အခန်း (၄) - နောက်ဆို ငါ့ကို အသုံးမကျတဲ့ကောင်လို့ ခေါ်လို့မရတော့ဘူး!
“ရွှီကျွင်း... ဖြည်းဖြည်းပဲ လုပ်ပါနော်” ဆရာလော့လီတစ်ယောက် ခေါင်းခဲနေပါတယ်။ လင်းရှု ဒီလောက်အထိ စိတ်လိုက်မာန်ပါ လုပ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေမဲ့ တခြားရွေးချယ်စရာမရှိတာကြောင့် ရွှီကျွင်းကိုပဲ သတိပေးလိုက်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့ရဲ့ကျောင်းသားတွေဖြစ်နေတာကြောင့် တစ်ခုခုဖြစ်သွားရင် အတန်းပိုင်ဆရာဖြစ်တဲ့သူပဲ တာဝန်ယူရမှာလေ။
“ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော် လင်းရှုကို သေသေချာချာ သင်ပြပေးပါ့မယ်” ရွှီကျွင်းက ခေါင်းညိတ်ပြရင်း ပြုံးစိစိနဲ့ လှောင်ပြောင်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ သူ စတင်တိုက်ခိုက်ပါတော့တယ်။
ရွှီကျွင်းက အဆင့်နိမ့် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိသူပါ။ သူက လင်းရှုဆီကို တန်းပြေးသွားပြီး သူ့ရဲ့ လက်သီးကို မြှောက်ကာ လင်းရှုရဲ့ ခန္ဓာကိုယ်ပေါ်ကို ဝုန်းခနဲ ထိုးချလိုက်ပါတယ်။
“ဘုန်း!” လင်းရှုက လက်နှစ်ဖက်နဲ့ ကာလိုက်ပြီး ချက်ချင်းတုံ့ပြန်လိုက်ပေမဲ့ အဲဒီတိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရပါတယ်။
ခုနက သူသုံးခဲ့တဲ့ အားဖြည့်ဆေးရည်က သူ့ခန္ဓာကိုယ်ထဲက အတွင်းကြေဒဏ်ရာအားလုံးကို ကုသပေးထားတာပါ။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၃၃ မှတ်ကနေ ၃၅ မှတ်အထိ တိုးလာခဲ့ပါတယ်။
၂ မှတ်ပဲ ကွာခြားတယ်ဆိုပေမဲ့ လင်းရှုကတော့ သူ့ခန္ဓာကိုယ်ဟာ အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာကို ခံစားနေရပါတယ်။
ပြီးတော့ ရွှီကျွင်းရဲ့ လက်သီးချက်ကြောင့် ထွက်လာတဲ့ ဒေါသတန်ဖိုးက နောက်ထပ် ၂၀ မှတ်အထိ ချက်ချင်း တိုးသွားစေခဲ့ပါတယ်။
အမိုက်စားပဲ! သူ အခုလုပ်ရမှာက ရှောင်တိမ်းရင်းနဲ့ ခုခံနေဖို့ပါပဲ။
“မင်း ဘယ်ကို ထွက်ပြေးနိုင်မှာလဲ!” လင်းရှုက တရစပ် ရှောင်နေတာကို မြင်တော့ ရွှီကျွင်းက ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က လင်းရှုဆီကို လျင်လျင်မြန်မြန်ပဲ တိုးဝင်သွားပါတယ်။
“ဟားဟားဟား... အသုံးမကျတဲ့ကောင်ဆိုတော့လည်း ရှောင်ပဲရှောင်နေနိုင်တာပေါ့!” လင်းရှု တစ်ချိန်လုံး ထွက်ပြေးနေတာကို ကြည့်ပြီး လူတချို့က ဝိုင်းရယ်ပြီး လှောင်ပြောင်နေကြပါတယ်။
ဒါပေမဲ့ ကျန်းဒေါ့နဲ့ ချန်လီတို့ကတော့ လင်းရှုဟာ သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်လို့ ခံစားနေရပါတယ်။ ဘာလို့လဲဆိုတော့ လင်းရှုက မာချန်ကို တစ်ချက်တည်းနဲ့ သတိလစ်သွားအောင် လုပ်လိုက်တဲ့ ပေါက်ကွဲအားကို သူတို့ကိုယ်တိုင် တွေ့ခဲ့ရလို့ပါပဲ။
“၃၀ မှတ်... ၄၀ မှတ်...”
