အခန်း ၅၂ - လုယက်ခြင်း
အဲ့ဒီအချိန်မှာ လင်းရှုကတော့ မြေပြင်ကိုကြည့်ပြီး တစ်ခုခုကို သေသေချာချာ လိုက်ရှာနေပါတယ်။
မြေပြင်ပေါ်မှာ သံတိုသံစတွေ၊ သံချေးတက်နေတဲ့ စက်သွားတွေ၊ စက်ပစ္စည်းအဟောင်းတွေနဲ့ စက်အစိတ်အပိုင်း အမျိုးမျိုးက ပြန့်ကျဲနေတာပါ။
ဂလောက်... ဂလောက်——
အားလုံး ရှေ့ကို ဆက်လျှောက်သွားနေတုန်းမှာပဲ ထူးဆန်းတဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်။
သံတိုသံစတွေကို တစ်ယောက်ယောက်က နင်းလျှောက်လာတဲ့ အသံမျိုးပါ။
လင်းရှု မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပါတယ်။ ရွှီဝမ်နဲ့ တခြားသူတွေလည်း သတိအပြည့်နဲ့ အသင့်ပြင်ထားကြပြီလေ။
တစ်ယောက်ယောက် လျှောက်လာနေတာကတော့ သေချာပါတယ်။ လူမဟုတ်ရင်တောင် မျိုးပြောင်းသားရဲ ဒါမှမဟုတ် ဇွန်ဘီ ဖြစ်ရမယ်။ အဲ့ဒါကတော့ ကျိန်းသေပဲ!
တကယ်ပါပဲ... သူတို့တွေ လမ်းချိုးတစ်ခုကို ကွေ့ပြီး လျှောက်သွားလိုက်တဲ့အခါမှာတော့ အရပ်ရှည်ရှည်နဲ့ ဗမာဆန်ဆန် (တောင့်တောင့်ဖြောင့်ဖြောင့်😂) လူ ၆ ယောက် အဲ့ဒီမှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့အားလုံးဟာ တိုက်ပွဲဝင်ဝတ်စုံတွေကို ဝတ်ထားကြပြီး လက်ထဲမှာလည်း လက်နက်မျိုးစုံကို ကိုင်ထားကြပါတယ်။ ကြည့်လိုက်တာနဲ့ ဒီလူတွေအားလုံးဟာ စစ်သည်တော်တွေဆိုတာ သိသာလှပါတယ်။
“အိုး... ဖက်ဒရယ်စစ်သားတွေလား?” ရှေ့ဆုံးမှာ ရပ်နေတဲ့ ကတုံးဆံပင်တိုတိုနဲ့ လူက လင်းရှုတို့ကို ကြည့်ပြီး ထူးဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်ပါတယ်။
“ကြည့်ရတာ မင်းတို့တစ်ခုခု ကောင်းကောင်းမွန်မွန် ရှာတွေ့ထားပုံပဲ။” လူတစ်ယောက်က လင်းရှုရဲ့ လက်ကို လှမ်းကြည့်လိုက်ပါတယ်။
လင်းရှုလက်ထဲက စက်မှုဓားကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့မျက်လုံးထဲမှာ လောဘရိပ်တွေ ယှက်သန်းသွားပါတယ်။
ဒီနေရာက အန္တရာယ်များတဲ့အတွက် ‘ရှင်းလင်းရေး’ တာဝန်နဲ့လာတဲ့ ဖက်ဒရယ်စစ်သားတွေကလွဲလို့ ဘယ်သူမှ လာလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီလူတွေကတော့ ကွမ်မင်ခံတပ်နားက ဒီနေရာမှာ စက်မှုခေတ်ဟောင်းက အကြွင်းအကျန်တွေ ရှိနေတယ်ဆိုတဲ့ သတင်းကို ရထားပုံရပါတယ်။
ဒီပစ္စည်းတွေက အခုခေတ်မှာ အသုံးမဝင်တော့ပေမဲ့ အနုပညာလက်ရာပစ္စည်းအနေနဲ့တော့ ပြန်ရောင်းလို့ ရပါတယ်။ အထူးသဖြင့် ရှေးခေတ်စက်မှုပုံစံကို ကြိုက်တဲ့သူတွေ အများကြီးရှိတာကြောင့် ဈေးကောင်းရနိုင်တာကိုး။
“ရှာတွေ့ထားတာတွေ အကုန်ပေးလိုက်စမ်း၊ ငါတို့က ဖက်ဒရယ်စစ်သားတွေကို မသတ်ချင်ဘူး။” နောက်ထပ် လူတစ်ယောက်က ယုတ်မာတဲ့ လေသံနဲ့ ရယ်ပြီး ပြောလိုက်ပါတယ်။
