အခန်း ၄၆ - နောက်တစ်ဆင့်သို့ ထပ်တက်ခြင်း!
စွမ်းရည်ပေါင်းများစွာ တရစပ်ကျရောက်လာပြီးနောက် 'ဖီးနစ်အရှိန်အဝါ' ကြောင့် အပြင်းအထန် ဒဏ်ရာရထားတဲ့ ဆေဘာသွားခွေးဟာ သူ့ရဲ့ခန္ဓာကိုယ်အပူချိန် အလွန်အမင်း မြင့်တက်လာတာကို ခံစားလိုက်ရပါတယ်။
စွမ်းရည်အမျိုးမျိုးရဲ့ ဒဏ်ချက်တွေကြောင့် သူ့ရဲ့ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲထွက်သွားပါတော့တယ်။
“နောက်ဆုံးတော့... ငါတို့ သတ်နိုင်ခဲ့ပြီ။” လီယီက သက်ပြင်းအရှည်ကြီးချပြီး ကြမ်းပြင်ပေါ်ကို ပုံရက်သား လဲကျသွားပါတယ်။
တခြားစစ်သားတွေလည်း အတူတူပါပဲ၊ အားလုံး ပင်ပန်းနွမ်းနယ်စွာ လဲကျကုန်ကြပါတယ်။
မထွက်ခွာခင်တုန်းကတော့ ဒီရှင်းလင်းရေးစစ်ဆင်ရေးနယ်မြေမှာ အသန်မာဆုံး အမျိုးပြောင်းသားရဲဟာ အဆင့် ၃ ထက် မကျော်နိုင်ဘူးလို့ အသိပေးထားခဲ့တာပါ။ အဆင့် ၃ သားရဲတွေကလည်း အရမ်းရှားတယ်လို့ ဆိုခဲ့ပေမဲ့ ပထမဆုံးနေ့မှာတင် တစ်ကောင်နဲ့ တိုးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
လင်းရှုကတော့ အပေါ်ကိုကြည့်လိုက်ပြီး အလောင်းပုံကြားထဲမှာ တောက်ပနေတဲ့ ထူးဆန်းပုံဆောင်ခဲတစ်ခုကို တွေ့လိုက်ရပါတယ်။
“ဒါကို ဘာလုပ်ကြမလဲ?” လင်းရှုက သူ့ရဲ့လှံဖျားကိုသုံးပြီး ခရစ္စတယ်ကို ကောက်ယူလိုက်ပါတယ်။
အားလုံးစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဆိုတော့ တစ်ယောက်တည်း သိမ်းပိုက်ထားဖို့က မဖြစ်နိုင်ဘူးလေ။
“ငါတို့အားလုံးလည်း ခွန်အားတွေ ကုန်ခမ်းနေကြပြီဆိုတော့ ဒီပုံဆောင်ခဲကိုသုံးပြီး အရင်းအမြစ်စွမ်းအင်တွေ ပြန်ဖြည့်ကြရင် ဘယ်လိုလဲ? အားလုံးကော ဘယ်လိုသဘောရလဲ?” ရွှီဝမ်က လူတိုင်းကိုကြည့်ပြီး အကြံပြုလိုက်ပါတယ်။
စစ်သားတွေလည်း ခေါင်းညိတ်ပြီး သဘောတူကြပါတယ်။
ဒါကို ရောင်းစားဖို့ကလည်း အဓိပ္ပာယ်မရှိသလို၊ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မလားတောင် မသေချာတဲ့အခြေအနေမှာ ခွန်အားပြန်ဖြည့်ဖို့နဲ့ လေ့ကျင့်ဖို့အတွက် သုံးလိုက်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ။
တစ်ယောက်ပြီးတစ်ယောက် ခရစ္စတယ်ကို ကိုင်ပြီး အရင်းအမြစ်စွမ်းအင်အချို့ကို စုပ်ယူကြပါတယ်။
မကြာခင်မှာပဲ လင်းရှုရဲ့အလှည့် ရောက်လာပါတယ်။
သူက ခရစ္စတယ်ကို လက်ဖဝါးထဲထည့်၊ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ခန်းစွမ်းရည်ကို အသက်သွင်းလိုက်ပါတယ်။
အရင်းအမြစ်စွမ်းအင် အမြောက်အမြားကို လင်းရှုက စုပ်ယူလိုက်တာကြောင့် ခရစ္စတယ်ဟာ တဖြည်းဖြည်း သေးငယ်သွားတာကို သူ ခံစားနေရပါတယ်။