“တောက်! အသုံးမကျတဲ့ကောင်! မင်းမှာ သတ္တိရှိရင် မရှောင်ဘဲ နေစမ်း!!” ရွှီကျွင်းကတော့ တကယ့်ကို ပေါက်ကွဲနေပါပြီ။ ကြည့်နေတဲ့သူတွေ အများကြီးရှိနေတာကြောင့် သူက လင်းရှုကို မြေပြင်ပေါ် လဲကျသွားအောင် ကန်ချပစ်ချင်နေတာပါ။ ဒါပေမဲ့ လင်းရှုကတော့ ဆက်တိုက်ရှောင်နေပြီး ပြန်တိုက်ဖို့ အစီအစဉ် မရှိသလိုပါပဲ။
ရွှီကျွင်းက တစ်ခါတလေ ထိုးမိရင်တောင် အဲဒီလက်သီးချက်တွေအားလုံးကို လင်းရှုက လက်မောင်းနဲ့ ကာထားနိုင်ပါတယ်။
ဆရာလော့လီရဲ့ မျက်လုံးတွေထဲမှာတော့ အံ့သြရိပ်တွေ တစ်ချက်တစ်ချက် ပေါ်လာပါတယ်။ အတန်းပိုင်ဆရာတစ်ယောက်အနေနဲ့ သူက လင်းရှုအကြောင်းကို ကောင်းကောင်းသိတာပေါ့။
လင်းရှုက ကြိုးစားအားထုတ်မှု ရှိပေမဲ့ သူ့ရဲ့ ပါရမီနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်းလွန်းပါတယ်။ ဒါကြောင့်လည်း သူက ကိုယ့်ကိုယ်ကိုယ် အားငယ်နေပြီး ကျောင်းမှာ အမြဲတမ်း နှိပ်စက်စော်ကားခံနေရတာပါ။
ဒါပေမဲ့ အခု လင်းရှုက လူတစ်ခြားတစ်ယောက်လို ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ!
သူ့ရဲ့ အင်အားက သာမန်ပဲရှိသေးပေမဲ့ လင်းရှုရဲ့ မျက်လုံးတွေထဲမှာတော့ ဆရာလော့လီ တစ်ခါမှမမြင်ဖူးတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို တွေ့နေရပါတယ်။
“သေပေတော့!” အဲဒီအချိန်မှာပဲ ရွှီကျွင်းက ရုတ်တရက် ဒေါသတကြီးနဲ့ ပြင်းထန်တဲ့ လက်သီးချက်တစ်ချက်ကို ပစ်ထည့်လိုက်ပါတော့တယ်။
“ဒါကိုတော့ သူ ရှောင်နိုင်မှာမဟုတ်တော့ဘူး!” ကြည့်နေတဲ့သူအားလုံးက လင်းရှု မြေပြင်ပေါ် လဲကျသွားတော့မယ်လို့ တွေးနေကြပါတယ်။
“ဒင်! ပိုင်ရှင်ရဲ့ ဒေါသတန်ဖိုး တိုင်းတာချက် ပြည့်သွားပါပြီ! စွမ်းအားမြှင့်တိုက်ကွက်ကို အသုံးပြုလိုပါသလား?”
“အသုံးပြုမယ်!” လက်သီးက သူ့ဆီကို မကျရောက်ခင်လေးမှာပဲ သူ့ခေါင်းထဲက အသံက မြည်ဟည်းလာပါတယ်။
လင်းရှုက ရူးသွပ်စွာ ရယ်မောလိုက်ပြီး ရွှီကျွင်းဆီကို လက်သီးတစ်ချက် ပြန်ထိုးလိုက်ပါတော့တယ်!
“သေချင်နေတာပဲ!” လင်းရှုက သူ့လက်သီးကို မရှောင်တဲ့အပြင် အင်အားချင်းပြိုင်ဖို့ ပြန်ထိုးလိုက်တာကို မြင်တော့ ရွှီကျွင်းရဲ့ မျက်လုံးတွေ ပြူးသွားပါတယ်။
“ပြီးသွားပြီ!” မိန်းကလေးတစ်ယောက်က အော်ဟစ်လိုက်ပြီး ချက်ချင်းပဲ သူမရဲ့ မျက်လုံးတွေကို အုပ်ထားလိုက်ပါတယ်။ ရွှီကျွင်းက အဆင့်နိမ့် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လက်သီးအားက လင်းရှုရဲ့ အရိုးတွေကို ခြေမွပစ်ဖို့ လုံလောက်တာကိုး။
“အားးးး!!” အော်ဟစ်သံကြီး ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ အော်တာက လင်းရှု မဟုတ်ဘဲ ရွှီကျွင်း ဖြစ်နေပါတယ်!