“ဟားဟားဟား!” ကျန်တဲ့လူတွေကလည်း ဝိုင်းရယ်ကြပါတယ်။
“ခင်ဗျားတို့ ဘာကို ဆိုလိုတာလဲ?” ရွှီဝမ်ရဲ့ မျက်နှာက ပျက်သွားပါပြီ။
ဒီလူတွေက သူတို့ကို ဖက်ဒရယ်စစ်သားမှန်း သိသိကြီးနဲ့တောင် လာပြီး ခြိမ်းခြောက်ရဲကြတာလေ။ သူတို့ကိုယ်သူတို့ ခွန်အားရှိတယ်လို့ ယုံကြည်ချက် အပြည့်ရှိနေတာ ရှင်းနေတာပဲ။
ရွှီဝမ်က အဲ့ဒီလူ ၆ ယောက်ကို အကဲခတ်ကြည့်လိုက်ပါတယ်။ ၅ ယောက်ကတော့ အဆင့် ၁ စစ်သည်တော် ခွန်အားမျိုး ရှိနိုင်ပေမဲ့ နောက်ဆုံးမှာ ရပ်နေတဲ့ ဆံပင်ရှည်ရှည်နဲ့လူကတော့ တကယ့်ကို အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေပါတယ်။
သူတို့ ဘာလုပ်ကြမလဲ?
ရွှီဝမ် တွန့်ဆုတ်နေတုန်းမှာပဲ လင်းရှုက လက်ထဲက စက်မှုဓားကို ဟိုဘက်ကို လှမ်းပစ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ဓားရိုးထဲမှာ ထည့်ထားတဲ့ ခရစ္စတယ်ကိုတော့ တိတ်တဆိတ် ပြန်ထုတ်ထားလိုက်ပြီလေ။
“ဝါး... ဒီကောင်လေးက တော်တော်ပါးနပ်တာပဲ။” လူတစ်ယောက်က စက်မှုဓားကို ဖမ်းယူရင်း လင်းရှုကို ကြည့်ပြီး ပြောလိုက်ပါတယ်။
စက်မှုဓားက သံချေး နည်းနည်းပဲ တက်နေတာဖြစ်ပြီး ဘာမှ သိပ်မပျက်စီးသေးပါဘူး။ ဈေးကောင်းရမှာကတော့ သေချာပါတယ်။
“ဒါပဲလား? မင်းတို့ တခြားဟာတွေ ဖုံးထားသေးတာလား ဟမ်?” နောက်တစ်ယောက်က လင်းရှုတို့ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။
“ကျွန်တော်တို့က တာဝန်နဲ့လာတဲ့ ဖက်ဒရယ်စစ်သားတွေပါ။” ရွှီဝမ်က မကျေမနပ်နဲ့ ပြောလိုက်ပါတယ်။
“ငါ့ဘာသာ လိုက်ရှာကြည့်မယ်။” ထိုလူရဲ့ မျက်လုံးထဲမှာ စူးရှတဲ့ အလင်းတန်းတွေ ပေါ်လာပြီး လင်းရှုတို့ရှိရာကို လျှောက်လာပါတော့တယ်။
ရွှီဝမ်နဲ့ တခြားသူတွေရဲ့ သူငယ်အိမ်တွေ ကျုံ့သွားပြီး လက်ထဲက လက်နက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ကြပါတယ်။
ဒါက တကယ်ကို လွန်လွန်းနေပြီလေ!
“ကဲ... သွားကြစို့။” အဲ့ဒီအချိန်မှာပဲ အနောက်မှာ တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ် ရပ်နေခဲ့တဲ့ ဆံပင်ရှည်နဲ့လူက စကားပြောလာပါတယ်။
အဲ့ဒီစကားကို ကြားလိုက်ရတဲ့အခါ လင်းရှုတို့ဆီ လာရှာမယ့်လူရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး “မင်းတို့ ကံကောင်းသွားတယ်လို့ မှတ်လိုက်” ဆိုပြီး အေးအေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ စက်မှုဓားကို ယူပြီး တခြားတစ်ဖက်ကို ဖြည်းဖြည်းချင်း ထွက်ခွာသွားကြပါတော့တယ်။
“ရွှီဝမ်... မင်း ဘာလို့ အဲ့ဒီကောင်တွေကို မသတ်လိုက်တာလဲ?” လီယီက ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။
“ဒါက လုယက်မှုပဲလေ!”
