အခန်း ၄၅ - ဝိုင်းရံခံရခြင်း
ဓားချက်က သွေးအနည်းငယ် ထွက်စေခဲ့ပြီး ထိုလူရဲ့ မျက်နှာပေါ်ကို စင်သွားပါတယ်။
ဒါပေမဲ့ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ အချက်ကတော့ ဓားဟာ ဆေဘာသွားခွေးရဲ့ လည်ပင်းမှာ တစ်ဆို့နေပြီး ပြတ်မသွားခဲ့တာပါပဲ! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!
သူ မယုံကြည်နိုင် ဖြစ်နေတုန်းမှာပဲ ဆေဘာသွားခွေးက အခွင့်အရေးကို အရယူပြီး သူ့ရဲ့ မေးရိုးကြီးတွေကို ဟကာ အတင်းကိုက်ချလိုက်ပါတော့တယ်။
“သတိထား!!!” ရွှီဝမ် ရှေ့ကို ပြေးထွက်သွားပေမဲ့ ဆေဘာသွားခွေးက သူ့ထက် ပိုမြန်နေပါတယ်။
ကိုက်ချက်က ထိုလူရဲ့ လည်ပင်းကို ဖောက်ထွက်သွားပြီး သွေးကြောမကြီးကို ပြတ်တောက်သွားစေပါတယ်။ ဒါကြောင့် သွေးတွေ အမြောက်အမြား ပန်းထွက်လာပါတော့တယ်။
ထိုလူဟာ ခဏလောက် ရုန်းကန်ပြီးနောက်မှာတော့ နောက်ဆုံး ထွက်သက် ချုပ်ငြိမ်းသွားခဲ့ရပါတယ်။
စစ်သည်တော်တစ်ယောက်ဟာ ဒီလိုပဲ အသက်ပျောက်သွားခဲ့ရပြီလေ!
ရွှီဝမ်က ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူ့ရဲ့ သူငယ်အိမ်တွေ ကျုံ့သွားပြီး ညာလက်ထဲက ဓားနဲ့ ဆေဘာသွားခွေးရဲ့ ကိုယ်ကို အားကုန် ခုတ်ချလိုက်ပါတယ်။
ဒေါင်!
ထိုခဏမှာပဲ ဆေဘာသွားခွေးရဲ့ ညာဘက်ခြေသည်းတွေက ရွှီဝမ်ရဲ့ ဓားကို ခုခံလိုက်တာကြောင့် သတ္တုချင်း ထိခိုက်မိတဲ့ စူးရှတဲ့ အသံကြီး ထွက်ပေါ်လာပါတယ်။
တကယ့်ကို ထက်မြက်လှတာပဲ!
“ဝေါင်း!!!”
ဆေဘာသွားခွေးက ဟိန်းဟောက်လိုက်တာကြောင့် သူတို့ရဲ့ စိတ်တွေပါ တုန်လှုပ်သွားရပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့(ဆေဘာသွားခွေး) လည်ပင်းမှာ စိုက်နေတဲ့ ဓားဟာလည်း လွင့်ထွက်သွားပါတယ်။
ဒဏ်ရာက သွေးထွက်တာ ချက်ချင်း ရပ်သွားပါတယ်။
သူ့ခြေထောက်အောက်က စစ်သည်တော်ရဲ့ ခေါင်းကိုတော့ နင်းခြေလိုက်တာကြောင့် အသားစတွေ ဖြစ်သွားပါတော့တယ်။
အဲ့ဒီအကောင်က မရပ်တန့်ဘဲ ရွှီဝမ်ဆီကို တန်းပြီး ခုန်အုပ်လိုက်ပြန်ပါတယ်။
လင်းရှု ရှေ့ကို ပြေးဝင်သွားပြီး သူ့လှံနဲ့ အားကုန် ထိုးနှက်လိုက်ပါတယ်။ လှံချက်က အရမ်းမြန်တာကြောင့် အဲ့ဒီအကောင်ကို ချက်ချင်း ထိမှန်သွားပါတယ်။
ဒါပေမဲ့ အဲ့ဒီအကောင်က သူ့ကိုယ်ကို ရုတ်တရက် ဝေ့ယမ်းလိုက်ပြီး လှံကို ရှောင်လိုက်နိုင်တယ်!
ဘာ!
