အခန်း ၃၇ - ဒီမှာရှိတဲ့သူအားလုံးက အမှိုက်တွေပဲ
ဒီလေယာဉ်အမျိုးအစားသစ်က တော်တော်လေး ကျယ်ဝန်းပြီး အတွင်းထဲကို ဝင်လိုက်တဲ့အခါ သာမန်အဆောက်အဦတစ်ခုထဲ လမ်းလျှောက်ဝင်သွားရသလို ခံစားရပါတယ်။
ဒီတစ်ခေါက် ရှင်းယောင် မြို့ကနေ စစ်သား ၄၀ စေလွှတ်ခဲ့တာဖြစ်ပြီး အဖွဲ့လေးဖွဲ့ ခွဲထားကာ တစ်ဖွဲ့ကို ၁၀ ယောက်စီ ပါဝင်ပါတယ်။
ဒီစစ်သားတွေအားလုံးနီးပါးဟာ အဆင့် ၁ စစ်သည်တော် တွေဖြစ်ပြီး အဆင့် ၂ စစ်သည်တော် အချို့လည်း ပါဝင်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီကို ဦးဆောင်တဲ့ နည်းပြလေးယောက်ကတော့ အဆင့်မြင့် စစ်သည်တော်တွေ ဖြစ်ကြပါတယ်။
ကွမ်မင် ခံတပ်က ရှင်းယောင် မြို့နဲ့ တော်တော်လေး ဝေးပါတယ်။ လေယာဉ်ပေါ်မှာတော့ ကျယ်ဝန်းတဲ့ လေ့ကျင့်ရေးကွင်းနဲ့ လေ့ကျင့်ရေး ပစ္စည်းကိရိယာ အများအပြား ပါရှိတာကြောင့် စစ်သားအတော်များများက အဲ့ဒီမှာ စတင်လေ့ကျင့်နေကြပါပြီ။
“ဟေ့... မင်းက ရှင်းယောင် မြို့က ကျောင်းသားလား?”
လင်းရှုကတော့ လေ့ကျင့်ရေးကွင်းထဲမှာ တင်ပလ္လင်ခွေထိုင်ပြီး အရင်းအမြစ်စွမ်းအင် တွေကို စုပ်ယူဖို့အတွက် ကျင့်စဉ်ကို အသုံးပြုနေချိန်မှာ စစ်သားတစ်ယောက်က လာရောက်စကားပြောတာ ဖြစ်ပါတယ်။
လင်းရှုကတော့ သူ့မေးခွန်းကို ပြန်မဖြေဘဲ တင်ပလ္လင်ခွေထိုင်လျက်သာ ဆက်လက်ကျင့်ကြံနေပါတယ်။
အဲ့ဒီလူက မျက်မှောင်ကြုတ်သွားပြီး လင်းရှုကို တွန်းဖို့ လက်လှမ်းလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ လင်းရှုက မျက်လုံးကို ချက်ချင်းဖွင့်လိုက်ပြီး သူ့ရဲ့ညာလက်နဲ့ ထိုလူရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ကာ - “ဘာလုပ်မလို့လဲ?”
လင်းရှုရဲ့ အကြည့်တွေက အရမ်းအေးစက်လွန်းတာကြောင့် ထိုလူမှာ လန့်သွားရပါတယ်။
“ငါက စကားပြောချင်လို့ပါ၊ တခြား မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး။” အဲ့ဒီလူက ပြုံးပြီး ပြောလိုက်ပါတယ်။
ဒါပေမယ့် သူ တုန်လှုပ်သွားပါတယ်။ လင်းရှုရဲ့ ခုနက တုံ့ပြန်မှုနှုန်းက တကယ်ကို မြန်ဆန်လွန်းသလို သူ့လက်မောင်းရဲ့ အားကလည်း မသေးလှပါဘူး။
သူက တကယ်ပဲ အထက်တန်းကျောင်းသား ဟုတ်ရဲ့လား?
“ငါ့နာမည်က လီယီပါ။ ငါလည်း ရှင်းယောင် အကယ်ဒမီက ဆင်းတာပဲ။” လီယီက ပြုံးပြီး ပြောပါတယ်။
“အင်း။” လင်းရှု ခေါင်းညိတ်ပြလိုက်ပါတယ်။
“မင်းက ဘာလို့ ငါတို့နဲ့အတူ ဒီကို ရောက်နေတာလဲ?” လီယီက အနည်းငယ် ဇဝေဇဝါနဲ့ မေးပါတယ်။ တရားဝင် စစ်သည်တော် တောင် မဖြစ်သေးတဲ့သူတစ်ယောက်အနေနဲ့ ကွမ်မင် ခံတပ်ကို လိုက်လာတာဟာ သေတွင်းထဲ ဆင်းတာနဲ့ မတူဘူးလား?