အဲ့ဒီလူတွေရဲ့ မောက်မာမှုက သူ့ကို တော်တော်လေး ဒေါသထွက်စေတာပါ။
ကျန်တဲ့ စစ်သားတွေကလည်း အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ရွှီဝမ်ကို ဝိုင်းကြည့်နေကြပါတယ်။ သူကသာ အမိန့်မပေးရင် ကျန်တဲ့သူတွေကလည်း တိုက်ခိုက်ဖို့ မဝံ့ရဲကြဘူးလေ။
ဒါပေမဲ့ သူတို့အားလုံးလည်း ဒီအချိန်မှာတော့ တော်တော်လေး မကျေမနပ် ဖြစ်နေကြတာပါ။
ရွှီဝမ်က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး “မင်းတို့ သေချင်နေကြတာလား?” လို့ အသံကျယ်ကျယ်နဲ့ မေးလိုက်ပါတယ်။
“အဲ့ဒါ ဘာကို ဆိုလိုတာလဲ?” လီယီက အစမှာတော့ ကြောင်သွားပြီးမှ ဒေါသက ပိုထွက်လာပါတယ်။
“အဲ့ဒီလူက အဆင့် ၃ စစ်သည်တော်ဗျ။” လင်းရှုက ကြားဖြတ်ပြီး အသံကျယ်ကျယ် ပြောလိုက်ပါတယ်။
“ဘာ!” လင်းရှုရဲ့ စကားကြောင့် လီယီနဲ့ ကျန်တဲ့သူတွေအားလုံး ဆွံ့အသွားကြပါတယ်။
“မင်း သိနေတာလား?” ရွှီဝမ်လည်း နည်းနည်း အံ့သြသွားပါတယ်။ အဲ့ဒီလူက အရမ်းသန်မာတယ်လို့ သူ ခံစားမိပေမဲ့ ဘယ်အဆင့်လဲဆိုတာကိုတော့ သူ အတိအကျ မသိဘူးလေ။
“အင်း။” လင်းရှုက ခေါင်းညိတ်ပြလိုက်ပြီး အများကြီး ထပ်မရှင်းပြတော့ပါဘူး။ သူ့ရဲ့ ‘ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး (Analytic Eye)’ ကို သုံးလိုက်တာနဲ့ အဲ့ဒီလူရဲ့ အဆင့်ကို ချက်ချင်း သိလိုက်တာကိုး။
လီယီနဲ့ တခြားသူတွေလည်း အဆင့် ၃ စစ်သည်တော်ဆိုတာ သိသွားတော့မှ ဒေါသတွေ ပြေလျော့ပြီး တဖြည်းဖြည်း ငြိမ်ကျသွားပါတယ်။
အဆင့် ၃ စစ်သည်တော်ရဲ့ ခွန်အားက အရမ်းကြီးလွန်းတာကြောင့် သူတို့ ပြန်မတိုက်နိုင်ပါဘူး။ ဒါ့အပြင် လင်းရှုကလည်း ဒဏ်ရာရထားတာဆိုတော့ တကယ်လို့ တိုက်ပွဲသာ ဖြစ်ခဲ့ရင် သူတို့ဘက်က နိုင်ဖို့ အခွင့်အလမ်း လုံးဝ မရှိသလောက်ပါပဲ။
“အဲ့ဒီလူတွေကို ထားလိုက်ပါတော့၊ ငါတို့ ရှေ့ကိုပဲ ဆက်သွားကြရအောင်။” ရွှီဝမ်က ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့!”
ရှေ့ကနေ လျှောက်သွားရင်း လင်းရှုက မြေပြင်ကို ငုံ့ကြည့်လိုက်တဲ့အခါ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်း တချို့ကို တွေ့လိုက်ရပါတယ်။ တချို့က တော်တော်လေး ရင်းနှီးနေတာကြောင့် သူ သေသေချာချာ ကြည့်လိုက်တဲ့အခါ ဒါဟာ စက်ကိရိယာ တစ်မျိုးမျိုးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဒါက ဘာကြီးလဲ? ရင်းနှီးနေသလိုပဲ...