နောက်ဆုံးစစ်သည်တော်က ကျန်ရှိနေတဲ့ စွမ်းအင်တွေကို စုပ်ယူလိုက်တဲ့အခါမှာတော့ ခရစ္စတယ်ဟာ လုံးဝ ပျောက်ကွယ်သွားပါတော့တယ်။
အဆင့် ၃ ဆေဘာသွားခွေးကို သတ်ပြီး မကြာခင်မှာပဲ နောက်ဘက်ကနေ ဇွန်ဘီတွေ ပိုပိုပြီး ပေါ်လာပါတယ်။
“တောက်! ဒီကောင်တွေ ပြန်လာပြန်ပြီ!” လီယီက ကြမ်းပြင်ပေါ်မှာ လှဲနားနေရင်း ဇွန်ဘီရိပ်တွေကို မြင်လိုက်ရတာကြောင့် ထိတ်လန့်တကြားနဲ့ ချက်ချင်း ထရပ်လိုက်ပါတယ်။
ဇွန်ဘီတွေဟာ လီယီနဲ့ တခြားစစ်သားတွေရဲ့ စိတ်ထဲမှာ အကြောက်တရားအချို့ကို စွဲကျန်ရစ်စေခဲ့တာပါ။ သူတို့ သေနတ်တွေကို ထုတ်ပြီး စတင်ပစ်ခတ်ကြပါတယ်။
အကွာအဝေးက အရမ်းဝေးနေတာကြောင့် လေဆာတန်းတွေက ဇွန်ဘီတွေရဲ့ ခေါင်းကို မဖောက်နိုင်ဘဲ ကိုယ်ထဲကိုပဲ စိုက်ဝင်သွားတာကြောင့် ဇွန်ဘီတွေကို ပိုပြီးတောင် ရူးသွပ်သွားစေပါတယ်။
သူတို့တွေဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေသလိုမျိုး လင်းရှုတို့ဆီကို အတင်းအဓမ္မ ပြေးဝင်လာကြပါတယ်။
အဆင့် ၂ ဇွန်ဘီတွေ... အဆင့် ၂ ဇွန်ဘီတွေ အများကြီးပါပဲ!
“တောက်! ဘာလို့ ဒီမိစ္ဆာတွေက ဒီလောက်တောင် များနေရတာလဲ?” လီယီက သူ့ရဲ့ တိုက်ခိုက်ရေးလက်နက်တွေကို ထုတ်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ပုံရိပ်တစ်ခုက သူ့ဘေးနားကနေ လျှပ်ခနဲ ဖြတ်ကျော်သွားပါတယ်။
စစ်သားတွေအတွက် ကြောက်စရာကောင်းလှတဲ့ ဇွန်ဘီတွေဟာ လင်းရှုရဲ့ မျက်လုံးထဲမှာတော့ အတွေ့အကြုံမှတ် (Experience Points) အပုံလိုက်ကြီးတွေပါပဲ။
သူက ညာလက်နဲ့ လှံကို ကိုင်ထားပါတယ်။ အနီးနားက ဇွန်ဘီတွေကို ရှင်းလင်းပြီးတဲ့အခါမှာတော့ လှံကို ဘယ်လက်နဲ့ပါ ပြောင်းကိုင်ပြီး ရှေ့ကို အားကုန်ထိုးနှက်လိုက်ပါတယ်။
လင်းရှုက 'နှင်းဆီမုန်တိုင်း' ကို အသုံးပြုလိုက်တဲ့အခါ အဆင့် ၂ ဇွန်ဘီ သုံးကောင်ဟာ ခဏချင်းအတွင်းမှာပဲ အသတ်ခံလိုက်ရပါတယ်။
“ဒီကောင်လေးကတော့ သူ့အသက်ကိုတောင် ဂရုမစိုက်တော့ဘူးပဲ...” လင်းရှုက ရှေ့ဆုံးကနေ ပြေးထွက်သွားတာကို မြင်တော့ ရွှီဝမ်တစ်ယောက် စိတ်ထဲကနေ ရေရွတ်လိုက်မိပါတယ်။
သူဟာ လင်းရှုကို ကြည့်ပြီး ပိုပိုပြီးတော့ အံ့သြနေမိပါတယ်။ လှံကို ကိုင်တွယ်အသုံးပြုတဲ့သူကို သူ တစ်ခါမှ မမြင်ဖူးခဲ့သလို၊ လှံဆိုတာ အသုံးပြုရခက်ရုံတင်မကဘဲ လေ့ကျင့်ဖို့လည်း အရမ်းခက်ခဲတယ်လို့ သူ အမြဲ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ လင်းရှုကတော့ လှံကို အင်မတန် လွယ်ကူချောမွေ့စွာ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ သူဟာ ဒီလှံပညာကို ဆယ်စုနှစ်နဲ့ချီပြီး လေ့ကျင့်လာခဲ့တာများလား?