“အကယ်ဒမီရဲ့ သတ်မှတ်ချက်မို့လို့ပါ။” လင်းရှုက မတတ်သာတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ ဒီလူက ဖော်ရွေလွန်းနေတယ် မဟုတ်လား?
“အကယ်ဒမီ? အခု ရှင်းယောင် အကယ်ဒမီမှာ အဲ့ဒီလို စည်းကမ်းမျိုး ရှိနေပြီလား?” လီယီက အံ့သြတကြီး မေးပါတယ်။
“လီယီ... မင်းက အဲ့ဒီကောင်လေးနဲ့ ဘာလုပ်နေတာလဲ? ကောင်းကောင်းလေ့ကျင့်မထားရင် ဟိုရောက်လို့ သေသွားလည်း ငါ လာမကယ်ဘူးနော်။” အဲ့ဒီနောက်မှာတော့ ဗလတောင့်တောင့် စစ်သားတစ်ယောက်က လင်းရှုနဲ့ လီယီရှေ့မှာ ရပ်လိုက်ပြီး တဟားဟား ရယ်ကာ ပြောလိုက်ပါတယ်။
“ဟင်း...” လီယီက သူ့ကို စိုက်ကြည့်လိုက်ပါတယ်။ သူနဲ့ အဲ့ဒီလူက ဆက်ဆံရေး သိပ်မကောင်းတာ သိသာပါတယ်။
“ကလေးလေး... မင်း သယ်လာတာက ဘာကြီးလဲ?” သူက လင်းရှုကို ကြည့်ရင်း လင်းရှုဘေးက သေတ္တာရှည်ကြီးကို သတိထားမိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူက လက်လှမ်းပြီး ယူဖို့ ကြိုးစားပါတယ်။
“ကျန်းဟိုင်... သူများပစ္စည်းကို လက်နဲ့ မထိနဲ့!” လီယီက အေးစက်တဲ့လေသံနဲ့ တားလိုက်ပါတယ်။
“ထိတော့ ဘာဖြစ်လဲ?” ကျန်းဟိုင်က အထင်သေးတဲ့ ပုံစံမျိုးပြပေမယ့် သူ့လက်တွေကိုတော့ ရပ်မသွားပါဘူး။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ လင်းရှုရဲ့ ညာလက်က သေတ္တာပေါ်ကို ဖိချလိုက်ပါတယ်။ ကျန်းဟိုင် ဘယ်လောက်ပဲ ကြိုးစားပြီး ဆွဲထုတ်ပါစေ၊ အနည်းငယ်မျှတောင် ရွေ့မသွားပါဘူး။
“ဟေ့ကောင်လေး... မင်းက တော်တော် ရဲတင်းတာပဲနော်။” ကျန်းဟိုင် အရှက်ရသွားပြီး လင်းရှုကို ရန်လိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
“ဟားဟား... ခုနက ကောင်လေးပဲ၊ ကျန်းဟိုင်... မြန်မြန်လုပ်စမ်းပါ၊ အဲ့ဒီသေတ္တာထဲမှာ ဘာရှိလဲဆိုတာ ကြည့်ရအောင်။” အခြားစစ်သားတွေလည်း အဲ့ဒီအချိန်မှာ ရောက်လာကြပါတယ်။ သူတို့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့် အင်္ကျီတွေ ချွတ်ထားပြီး အပေါ်ပိုင်းမှာ အနက်ရောင် စွပ်ကျယ်တစ်ခုပဲ ဝတ်ထားကြပါတယ်။ သူတို့ရဲ့ ဖောင်းကြွနေတဲ့ ကြွက်သားတွေက ကြောက်စရာကောင်းလှပါတယ်။
“သိပ်အလွန်အကျွံ မလုပ်နဲ့ဦး။” လီယီက အဲ့ဒီအချိန်မှာ ဝင်ပြောလိုက်ပါတယ်။
“ဖယ်စမ်း!” ကျန်းဟိုင်က နှာခေါင်းရှုံ့ပြီး လီယီကို တွန်းထုတ်လိုက်ကာ လင်းရှုရဲ့ သေတ္တာရှည်ကို အတင်းအဓမ္မ လုယူဖို့ ကြိုးစားပါတယ်။
“မင်း တကယ်ပဲ မြင်ချင်တာလား?” လင်းရှုက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
