့်ရင်း သူလည်း နည်းနည်းတော့ အခက်တွေ့နေမိတယ်။ သူ့ပုခုံးက ဒဏ်ရာက တော်တော်နက်တာလေ၊ အနာကျက်နေပြီဆိုပေမဲ့ အပြည့်အဝတော့ မကောင်းသေးဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရဆိုရင် ဒဏ်ရာပြန်မပွင့်ဘဲ လှံကို လွတ်လွတ်လပ်လပ် ဝှေ့ယမ်းနိုင်ဖို့ အနည်းဆုံး နှစ်ရက်၊ သုံးရက်တော့ လိုဦးမှာပါ။
ရွှီဝမ်ကတော့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ပြီးသားဖြစ်သလို လက်ထဲက ဓားရှည်ကိုလည်း တင်းတင်း ဆုပ်ကိုင်ထားပါတယ်။
“ဂရား!!!”
တွားသွားဇွန်ဘီတစ်ကောင်က သူ့ရဲ့ ထက်မြက်တဲ့ သွားတွေကို ပြပြီး သားရဲတစ်ကောင်လို ဟိန်းဟောက်လိုက်တဲ့အခါ တွားသွားဇွန်ဘီ အုပ်စုကြီးဟာ လင်းရှုတို့ဆီကို တဟုန်ထိုး ပြေးဝင်လာပါတော့တယ်။ သူတို့က ခြေလက်တွေကို မြေပြင်မှာ ထောက်ပြီး ကျားသစ်တွေလိုမျိုး သွက်လက်စွာ တွားသွားလာကြတာပါ။ အရှိန်က တကယ့်ကို မြန်လွန်းလှပါတယ်။ ခုနက နံရံပေါ်မှာ ဖြည်းဖြည်းချင်း သွားနေတဲ့ ပုံစံမျိုး မဟုတ်တော့ဘူးလေ။
“သတ်ကြဟေ့!!!” ရွှီဝမ်က သွားကို ကြိတ်ပြီး ရှေ့ကို ပြေးထွက်သွားပါတယ်။ သူက ရှေ့ဆုံးက တွားသွားကောင်ကို လေထဲမှာတင် နှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်ပါတယ်။
အဆင့် ၂ မျိုးပြောင်းသားရဲတွေရဲ့ ခွန်အားက အဆင့် ၁ စစ်သည်တော်နဲ့ပဲ ညီမျှတာမို့ သတိထားမယ်ဆိုရင်တော့ ကြောက်နေစရာ မလိုပါဘူး။ နှစ်ရက်လောက် တိုက်ပွဲတွေကြားမှာ ဖြတ်သန်းလာခဲ့ရတာမို့ ဒီစစ်သားတွေရဲ့ သတ္တိနဲ့ အရည်အချင်းက အရင်ကထက် အများကြီး ထူးခြားလာခဲ့ပါပြီ။
ရှူး... ရှူး... ရှူး——
လင်းရှုက လှံကို ကိုင်ပြီး တိုက်ရိုက်မတိုက်နိုင်တာကြောင့် ပစ္စတိုနဲ့ပဲ အနောက်ကနေ ပစ်ကူပေးနေပါတယ်။
ဗုန်း။ စစ်သားတစ်ယောက်ကို ခုန်အုပ်ဖို့ ကြိုးစားတဲ့ တွားသွားဇွန်ဘီတစ်ကောင်ကို လင်းရှုက လေဆာနဲ့ ပစ်ချလိုက်ပါတယ်။ လေဆာက ဇွန်ဘီရဲ့ ခေါင်းကို တည့်တည့် ဖောက်ထွက်သွားတာပါ။
“ကျေး... ကျေးဇူးပါပဲ။” အဲ့ဒီစစ်သားက တုန်တုန်ရင်ရင်နဲ့ ပြောရင်း သက်ပြင်းချလိုက်ပါတော့တယ်။