တကယ်တော့ ရွှီဝမ် မသိတာတစ်ခုက လင်းရှုဟာ "ညာဏ်အလင်းပွင့်ကတ်"(T/N - အရှိန်အဟုန်ဖြင့် တိုးတက်ခြင်း နားလည်သဘောပေါက်မှုကတ် လို့အရင်ကရေးခဲ့လို့ ဖတ်ရမကောင်းလို့ပြန်ပြင်ပါတယ်) ကို ရရှိခဲ့တုန်းက လှံရဲ့ အခြေခံသဘောတရားတွေကို အသက်နဲ့ရင်းပြီး လေ့ကျင့်ခဲ့တာကြောင့် အခုလို ကျွမ်းကျင်ပိုင်နိုင်တဲ့ အသွင် ဖြစ်နေရတာပါ။
လင်းရှု အားသွန်ခွန်စိုက် တိုက်ခိုက်နေတာကို မြင်တော့ ကျန်တဲ့သူတွေလည်း စိတ်ဓာတ်တွေ တက်ကြွလာကြပါတယ်။ ဇွန်ဘီတွေ ရှေ့ဆက်မတိုးနိုင်အောင် သူတို့တွေ ဝိုင်းဝန်းတားဆီးကြပြီး လင်းရှုနဲ့အတူ ရှေ့ကို တက်လှမ်းကာ ဇွန်ဘီတွေကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ကြပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဇွန်ဘီဆိုတာ ဇွန်ဘီပါပဲ။ အသိဉာဏ်မရှိတဲ့အတွက် သူတို့ကို သတ်ရတာ သိပ်မခက်လှပါဘူး။
လင်းရှုကတော့ တကယ့်ကို ရူးသွပ်မတတ် သတ်ဖြတ်နေပြီး သူ့ဦးနှောက်ထဲမှာလည်း အတွေ့အကြုံမှတ် ရရှိတဲ့ အသံတွေက အဆက်မပြတ် မြည်ဟီးနေပါတယ်။ အဲ့ဒီအချိန်မှာပဲ လင်းရှုက "ဒင်!" ဆိုတဲ့ အသံလေးကို ကြားလိုက်ရပါတယ်။
"ဂုဏ်ယူပါတယ် ပိုင်ရှင်... အဆင့် ၁၃ ကို တက်လှမ်းနိုင်ခဲ့ပါပြီ!"
'အဆင့် ၁၃ တောင် ရောက်သွားပြီလား?!'
ဒီလောက်မြန်တဲ့ အရှိန်က လင်းရှုကိုတောင် အံ့သြသွားစေပါတယ်။ အဆင့်မြင့်လာလေလေ၊ အဆင့်တက်ဖို့ ခက်ခဲလေလေဆိုတာ သူ သိတာပေါ့။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်တော့ ဒီလောက်များပြားတဲ့ ဇွန်ဘီတွေဆီကရတဲ့ အတွေ့အကြုံမှတ်တွေအရဆိုရင် ဒါဟာ ဖြစ်သင့်တဲ့ အခြေအနေပါပဲ။
'နောက်ထပ် ၂ ဆင့်ပဲ လိုတော့တယ်။ ငါ နောက်ထပ် ၂ ဆင့်တက်ပြီးတာနဲ့ "မျိုးရိုးဗီဇသော့ (Gene Lock)" ကို ဖွင့်နိုင်တော့မယ်။ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ စွမ်းရည်တွေက သိသိသာသာ ထပ်ပြီး တိုးတက်လာမှာ အသေအချာပဲ!'