ဘယ်လိုလုပ် ဒီလောက်တောင် မြန်နိုင်ရတာလဲ!
လင်းရှု ထိတ်လန့်သွားပေမဲ့ အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး နောက်ကို ဆုတ်လိုက်ပါတယ်။
နောက်က စစ်သားတွေက ရှေ့ကို ပြေးထွက်လာပြီး ဆေဘာသွားခွေးရဲ့ ကိုယ်ပေါ်ကို လေဆာတန်းတွေ တရစပ် ပစ်ခတ်ပါတော့တယ်။
“အလကားပဲ!” ရွှီဝမ်က သူတို့လုပ်ရပ်ကို မြင်တော့ ဆေဘာသွားခွေးရဲ့ တိုက်ခိုက်မှုကို ရှောင်ရင်းနဲ့ လှမ်းအော်ပြောလိုက်ပါတယ်။
ရှူး... ရှူး... ရှူး လေဆာသံတွေ ဆက်တိုက် ထွက်ပေါ်လာပြီး ဆေဘာသွားခွေးကို ထိမှန်ပါတယ်။
ဒါပေမဲ့ ဇွန်ဘီတွေတုန်းကလို ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားတာမျိုး မဖြစ်ဘဲ အရေပြားပေါ်မှာ အစင်းရာလေးတွေပဲ ထင်ကျန်ရစ်ပါတယ်။
“တကယ့်ကို အဆင့် ၃ မျိုးပြောင်းသားရဲပဲ...”
စစ်သားအချို့က သေနတ်တွေ အလုပ်မဖြစ်တာကို မြင်တော့ သွားကြိတ်ပြီး သေနတ်တွေကို အိတ်ထဲ ပြန်ထည့်လိုက်ကြပါတယ်။
အဆင့် ၃ နဲ့ အထက်ရှိတဲ့ မျိုးပြောင်းသားရဲတွေရဲ့ အရေပြားက လေဆာတန်းတွေ မဖောက်နိုင်အောင် မာကျောလှပါတယ်။
တခြား ရွေးချယ်စရာ မရှိတော့တာကြောင့် သူတို့ရဲ့ ထူးခြားတဲ့ သတ္တုလက်နက်တွေကို ထုတ်ပြီး ဆေဘာသွားခွေးဆီကို ပြေးဝင် တိုက်ခိုက်ကြပါတော့တယ်။
“ဆွဲဖြဲပိုင်းဖြတ်ခြင်း (Rending Slash)!” ရွှီဝမ်က အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်လုံးကို သုံးကာ လေထဲမှာ ခုတ်ပိုင်းလိုက်ပါတယ်။
ထိုခုတ်ချက်ကြောင့် ထွက်ပေါ်လာတဲ့ လေဓားသွားဟာ ဆေဘာသွားခွေးရဲ့ ရှေ့ခြေထောက်ကို ထိမှန်သွားပြီး အရိုးတောင် မြင်ရလောက်အောင် နက်ရှိုင်းတဲ့ ဒဏ်ရာကြီး ဖြစ်သွားစေပါတယ်။
လင်းရှု နှာခေါင်းရှုံ့လိုက်ပြီး သူ အခုလေးတင် သင်ယူထားတဲ့ စွမ်းရည်ကို ထုတ်ဖော်လိုက်ပါတော့တယ် - “နှင်းဆီမုန်တိုင်း!”
တကယ့် 'နှင်းဆီမုန်တိုင်း' အစစ်အမှန်နဲ့ ယှဉ်ရင် အဝေးကြီး လိုသေးပေမဲ့လည်း လင်းရှုဟာ တစ်စက္ကန့်အတွင်းမှာ သုံးချက်တိတိ ထိုးနှက်နိုင်ခဲ့ပါတယ်။ 'ဖီးနစ်အရှိန်အဝါ' နဲ့ မတူတာက 'နှင်းဆီမုန်တိုင်း' ဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ လျှင်မြန်တဲ့ ထိုးချက်တွေအပေါ်မှာပဲ အခြေခံတာပါ။ အရင်းအမြစ်စွမ်းအင်ကို အသုံးနည်းတာကြောင့် ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်စေပါဘူး။ 'ဖီးနစ်အရှိန်အဝါ' ကတော့ အရင်းအမြစ်စွမ်းအင် မပါရင် အစွမ်းမထက်သလို အားစိုက်ထုတ်မှုလည်း အများကြီး လိုအပ်တာကိုး။
ဗုန်း! ဗုန်း! ဗုန်း!