လင်းရှု အသည်းအသန် စဉ်းစားလိုက်တဲ့အခါ တစ်ခုခုကို သတိရသွားပုံရပါတယ်။ သူ့ရဲ့ သူငယ်အိမ်တွေ ကျုံ့သွားပြီး မျက်နှာမှာ အံ့သြတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
သူက အဲ့ဒီအစိတ်အပိုင်းကို ဂရုတစိုက် ကောက်ယူလိုက်ပြီး ဘယ်သူမှ မမြင်ခင်မှာပဲ လုံခြုံတဲ့ နေရာတစ်ခုမှာ ဝှက်ထားလိုက်ပါတယ်။
ကိုင်ကြည့်ရတာ တော်တော်လေး လေးနေသလို ကျန်တဲ့ အစိတ်အပိုင်းတွေ အကုန်လုံး ရှာတွေ့နိုင်မလားဆိုတာ မသေချာသေးတာကြောင့် အဲ့ဒီမှာပဲ အရင်ထားခဲ့လိုက်တာပါ။
ရွှီဝမ်နဲ့ တခြားသူတွေကတော့ ရှေ့မှာ ဘာရှိမလဲဆိုတာကိုပဲ အာရုံစိုက်နေကြပါတယ်။
အစပိုင်းမှာတော့ ဘာမိစ္ဆာမှ မတွေ့ရပေမဲ့ နောက်ဆုံးမှာတော့ ဒီနေရာမှာ တွေ့လိုက်ရပါပြီ။
“ဒါက ဘယ်လို ဇွန်ဘီမျိုးလဲ?” ရွှီဝမ်က မလှမ်းမကမ်းက နံရံတွေနဲ့ ခေါင်မိုးတွေပေါ်မှာ တွားသွားနေတဲ့ အဖြူရောင် ဇွန်ဘီတွေကို ကြည့်ပြီး ရွံရှာသလို ခံစားလိုက်ရပါတယ်။
အဲ့ဒီဇွန်ဘီတွေက တဖြည်းဖြည်းချင်း တွားသွားနေကြတာဖြစ်ပြီး အဝေးကကြည့်ရင် တီကောင်တွေနဲ့တောင် တူနေပါတယ်။
“အဆင့် ၂ ဇွန်ဘီ၊ တွားသွားကောင်တွေလေ။” လင်းရှုက ပစ္စည်းတွေကို သိမ်းပြီးတာနဲ့ သူတို့နား လျှောက်လာပြီး ပြောလိုက်ပါတယ်။
ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး (Analytic Eye) ရဲ့ အချက်အလက်တွေအရ ဒီဇွန်ဘီအမျိုးအစားက အရမ်းမြန်ပါတယ်။ ဒါပေမဲ့ အဝေးကကြည့်ရင်တော့ တီကောင်တွေလို ဖြည်းဖြည်းချင်း တွားသွားနေသလို ထင်ရတာပါ။
ဒီနေရာမှာ ဘာတွေ ဖြစ်နေတာပါလိမ့်?
“လင်းရှု... မင်းကတော့ တကယ့် လမ်းလျှောက်စွယ်စုံကျမ်းကြီးပဲ။ အကုန်လုံးကို သိနေတာပဲနော်။” လီယီက ချီးကျူးလိုက်ပါတယ်။
လမ်းတောက်လျှောက်မှာ လင်းရှုက တွေ့သမျှ အကုန်လုံးကို ခွဲခြားသိမြင်နေတာကြောင့် လီယီကတော့ သူ့ကို တကယ့်ကို အထင်ကြီးသွားပါပြီ။
“ငါ သွားရှင်းလိုက်ဦးမယ်။” စစ်သားတစ်ယောက်က ဇွန်ဘီတွေ ဖြည်းဖြည်းချင်း ရွေ့လျားနေတာကို မြင်တော့ မပြုံးဘဲ မနေနိုင်တော့ပါဘူး။ သူက ခုနက လူတွေကြောင့် ဖြစ်နေတဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် လက်နက်ကို ကိုင်ပြီး ရှေ့ကို ပြေးထွက်ဖို့ ပြင်လိုက်ပါတယ်။
“သတိထား! ဇွတ်မတိုးနဲ့ဦး!”