ဒီတွားသွားဇွန်ဘီတွေက အရမ်းမြန်တဲ့အပြင် အရေအတွက်လည်း သိပ်များပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ မှားယွင်းလဲကျသွားမယ်ဆိုရင် အနောက်က တွားသွားဇွန်ဘီတွေက အုပ်စုလိုက် ဖိပိပစ်မှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင်တော့ ခံရတဲ့သူဟာ အသားနုပ်နုပ်စင်းခံရသလို သေရုံပဲ ရှိပါတော့တယ်။
“သတိထားကြ! ဒီအကောင်တွေက ရွေ့လျားတာ အရမ်းမြန်တယ်!” ရွှီဝမ်က သူ့ရဲ့ဓားကို ဝှေ့ယမ်းရင်း အော်ပြောလိုက်ပါတယ်။ သူလည်း အကြိမ်အနည်းငယ် လွဲချော်သွားပြီးမှ နောက်တစ်စက္ကန့်မှာ ဇွန်ဘီတစ်ကောင်ကို နှစ်ပိုင်းပိုင်းဖြတ်နိုင်ခဲ့ပါတယ်။
လင်းရှုကတော့ တစ်ဖက်ကနေ စောင့်ကြည့်ရင်း သူတို့တွေ တိုက်ခိုက်နေတာကို ပစ်ကူပေးနေပါတယ်။
အဆက်မပြတ် ပစ်ခတ်နေရင်းနဲ့ လင်းရှုရဲ့ ပစ်မှတ်ကို ထိမှန်မှုက ပိုပြီး တိကျလာပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီတွားသွားဇွန်ဘီတွေရဲ့ တိုက်ခိုက်ပုံကို နားလည်သွားပြီး သူတို့ ဘယ်လိုလာမလဲဆိုတာကို ကြိုတင်ခန့်မှန်းပြီး ပစ်ခတ်နိုင်တဲ့အထိ ဖြစ်လာပါတယ်။
“ကယ်ကြပါဦး!”
တွားသွားဇွန်ဘီတွေက တကယ်ကို များလွန်းတာကြောင့် မကြာခင်မှာပဲ လူပန်းလာတဲ့ စစ်သားတစ်ယောက်ဟာ ဇွန်ဘီရဲ့ ခုန်အုပ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ် လဲကျသွားပါတော့တယ်။
တွားသွားဇွန်ဘီက သူ့ကို မြေပြင်ပေါ် ဖိချလိုက်တာနဲ့ ပါးစပ်ကို ဟပြီး သူ့ရဲ့လည်ပင်းကို ကိုက်ချလိုက်ပါတယ်။
သူ့ရဲ့ သွေးလွှတ်ကြော ပြတ်ထွက်သွားပြီး သွေးတွေဟာ ပန်းထွက်လာပါတော့တယ်။
အဝေးကနေ လင်းရှုက အမြန်ဆုံး တုံ့ပြန်ပြီး ဇွန်ဘီရဲ့ ခေါင်းကို လေဆာနဲ့ တည့်တည့်ပစ်လိုက်ပေမဲ့ နောက်ကျသွားပါပြီ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ အနောက်က တွားသွားဇွန်ဘီတွေက ရူးသွပ်သွားသလိုမျိုး သူ့ခန္ဓာကိုယ်ကို ဝိုင်းပြီး ကိုက်ခဲစားသောက်ကြလို့ပါပဲ။
ဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ကျန်တဲ့စစ်သားတွေဟာ ထိတ်လန့်သွားကြပါတယ်။ လူတွေက ကြောက်ရွံ့လာပြီဆိုရင် တိုက်ခိုက်လိုစိတ်တွေ တဖြည်းဖြည်း လျော့နည်းလာတတ်တာလေ။
“မင်းတို့ ဘာလုပ်နေကြတာလဲ!? သေချင်နေကြတာလား!?” ရွှီဝမ်က ဒါကိုမြင်တော့ ဟိန်းဟောက်လိုက်ပါတယ်။
“မသေချင်ရင် သတ်ကြစမ်း!”
