အခန်း ၄၈ - သန့်စင်သောနယ်မြေ အကယ်ဒမီ
“သန့်စင်သောနယ်မြေ ဟုတ်လား?” လင်းရှုရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရွှီဝမ်နဲ့ တခြားသူတွေဟာ အံ့ဩသွားကြပြီး ခဏလောက် စဉ်းစားနေကြပါတယ်။
“ငါတော့ အဲ့ဒီနာမည်ကို ကြားဖူးသလိုတောင် မရှိဘူး...” ခဏကြာတော့ အားလုံးနီးပါးက ခေါင်းခါပြလိုက်ကြပါတယ်။
လင်းရှု နည်းနည်းတော့ စိတ်ပျက်သွားမိတယ်။ အဲ့ဒီကောင်မလေးက သူ့ကို ဒီအတိုင်းပဲ လျှောက်ပြောသွားတာလား၊ တကယ်ရော အဲ့ဒီလိုနေရာမျိုး ရှိလို့လားဆိုပြီးတော့ပေါ့...
“နေပါဦး... ငါ ကြားဖူးသလိုပဲ။” လီယီကတော့ အလေးအနက် စဉ်းစားနေတုန်းပါပဲ။ အတန်ကြာမှ သူ တစ်ခုခုကို ရုတ်တရက် သတိရသွားပါတယ်။
“နာမည်ကြီး အကယ်ဒမီကြီး ငါးခုရဲ့ အထက်မှာ အသန်မာဆုံး အကယ်ဒမီတစ်ခု ရှိသေးတယ်... အဲ့ဒါက ‘သန့်စင်သောနယ်မြေ အကယ်ဒမီ (Sacred Region Academy)’ ပဲ!”
“သန့်စင်သောနယ်မြေ အကယ်ဒမီ?” လင်းရှု မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့ရဲ့ သိရှိထားမှုအရဆိုရင် အကယ်ဒမီကြီး ငါးခုကလွဲလို့ တခြား နာမည်ကျော် စစ်သည်တော် အကယ်ဒမီ မရှိဘူးလေ။
သူ ဒီအကယ်ဒမီအကြောင်း မကြားဖူးပေမဲ့ နာမည်ကတော့ တကယ့်ကို ခန့်ညားထည်ဝါလှပါတယ်။
“မင်းတို့ မကြားဖူးတာ မဆန်းပါဘူး။ ငါလည်း ငါ့ယောက်ဖဆီကနေ ကြားဖူးတာလေ” လို့ လီယီက ဂုဏ်ယူတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“သန့်စင်သောနယ်မြေ အကယ်ဒမီဆိုတာ အကယ်ဒမီကြီး ငါးခုလုံးရဲ့ အထက်မှာရှိတဲ့ စူပါစစ်သည်တော် အကယ်ဒမီပဲ။ အဲ့ဒီမှာရှိတဲ့ စစ်သည်တော်တိုင်းဟာ တခြားအကယ်ဒမီတွေကတောင် ပါရမီရှင်တွေလို့ အသိအမှတ်ပြုထားရတဲ့သူတွေချည်းပဲ!”
“ဒါက နည်းနည်းတော့ ပိုလွန်းမနေဘူးလား?” စစ်သားတစ်ယောက်ကတော့ လီယီ လျှောက်ကြွားနေတယ်လို့ ထင်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။
ရွှီဝမ်တောင်မှ ဒီအကယ်ဒမီအကြောင်း မကြားဖူးတာကြောင့် အနည်းငယ်တော့ သံသယရှိနေမိပါတယ်။
“ဘာမှမသိဘဲ မပြောနဲ့လေ။ အဲ့ဒီအကယ်ဒမီကို ဝင်ခွင့်လျှောက်ဖို့ဆိုရင် အထက်တန်းကျောင်းဆင်းတွေအတွက် အနိမ့်ဆုံးသတ်မှတ်ချက်က အဆင့် ၂ စစ်သည်တော်ဖြစ်နေဖို့လိုတယ်” လို့ လီယီက လက်နှစ်ချောင်းထောင်ပြီး ပြောလိုက်ပါတယ်။
သူကိုယ်တိုင်လည်း ဒါကို အသေးစိတ်မသိပေမဲ့ ဖက်ဒရယ်အစိုးရမှာ အရာရှိလုပ်နေတဲ့ သူ့ယောက်ဖ ပြောတာကို ကြားဖူးခဲ့တာပါ။ အစကတော့ သူ မေ့နေခဲ့ပေမဲ့ လင်းရှု မေးလိုက်တော့မှ ပြန်သတိရလာတာ ဖြစ်ပါတယ်။
“ဝင်ခွင့်ရဖို့တောင် အဆင့် ၂ ဖြစ်ရမယ် ဟုတ်လား?” ဒါကို ကြားလိုက်ရတဲ့ ကျန်တဲ့စစ်သားတွေဟာ အံ့ဩလွန်းလို့ အသက်ရှူမှားသွားကြပါတယ်။
သူတို့ဆိုရင် အခုအချိန်အထိတောင် အဆင့် ၁ ပဲ ရှိကြသေးတာလေ။ သူတို့ အထက်တန်းကျောင်းဆင်းခဲ့တာလည်း ကြာပြီဖြစ်သလို အခုဆို ဖက်ဒရယ်အစိုးရရဲ့ စစ်သားတွေတောင် ဖြစ်နေပြီဥစ္စာ။
လင်းရှုကတော့ မျက်ခုံးပင့်လိုက်မိပါတယ်။ အော်... အဲ့ဒီ ‘သန့်စင်သောနယ်မြေ’ ဆိုတာ တကယ်တော့ နေရာတစ်ခု မဟုတ်ဘဲ အဆင့်မြင့် အကယ်ဒမီတစ်ခုကို ပြောတာကိုး?