လက်သီးနှစ်ခု ထိတွေ့လိုက်တဲ့ ခဏမှာပဲ ရွှီကျွင်းက လွင့်ထွက်သွားတဲ့သူ ဖြစ်နေပါတယ်။ ဒါတင်မကသေးပါဘူး၊ သူ့ရဲ့ လက်မောင်းကလည်း ပုံပျက်သွားပြီး အရိုးတွေ ကျိုးသွားတာက သိသိသာသာပါပဲ။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပါတော့တယ်။
ဘယ်သူမှ သူတို့မျက်လုံးကို သူတို့ မယုံကြည်နိုင်ကြပါဘူး၊ ဒါက တကယ့်ကို ထူးဆန်းပြီး မဖြစ်နိုင်တာကြီးပါ။
ကျောင်းရဲ့ တိုက်ခိုက်ရေးအဆင့်သတ်မှတ်ချက်မှာ အမြဲတမ်း နောက်ဆုံးကဖြစ်တဲ့ အသုံးမကျတဲ့ကောင်က တကယ်ပဲ အဆင့်နိမ့် စစ်သည်တော် တစ်ယောက်ကို အလဲထိုးလိုက်တာလား?
“မဖြစ်နိုင်တာ! ဒါ မဖြစ်နိုင်ဘူး!” ရွှီကျွင်းက သူ့လက်မောင်းက နာကျင်မှုကိုတောင် မေ့သွားသလားမှတ်ရတယ်၊ အကျယ်ကြီး ဟိန်းဟောက်နေပါတော့တယ်။
“သူ့ကို ဆေးခန်းကို အမြန်ပို့လိုက်ကြ” ဆရာလော့လီလည်း အံ့သြနေပေမဲ့ ရွှီကျွင်းရဲ့လက်ကို ပြန်ဆက်နိုင်ဖို့အတွက် ကျောင်းသားတွေကို အမြန်စီစဥ်ပေးလိုက်ပါတယ်။
“ဒီနေ့ကစပြီး ဘယ်သူမှ ငါ့ကို အသုံးမကျတဲ့ကောင်လို့ ခေါ်လို့မရတော့ဘူး!” လင်းရှုက သူရပ်နေတဲ့နေရာကနေ လူတိုင်းကို ဝေ့ကြည့်ပြီး အားရပါးရ ဟိန်းဟောက်လိုက်ပါတယ်။
“မိုက်... မိုက်လိုက်တာ...” လင်းရှုရဲ့ ခန့်ညားပြီး ထက်မြက်တဲ့ ပုံစံကို မြင်တော့ မိန်းကလေးတချို့တောင် ရင်ခုန်သွားကြပါတယ်။
တကယ်တော့ လင်းရှုက ရုပ်ရည်ချောမောသလို စာလည်း အရမ်းတော်တာပါ။ ဒါပေမဲ့ သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့် စစ်သည်တော် ဖြစ်ခွင့်မရခဲ့ဘဲ တခြားသူတွေရဲ့ နှိပ်စက်မှုကို အမြဲခံခဲ့ရတာကြောင့် ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ကြတာပါ။
ဒါပေမဲ့ အခု လင်းရှုကတော့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသလိုပါပဲ။ မိန်းကလေးတချို့ရဲ့ မျက်လုံးတွေထဲမှာတော့ အရောင်တွေ တောက်ပလို့နေပါတယ်... (သူတို့ပဲအမျိုးမျိုး😏)
“ဆရာလော့... ကျွန်တော် A20 နယ်မြေရဲ့ လက်တွေ့တိုက်ခိုက်ရေး လေ့ကျင့်ခန်းကို သွားလို့ရပြီလား?” လင်းရှုက ဆရာလော့လီဆီ လမ်းလျှောက်သွားပြီး မေးလိုက်ပါတယ်။
A20 နယ်မြေမှာ ဇွန်ဘီတွေနဲ့ ဗီဇပြောင်းသတ္တဝါတွေ ရှိနေပေမဲ့ အဲဒီကိုသွားမှသာ သူက အဲဒီသတ္တဝါတွေကို သတ်ပြီး အတွေ့အကြုံမှတ်တွေ အများကြီး ထပ်ရမှာလေ။ အစီအစဉ်အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ဇွန်ဘီတွေကိုတောင် သူ ကိုင်တွယ်နိုင်မှာပါ။
အဲဒီအချိန်ကျရင် သူ့ရဲ့ အလားအလာကို မြှင့်တင်နိုင်သရွေ့ သာမန်လူတစ်ယောက် ဖြစ်နေပါစေဦး... ကျောင်းက အားကောင်းတဲ့ စစ်သည်တော်တွေကို ကျော်တက်ဖို့အတွက်ကတော့ အချိန်ကပဲ အဟန့်အတား ဖြစ်ပါတော့မယ်!