ရွှီဝမ်ရဲ့ အော်ဟစ်သံက စစ်သားတွေရဲ့ ခေါင်းကို အရှိန်နဲ့ ထုနှက်လိုက်သလိုပါပဲ။ သူတို့တွေ သွားကိုကြိတ်ပြီး ဆက်တိုက်ကြပါတယ်။
သူတို့ရဲ့ ရဲဘော်တစ်ယောက် သေဆုံးသွားတာကြောင့် သူတို့တွေဟာ ဒေါသတွေ ထွက်လာပြီး သွေးဆာနေတဲ့ အမူအယာနဲ့ အားသွန်ခွန်စိုက် ပြန်လည်တိုက်ခိုက်ကြပါတော့တယ်။
တွားသွားဇွန်ဘီတွေရဲ့ ခန္ဓာကိုယ်တွေဟာ အပိုင်းပိုင်းပြတ်တောက်သွားပြီး မြေပြင်မှာ သွေးတွေ အိုင်ထွန်းနေပါတယ်။
အနောက်ကနေ အဆက်မပြတ် ပစ်ခတ်နေတဲ့ လင်းရှုဆီမှာတော့ ရုတ်တရက် အသံတစ်သံ မြည်လာပါတယ်။
“ဒင်~~~”
“ဂုဏ်ယူပါတယ် ပိုင်ရှင်... အဆင့် ၁၄ ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ!”
အဆင့်တက်ပြီ ဟုတ်လား!? အော်... ဟုတ်သားပဲ၊ တွားသွားဇွန်ဘီ တစ်ကောင်ချင်းစီက အတွေ့အကြုံမှတ် ၃,၀၀၀ ကျော် ပေးတာလေ။ အရင်စုဆောင်းထားတာတွေနဲ့ ပေါင်းလိုက်ရင် အခု အဆင့်တက်သွားတာက အဓိပ္ပာယ်ရှိပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်ပြဇယားက ခေါင်းထဲမှာ ပေါ်လာပါတယ် -
အမည်: လင်းရှု
အဆင့်: ၁၄
အတွေ့အကြုံ: ၁၅ (နောက်တစ်ဆင့်အတွက် ၁,၆၀၇,၅၂၈ မှတ် လိုအပ်သည်)
ခွန်အား : ၁၂၄
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၇၀
အရှိန် : ၆၀
(မှတ်ချက် - သာမန်လူတစ်ယောက်၏ ပျမ်းမျှရမှတ်မှာ ၃၈ ဖြစ်သည်)
စွမ်းရည် : ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး ၊ ဒေါသအမျက်
ဒေါသအရှိန် : ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား: ၈၈၈
အပိုမှတ် : ၁၄
အဆင့် ၁၄!
ဒါပေမဲ့ နောက်တစ်ဆင့်အတွက် လိုအပ်တဲ့ အတွေ့အကြုံမှတ်ကို ကြည့်လိုက်တော့ ၁.၆ သန်းတောင် ဖြစ်နေတာကြောင့် တကယ်ကို ရူးချင်စရာပါပဲ။ အဆင့် ၃ စစ်သည်တော်ကို သတ်တုန်းကတောင် ၁ သိန်းလောက်ပဲ ရတာဆိုတော့ အဆင့် ၁၅ ရောက်ဖို့ အတော်လေး အချိန်ယူရဦးမှာပါ။
အဆင့် ၁၅ ဆိုတာ နယ်နိမိတ်တစ်ခုဖြစ်ပြီး မျိုးရိုးဗီဇသော့ကို ဖွင့်ပေးနိုင်မှာလေ!
လင်းရှုက အများကြီး မစဉ်းစားဘဲ အပိုမှတ် ၁၀ မှတ်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုထဲ ပေါင်းထည့်လိုက်ပြီး ကျန်တဲ့ ၄ မှတ်ကိုတော့ ခွန်အားထဲ ထည့်လိုက်ပါတယ်။
အမှတ်တွေ ပေါင်းထည့်လိုက်တာနဲ့ လင်းရှုရဲ့ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို သက်သောင့်သက်သာ ဖြစ်သွားပြီး သူ့ရဲ့ ဒဏ်ရာကလည်း အနာကျက်နှုန်း မြန်လာသလိုမျိုး တစစ်စစ်နဲ့ ယားယံလာပါတော့တယ်။