ဒီအတွေးနဲ့တင် လင်းရှု ပိုပြီး စိတ်လှုပ်ရှားလာပါတယ်။ သူဟာ သူ့ရဲ့ အချက်အလက်ဇယား (Stats Board) ကို ချက်ချင်း ဖွင့်ကြည့်လိုက်ပါတယ် -
ပိုင်ရှင်: လင်းရှု
အဆင့်: ၁၃
အတွေ့အကြုံမှတ်:၁၀၀၅ (နောက်တစ်ဆင့်တက်ရန် ၈၉၉၈၅၅ မှတ် လိုအပ်သည်)
ခွန်အား: ၁၁၁
ကြံ့ခိုင်မှု: ၇၀
အမြန်နှုန်း: ၃၂
(မှတ်ချက် - သာမန်လူတစ်ယောက်၏ ပျမ်းမျှအမှတ်မှာ ၃၈ ဖြစ်သည်)
စွမ်းရည်: ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး၊ ဒေါသအမျက် (Fury)
ဒေါသအရှိန်: ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား: ၈၀၀
အပိုမှတ်: ၁၃
လင်းရှုဟာ အချိန်ဆွဲမနေတော့ဘဲ သူ့ရဲ့ အပိုမှတ် ၁၃ မှတ်လုံးကို ခွန်အားထဲ ထည့်လိုက်တာကြောင့် ခွန်အားက ၁၂၄ အထိ တက်သွားပါတယ်။ သူ့ရဲ့ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအားကလည်း ၈၀၀ ကနေ ၈၃၉ အထိ ခုန်တက်သွားပါတော့တယ်။
အမှတ်တွေ ပေါင်းထည့်ပြီးတဲ့နောက် လင်းရှုဟာ လက်ထဲက လှံကို ပိုပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး တိုက်ခိုက်ရတာကလည်း သူ့အတွက် အများကြီး ပိုလွယ်ကူလာပါတယ်။
'အရမ်းကောင်းတယ်... ဒီအတိုင်းဆိုရင် ဇွန်ဘီတွေကို တစ်အုပ်လုံး တစ်ခါတည်းနဲ့ အပြတ်ရှင်းပစ်မယ်!'
သူဟာ လှံကို ဝှေ့ယမ်းလိုက်ပြီး "နှင်းဆီမုန်တိုင်း" ကို ထုတ်ဖော်လိုက်ပါတယ်။
ဒီစွမ်းရည်ကို ဆက်တိုက် သုံးနေရင်းနဲ့ လင်းရှုဟာ မူလက တစ်စက္ကန့်မှာ သုံးချက်ပဲ ထိုးနိုင်ရာကနေ အခုတော့ တစ်စက္ကန့်မှာ လေးချက်အထိ တည်တည်ငြိမ်ငြိမ် ထိုးနိုင်လာပြီဆိုတာ ခံစားလိုက်ရပါတယ်။
တစ်ခါတလေမှာဆိုရင် တစ်စက္ကန့်ကို ငါးချက်တောင် ထိုးနိုင်နေပါပြီ။
ဒါပေမဲ့ ဒီလို တိုးတက်လာတာကိုတောင် လင်းရှုက အားမရသေးပါဘူး။ သူဟာ ဇွန်ဘီအုပ်ကြီးထဲကို တန်းပြီး တိုးဝင်သွားပါတော့တယ်။
“မင်း ဘာလုပ်တာလဲ!” လီယီက မျက်လုံးပြူးသွားပြီး လင်းရှုကို နောက်ကနေ ဆွဲဖို့ လက်လှမ်းလိုက်ပါတယ်။
ဒါပေမဲ့ လင်းရှုက အရမ်းမြန်လွန်းပါတယ်။ လီယီ လက်လှမ်းလိုက်တဲ့ အချိန်မှာတင် လင်းရှုက ဇွန်ဘီအုပ်ကြီးထဲကို ရောက်နှင့်နေပါပြီ။
"နှင်းဆီမုန်တိုင်း" ကို ပိုပြီး သုံးလေလေ၊ လင်းရှုရဲ့ လှံဟာ ရံဖန်ရံခါ အလင်းတန်းတွေ ထွက်ပေါ်နေတဲ့ နဂါးတစ်ကောင်လို ဖြစ်လာပြီး ပတ်ဝန်းကျင်က ဇွန်ဘီတွေရဲ့ ခေါင်းမှာလည်း အပေါက်တွေ ဗလပွနဲ့ ဖြစ်ကုန်ပါတယ်။
“တကယ် သန်မာတာပဲ...” ကျန်တဲ့ စစ်သားတွေလည်း ကြောင်အသွားကြပြီး အံ့သြတကြီးနဲ့ ရင်သပ်ရှုမော ဖြစ်နေကြပါတော့တယ်။
ဒီဇွန်ဘီတွေက အဆင့် ၁ တွေ မဟုတ်ဘူးနော်၊ အဆင့် ၂ ဇွန်ဘီတွေပါ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သာမန် အဆင့် ၁ စစ်သည်တော်တွေနဲ့ ရင်ပေါင်တန်းနိုင်တာလေ!
ဒါကိုတောင် လင်းရှုက မျက်စိတစ်မှိတ်အတွင်းမှာ ဇွန်ဘီ ၃ ကောင်ကို အပြတ်ရှင်းနိုင်နေတာ ဖြစ်ပါတယ်။