အဆင့် ၂ လား? နောက်ထပ် တစ်နှစ်လောက် အချိန်ရှိသေးတာပဲ၊ အဆင့် ၂ ကို ရောက်ဖို့ဆိုတာက အချိန်တစ်ခုပဲ ပေးရမှာပါ။
ဒါပေမဲ့ သူ့အရွယ်လောက်ပဲရှိတဲ့ အဲ့ဒီကောင်မလေးက အဆင့် ၃ ထက်တောင် ကျော်နေပြီဆိုတာကို တွေးမိတော့ လင်းရှု တော်တော်လေး စိတ်တိုသွားမိတယ်။
မဖြစ်ဘူး... ငါ နောက်ကျကျန်နေလို့ မရဘူး။ ငါသာ အဆင့်မြင့် စစ်သည်တော်တစ်ယောက် ဖြစ်လာပြီး သူ့ရှေ့မှာ မတ်တတ်ရပ်လိုက်တဲ့အခါ သူ့ရဲ့ အေးစက်စက် မျက်နှာပေး အံ့ဩသွားတာကို မြင်ချင်သေးတယ်လေ။
ဒီအတွေးနဲ့တင် လင်းရှုရဲ့ နှုတ်ခမ်းအစုံက အမှတ်မထင် ပြုံးယောင်သန်းသွားပါတယ်။
“လင်းရှု... မင်း အဲ့ဒီအကယ်ဒမီကို တက်ချင်နေတာတော့ မဟုတ်ပါဘူးနော်” လို့ လီယီက မေးလိုက်ပါတယ်။
“ဟုတ်တယ်လေ။” လင်းရှု ခေါင်းငြိမ့်ပြလိုက်ပါတယ်။
“ဟားဟားဟား!” လင်းရှုရဲ့ စကားကို ကြားတော့ ကျန်တဲ့စစ်သားတွေက ဝိုင်းရယ်ကြပါတော့တယ်။
သူတို့က လင်းရှုကို စစ်သည်တော်လောင်းလို့ပဲ ထင်နေကြတာကိုး။ အထက်တန်းကျောင်းသားတစ်ယောက်အတွက် အဆင့် ၁ စစ်သည်တော်ဖြစ်ဖို့တောင် မလွယ်လှတာလေ။
“ဘာတွေ ဝိုင်းရယ်နေကြတာလဲ? သူက အခုကတည်းက အဆင့် ၁ စစ်သည်တော် ဖြစ်နေပြီကွ” လို့ ရွှီဝမ်က စစ်သားတွေကို ကြည့်ပြီး ပြောလိုက်ပါတယ်။
“ဘာ!” ရွှီဝမ်ရဲ့ စကားကြောင့် စစ်သားတွေအားလုံး ဆွံ့အသွားကြပါတော့တယ်။
ဒီနေ့ လင်းရှု တိုက်ခိုက်ပုံက တကယ့်ကို ရဲရင့်တယ်ဆိုတာ သိထားကြပေမဲ့ သူက ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ တိုးဝင်ရဲတဲ့ သတ္တိရှိလို့ပဲလို့ ထင်နေခဲ့ကြတာပါ။
ဘာလို့လဲဆိုတော့ လင်းရှု ဒီကိုစရောက်တုန်းက အလွန်ဆုံးရှိလှ စစ်သည်တော်လောင်း အဆင့်ပဲ ရှိတာမဟုတ်လား?