အေးစက်တဲ့ အရှိန်အဝါတွေ ဝင်းခနဲ ဖြစ်သွားပြီး လင်းရှုရဲ့ ထိုးချက် သုံးချက် ထွက်ပေါ်လာပါတယ်။ တစ်ချက်က လွဲချော်သွားပေမဲ့ ကျန်တဲ့ နှစ်ချက်ကတော့ ဆေဘာသွားခွေးရဲ့ မျက်လုံးနဲ့ နားထဲကို စိုက်ဝင်သွားပါတော့တယ်။
မျက်လုံးက ပေါက်ကွဲသွားပြီး နားကလည်း ချက်ချင်း ထိုးဖောက်ခံလိုက်ရပါတယ်။ အလွန်အမင်း နာကျင်သွားတာကြောင့် အဲ့ဒီအကောင်ဟာ ပိုပြီးတော့ သောင်းကျန်းလာပါတော့တယ်။
သူ့ရဲ့ ပါးစပ်ကြီးကို ဟလိုက်တဲ့အခါ အလွန်ရှည်ပြီး ထက်မြက်တဲ့ ဆင်စွယ်လို အစွယ်ကြီး နှစ်ချောင်း ပေါ်လာပါတယ်။
သူက လင်းရှုကို တိုက်ခိုက်ဖို့ ပြင်ပေမဲ့ ရွှီဝမ်က တခြားတစ်ဖက်ကနေ ရန်စလိုက်ပါတယ်။ ရွှီဝမ်ကို ပြန်တိုက်ဖို့ လုပ်ပြန်တော့လည်း လင်းရှုက နောက်ထပ် တစ်ချက် ထပ်တိုက်လိုက်ပြန်ပါတယ်။
ဒီအတောအတွင်းမှာပဲ တခြားစစ်သားတွေလည်း ရှေ့ကို တိုးဝင်လာကြပါတယ်။ ဒါဟာ အဆင့် ၃ မျိုးပြောင်းသားရဲ ဖြစ်ပေမဲ့လည်း စစ်သည်တော် အများအပြားရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရတာပါ။
“ဝေါင်း!!!”
စစ်သည်တော်တွေရဲ့ တရစပ် တိုက်ခိုက်မှုတွေကြောင့် ဆေဘာသွားခွေးရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေ အမြန်ပေါ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ သူက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ ကိုယ်အပေါ်ပိုင်းကို ကြွကာ ခြေနှစ်ချောင်းတည်းနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
“မကောင်းတော့ဘူး၊ သူ သူ့ရဲ့ အထူးစွမ်းရည်ကို သုံးတော့မယ်!” ဒါကို မြင်လိုက်ရတဲ့ လင်းရှုရဲ့ သူငယ်အိမ်တွေ ကျုံ့သွားပါတယ်။ အဆင့် ၃ နဲ့ အထက်ရှိတဲ့ မျိုးပြောင်းသားရဲတွေဟာ အထူးစွမ်းရည်တွေကို သုံးနိုင်ကြပါတယ်။ ဆေဘာသွားခွေးမှာလည်း ကိုယ်ပိုင်စွမ်းရည် ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အဲ့ဒါက ဘာစွမ်းရည်လဲဆိုတာ သူတို့ မသိကြပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ထုတ်သုံးတယ်ဆိုကတည်းက အန္တရာယ်ရှိမှာ သေချာပါတယ်။
လင်းရှုရဲ့ သတိပေးသံကို ကြားတာနဲ့ စစ်သားတွေ နောက်ကို အမြန်ဆုတ်လိုက်ကြပါတယ်။
ဆေဘာသွားခွေးရဲ့ မျက်လုံးတွေက သွေးလိုနီရဲလာပြီး လင်းရှုဆီကို တန်းပြီး ခုန်အုပ်လိုက်ပါတော့တယ်။
သူ အရင်ကထက် ပိုမြန်လာပြီ!
ဒါပေမဲ့ လင်းရှုက ကြိုတင်ပြင်ဆင်ထားတာကြောင့် ဘေးကို အမြန်ရှောင်လိုက်နိုင်ပါတယ်။
ဗုန်း!!!