“သွားလို့ရပါတယ်” ဆရာလော့လီက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခါးသက်သက် အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ?”
သူ့ရှေ့က ကျောင်းသားကို သူ လုံးဝနားမလည်နိုင်တော့ပါဘူး။ ခုနက လင်းရှု ထုတ်ဖော်လိုက်တဲ့ အင်အားက တကယ့် စစ်သည်တော်စစ်စစ်တစ်ယောက်ရဲ့ အဆင့်ကို ရောက်နေတာပါ။
ဒါပေမဲ့ အခု သူ့ရှေ့မှာ ရပ်နေတဲ့ လင်းရှုကတော့ အဆင့်နိမ့် စစ်သည်တော် အဆင့်တောင် မရှိသေးတဲ့သူ ဖြစ်နေပြန်ရော!
‘သူများ ပြင်းထန်တဲ့ လက်သီးပညာ တစ်ခုခုကို လေ့ကျင့်ထားလို့ ချက်ချင်း အင်အားတွေ ပေါက်ကွဲထွက်လာတာလား?’
‘မဖြစ်နိုင်တာ၊ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဲဒီလို ပညာရပ်မျိုးကို တောင့်ခံနိုင်စွမ်း မရှိပါဘူး’
“ဒါက လျှို့ဝှက်ချက်ပါ” လင်းရှုက လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုံးတစ်ခုနဲ့ ပြန်ဖြေလိုက်ပါတယ်။
လင်းရှုက ရွှီကျွင်းကို အနိုင်ပိုင်းလိုက်တဲ့ သတင်းက ကျောင်းဝင်းတစ်ခုလုံးကို ပျံ့နှံ့သွားပါပြီ။ ရွှီကျွင်းက အဆင့်နိမ့် စစ်သည်တော်တစ်ယောက်ပဲ ဖြစ်ပေမဲ့ ကျောင်းရဲ့ အဆင့်သတ်မှတ်ချက်မှာတော့ လူသိနည်းတဲ့သူ မဟုတ်ပါဘူး။
ဒါပေမဲ့ အဓိက အချက်ကတော့ တိုက်ခိုက်ရေးစွမ်းရည် ၂၅၀ မှတ်ပဲရှိတဲ့ အသုံးမကျတဲ့ကောင် လင်းရှုက အဆင့်နိမ့် စစ်သည်တော် ရွှီကျွင်းကို အနိုင်ယူလိုက်တာက အရာအားလုံးကို ပြောင်းလဲသွားစေတာပါ။
ဒီနေ့မှာတင် မာချန်လည်း လင်းရှုရဲ့ အရိုက်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုပါ လူတွေက ထပ်စုံစမ်းမိသွားတဲ့အခါမှာတော့ သတင်းက ကျောင်းထဲမှာ တောမီးလောင်သလို ပြန့်သွားပါတော့တယ်။
ဒါပေမဲ့ လင်းရှုကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ ကျန်းတုန်းနဲ့ ချန်လီတို့ကတော့ အဲဒီညက အဆောင်ကိုတောင် ပြန်မလာရဲကြတော့ပါဘူး။ မာချန် ရှုံးတာကတော့ အမှတ်မထင် ဖြစ်သွားတာလို့ တွေးလို့ရပေမဲ့ ရွှီကျွင်းပါ ရှုံးသွားပြီဆိုတော့ အဆင့်နိမ့် စစ်သည်တော်တောင် မဖြစ်သေးတဲ့ သူတို့နှစ်ယောက်ကတော့ မပြန်ရဲတော့တာ မဆန်းပါဘူး။
လင်းရှုရဲ့ အရိုက်ခံရမှာကို သူတို့ တကယ် ကြောက်နေကြတာပါ။
လင်းရှုကတော့ အဆောင်မှာ ဆေးလေးလိမ်းရင်း နားနေပါတယ်။ ရွှီကျွင်းနဲ့ တိုက်ပွဲမှာ သူက ခံစစ် တိုက်ခဲ့တာဆိုပေမဲ့ ပြိုင်ဘက်က အဆင့်နိမ့် စစ်သည်တော်ဖြစ်လို့ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတချို့တော့ ရခဲ့ပါတယ်။
A20 နယ်မြေကို သွားဖို့ ခွင့်ပြုချက်ရပြီဆိုတော့ သူ သေသေချာချာ ပြင်ဆင်ရပါမယ်။ အဲဒီမှာ ဇွန်ဘီတွေနဲ့ ဗီဇပြောင်းသတ္တဝါတွေကို သတ်ပြီး သူ ဆက်ပြီး အဆင့်တက်ရဦးမယ်လေ!