“ငါ ပြောတာ မှန်တယ်မလား?” ရွှီဝမ်က လင်းရှုကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လို စိုက်ကြည့်ရင်း မေးလိုက်ပါတယ်။
ဒီနေ့ လင်းရှု ‘နက်ရှိုင်းသော စိတ်အာရုံ (Profound Intent)’ လို့ခေါ်တဲ့ စွမ်းရည်ကို သုံးလိုက်ကတည်းက ရွှီဝမ်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပါ။ လင်းရှုရဲ့ ခွန်အားက စစ်သည်တော်အဆင့်ကို ရောက်နေရုံတင်မကဘဲ အဆင့် ၁ မှာ ကြာကြာရှိနေတဲ့ ဒီစစ်သားတွေထက်တောင် ပိုပြီး သန်မာနေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိပါဘူး။
လင်းရှုက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှငြင်းမနေတော့ပါဘူး။
“ပြောပါဦး... မင်း ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ? ဘယ်နှစ်နှစ်ရှိပြီလဲ?” လီယီ့မျက်လုံးတွေ ပြူးထွက်သွားပါတယ်။ ဒီနေ့တစ်နေ့လုံး ဇွန်ဘီတွေကို သတ်ဖို့ပဲ အာရုံစိုက်နေရတာဆိုတော့ ဘယ်သူမှ သေသေချာချာ မစဉ်းစားမိခဲ့ကြဘူးလေ။ ဒီနေ့ လင်းရှု တိုက်ခိုက်ခဲ့ပုံတွေအရဆိုရင် သူဟာ စစ်သည်တော်လောင်းအဆင့်မှာပဲ ရှိနေတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလေ။
လီယီ့စကားကြောင့် ကျန်တဲ့စစ်သားတွေအားလုံးကလည်း လင်းရှုကို ဝိုင်းကြည့်လာကြပါတယ်။
“အဲ... ဆယ်တန်းကျောင်းသားပါ၊ အသက်က ၁၇ နှစ်ပါ။” လင်းရှုက ဘာမှအများကြီးမစဉ်းစားဘဲ တည့်တည့်ပဲ ပြန်ဖြေလိုက်ပါတယ်။
“ဘုရားရေ... သွားပြီးတော့သာ တိုဖူးနဲ့ ခေါင်းနဲ့ဆောင့်သေလိုက်ချင်တော့တာပဲ!” လင်းရှုရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ လီယီခမျာ ငိုချင်ရက် လက်တို့ ဖြစ်သွားပါတော့တယ်။
သူဆိုရင် အသက် ၂၀ ကျော်နေပြီ၊ အခုမှ အဆင့် ၁ စစ်သည်တော်ပဲ ရှိသေးတာ။ ဒီကောင်လေးက အသက် ၁၇ နှစ်နဲ့ အဆင့် ၁ စစ်သည်တော် ဖြစ်နေပြီ။ နောက်တစ်နှစ်ဆိုရင် သူ့ရဲ့ပါရမီနဲ့ အဆင့် ၂ တောင် ဖြစ်သွားနိုင်တာပေါ့။
“တကယ်ကို အံ့သြဖို့ကောင်းတာပဲ။” ရွှီဝမ်ကလည်း လင်းရှုကို လက်မထောင်ပြလိုက်ပါတယ်။ အခုဆိုရင် ဒီစစ်သားတွေဟာ လင်းရှုကို အထက်တန်းကျောင်းသားတစ်ယောက်လို မဆက်ဆံတော့ပါဘူး။ ဘယ်မှာ ဒီလောက်အထိ ထူးခြားဆန်းပြားလွန်းတဲ့ ကျောင်းသားမျိုးကို မြင်ဖူးလို့လဲ။
ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မှောင်မည်းသွားပါပြီ။ မီးပုံကထွက်တဲ့ အလင်းရောင်ကလွဲလို့ ကျန်တဲ့နေရာတွေက ပိန်းပိတ်အောင် မှောင်နေပါတယ်။
“ညဘက်တော့ အလှည့်ကျ ကင်းစောင့်ကြရအောင်။” ရွှီဝမ်က စဉ်းစားပြီး အကြံပြုလိုက်ပါတယ်။