သူ့ရဲ့ ရှေ့ခြေသည်းနဲ့ မြေပြင်ကို ရိုက်ချလိုက်တာကြောင့် မြေကြီးတွေ အက်ကွဲသွားပြီး ဖုန်မှုန့်တွေ ထတက်လာပါတယ်။
သူဟာ အရင်ကထက် အများကြီး ပိုသန်မာလာတာပါ။ ဒါဟာ ဆေဘာသွားခွေး အန္တရာယ်ကြုံတဲ့အခါ ထုတ်သုံးတဲ့၊ သူ့ရဲ့ မူလခွန်အားထက် ၁၅၀ ရာခိုင်နှုန်း ပိုထွက်လာစေတဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။
လင်းရှုကိုပဲ သူ့ရဲ့ အဓိက ရန်သူလို့ သတ်မှတ်လိုက်သလိုမျိုး သူ့ကိုပဲ တိုက်ခိုက်နေပါတော့တယ်။ မကြာခင်မှာပဲ လင်းရှုရဲ့ ကိုယ်ပေါ်မှာ ရှည်လျားတဲ့ ကုတ်ရာ ဒဏ်ရာကြီးတစ်ခု ရသွားပါတယ်။
ပြင်းထန်တဲ့ နာကျင်မှုကြောင့် လင်းရှု မျက်မှောင်ကြုတ်သွားပါတယ်။
'ငါ တကယ်ပဲ အနာတရ ဖြစ်သွားတာလား?! တောက်!'
အကြိမ်အနည်းငယ် လိမ့်ရှောင်ပြီး ရန်သူ့လက်ကနေ လွတ်အောင်လုပ်ပြီးနောက် လင်းရှု ပြန်မတ်တတ်ရပ်လိုက်ပါတယ်။
သူ့မှာ အဲ့ဒီကွက်ကို သုံးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
“ဖီးနစ်အရှိန်အဝါ!!!” အဲ့ဒီအကောင်က သူ့ဆီကို ခုန်အုပ်ဖို့ ပြင်လိုက်စဉ်မှာပဲ လင်းရှုက လှံကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားပါးတရ ဟိန်းဟောက်လိုက်ပါတယ်။
ဒီကွက်က လူကို အရမ်းပင်ပန်းစေတာကြောင့် သူ မသုံးချင်ခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ မတတ်နိုင်တော့ဘူးလေ!
ကြီးမားတဲ့ မီးတောက်ငှက်ကြီးတစ်ကောင် သူ့ရဲ့ လှံဖျားကနေ ပေါက်ကွဲထွက်လာပါတယ်။
မီးတောက်ငှက်က ဆေဘာသွားခွေးဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားပါတယ်။ ထိပ်တိုက်တွေ့လိုက်တဲ့ ခဏမှာပဲ မီးတောက်ငှက်ဟာ မီးတောက်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရစ်ပတ်မွှေနှောက်ပါတော့တယ်။
ဆေဘာသွားခွေးရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေ အများကြီး ရှိနေတာကြောင့် မီးတောက်တွေက သူ့ရဲ့ အမွှေးတွေကို ချက်ချင်း လောင်ကျွမ်းစေပြီး ဒဏ်ရာဟောင်းတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကိုပါ စိမ့်ဝင်လောင်ကျွမ်းသွားပါတယ်။
“ဝေါင်း!!!” ပြင်းပြင်းထန်ထန် နာကျင်သွားတာကြောင့် ဆေဘာသွားခွေးဟာ အကျယ်ကြီး အော်ဟစ်နေပါတော့တယ်။
“အခွင့်အရေးပဲ!” ရွှီဝမ်က ချက်ချင်းဆိုသလို 'ဆွဲဖြဲပိုင်းဖြတ်ခြင်း (Rending Slashes)' တွေကို အဆက်မပြတ် ထုတ်ဖော်လိုက်ပါတယ်။
“အသူရာ ပိုင်းဖြတ်ချက် (Asura Slash)!”
“အရိပ် တိုက်ခိုက်မှု (Shadow Strike)!”
“...”
ကျန်တဲ့ စစ်သည်တော်တွေလည်း အခွင့်အရေးကို အမိအရဖမ်းပြီး သူတို့ရဲ့ စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်ကြပါတော့တယ်။