လူ ၇ ယောက်ပဲ ကျန်တော့တာဆိုတော့ ညဦးပိုင်းမှာ လင်းရှု၊ ရွှီဝမ်နဲ့ လီယီတို့က ကင်းစောင့်ပြီး ညဉ့်နက်ပိုင်းမှာတော့ ကျန်တဲ့စစ်သား ၄ ယောက်က အလှည့်ကျ ကင်းစောင့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါမှလည်း မိစ္ဆာတွေ လာတိုက်ခိုက်ရင် ကြိုသိနိုင်မှာလေ။
စွန့်ပစ်ထားတဲ့ အိမ်တွေထဲမှာ သွားအိပ်ဖို့ဆိုတာကတော့ ဘယ်သူ့ခေါင်းထဲမှ မရှိပါဘူး။
အဲ့ဒီအိမ်တွေက စွန့်ပစ်ထားတာ ကြာပြီဆိုတော့ အထဲမှာ မျိုးပြောင်းအင်းဆက်တွေ ဒါမှမဟုတ် တခြားအကောင်တွေ ရှိနေမလားဆိုတာ မသိနိုင်ဘူးလေ။
ခုနက အဆောက်အဦးထဲမှာ ပင့်ကူကြီးတွေနဲ့ ပြည့်နေတာကို တွေ့ခဲ့ရတာက သူတို့ကို တော်တော်လေး ရွံရှာသွားစေတာကိုး။
အဲ့ဒီအချိန်မှာ စစ်သား ၄ ယောက်ကတော့ တခြားတစ်ဖက်က သစ်ပင်အောက်မှာ အိပ်ပျော်နေကြပါပြီ။ လင်းရှုကတော့ သူ့ရဲ့ လှံရှည်ကိုကိုင်ပြီး စတင်လေ့ကျင့်နေပါတယ်။
အခြေခံလှံသိုင်းပညာ (Fundamental Spear Arts) ပေါ့။
“ဒီအချိန်ထိ လေ့ကျင့်နေတုန်းပဲလား?” လီယီက သမ်းဝေရင်း မေးလိုက်ပါတယ်။
“အင်း... အိပ်လို့မပျော်တာနဲ့။” လင်းရှုက ခေါင်းညိတ်ပြပြီး ဆက်ပြီး လေ့ကျင့်နေပါတယ်။
ဒါက သာမန်လှံသိုင်းပညာပဲ ဖြစ်ပေမဲ့ လင်းရှု ကစားနေတဲ့ပုံစံက တကယ့်ကို အားပါပြီး အစွမ်းထက်လှပါတယ်။
ကာကွယ်မယ်၊ ဖမ်းယူမယ်၊ ထိုးနှက်မယ်။
လင်းရှုက လှံသိုင်းရဲ့ အခြေခံလှုပ်ရှားမှုတွေကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အလွယ်တကူ လုပ်ပြနေတာပါ။ လရောင်အောက်မှာ သူ လှံကို ဝှေ့ယမ်းလိုက်တိုင်း ငွေရောင်မသေမျိုးဝိညာဉ် (Silver Immortal Soul) လှံကနေ ငွေရောင်အလင်းတန်းတွေ ဖြာထွက်နေသလိုပါပဲ။
ရွှီဝမ်အတွက်တော့ တစ်ယောက်ယောက်က လှံနဲ့ ဒီလောက်အထိ လှလှပပ ကစားနေတာကို မြင်ဖူးတာ ဒါပထမဆုံးပါပဲ။
လင်းရှုက ဘာလို့ ဒီလောက်သန်မာပြီး တိုးတက်မှုမြန်ရသလဲဆိုတာ မဆန်းတော့ပါဘူး။ ညဘက် ကင်းစောင့်နေတဲ့ အချိန်မှာတောင် အချိန်ကို အလဟဿမဖြစ်စေဘဲ ဆက်ပြီး လေ့ကျင့်နေတာကိုး။
“ကဲ... ငါလည်း လေ့ကျင့်မယ်ကွာ!”
ရွှီဝမ်လည်း လင်းရှုရဲ့ စိတ်ဓာတ်ခွန်အားကြောင့် တက်ကြွလာပြီး သူ့လက်နက်ကိုထုတ်ကာ စတင်လေ့ကျင့်ပါတော့တယ်။
လီယီကတော့ မြေပြင်မှာထိုင်၊ လက်ကို မေးစေ့အောက်မှာ ခုထားပြီး သူတို့နှစ်ယောက်ကို ကြည့်နေပါတယ်။ သူ့မျက်ခွံတွေကတော့ စင်းကျနေပြီဖြစ်သလို ပါးစပ်ကလည်း တံတွေးတွေ ထွက်နေပါပြီ။ အိပ်ပျော်တော့မယ့် ပုံစံမျိုးပါပဲ။
“ဒီအချိန်ထိ လေ့ကျင့်နေတုန်းလား? တောက်... ခွန်အားမရှိရင်တော့ မင်း သေရမှာပဲ။” အမှောင်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာပြီး လင်းရှုကို အဝေးကနေ စိုက်ကြည့်နေပါတော့တယ်။