“စကားတွေ အများကြီး လျှောက်ပြောမနေနဲ့!” ကျန်းဟိုင်က လက်နှစ်ဖက်နဲ့ အတင်းဆွဲယူလိုက်ပြီး သေတ္တာကို လုယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သေတ္တာရှည်ကို လက်ထဲကိုင်လိုက်တဲ့အချိန်မှာပဲ တော်တော်လေး လေးလံနေတာကြောင့် သူ့လက်တွေ မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားပါတယ်။
ဖတ်
အဲ့ဒီအချိန်မှာပဲ လင်းရှုရဲ့လက်က လှုပ်ရှားသွားပြီး သေတ္တာ ပွင့်သွားပါတယ်။
ကျန်းဟိုင် သတိမဝင်လာသေးခင်မှာပဲ အေးစက်တဲ့ အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားတာကို မြင်လိုက်ရပါတယ်။ လင်းရှုက သေတ္တာထဲကနေ တစ်ခုခုကို ထုတ်လိုက်ပုံရပါတယ်။
ရွှတ် သူ့လည်ပင်းဆီက စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီး ငွေရောင်လှံရှည် အဖျားတစ်ခုက သူ့လည်ပင်းကို ထောက်ထားတာကို တွေ့လိုက်ရပါတယ်။
“ငွေရောင်မသေမျိုးဝိညာဉ် (Silver Immortal Soul) က အပြင်ထွက်လာရင် သွေးကို မြင်ချင်တတ်တယ်” လို့ လင်းရှုက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
“မင်း...” ကျန်းဟိုင်ရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုတွေ ပြည့်သွားပါတယ်။ လည်ပင်းပေါ်က လှံဖျားရဲ့ ထက်မြက်မှုကို သူ ကောင်းကောင်း ခံစားနေရလို့ပါ။
ခြစ်မိသွားတဲ့ အရေပြားပေါ်မှာ သွေးစအနည်းငယ်ပဲ ထွက်နေပေမယ့် လင်းရှုသာ ခုနက သူ့ကို တကယ်သတ်ချင်တယ်ဆိုရင် သူ အခုလောက်ဆို သေနေလောက်ပြီဆိုတာ သူသိလိုက်ပါတယ်။
“ဒါ အဆင့် ၁ စစ်သည်တော်လား? တကယ်ပဲ...” လင်းရှုက ခေါင်းခါရင်း လှံရှည်ကို ပြန်သိမ်းလိုက်ပြီး စိတ်ပျက်သွားတဲ့ ပုံစံနဲ့ ကြည့်ပါတယ်။
“ဟေ့ကောင်၊ မင်း ရဲရင် အဲ့ဒီစကားကို နောက်တစ်ခါ ထပ်ပြောကြည့်စမ်း။” လင်းရှုရဲ့ စကားက ကျန်တဲ့ စစ်သားအားလုံးကို ဒေါသထွက်စေခဲ့ပြီး စစ်သားတစ်စုလုံး သူ့ကို ဝိုင်းထားလိုက်ကြပါတယ်။
“ဟေ့... အခုပဲ တောင်းပန်လိုက်ပါ။” လီယီက အခြေအနေကို ကြည့်ပြီး ကြက်သီးထသွားကာ လင်းရှုကို တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။
လင်းရှုက ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကို ကြည့်ကာ “တောင်းပန်ပါတယ်” လို့ ပြောလိုက်ပါတယ်။
“တောင်းပန်ရုံနဲ့ ပြီးမယ် ထင်နေလား?” ငွေရောင်မသေမျိုးဝိညာဉ်က သူ့လည်ပင်းကနေ ခွာသွားပြီဖြစ်လို့ ကျန်းဟိုင်က သက်ပြင်းချလိုက်နိုင်ပြီး သူ့မျက်နှာက ပြန်ပြီး ရန်လိုလာပါတယ်။
“ဪ... ဆောရီးပဲ၊ ကျွန်တော် စကား မဆုံးသေးလို့ပါ။”
“ကျွန်တော် ပြောချင်တာက... တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို တစ်ယောက်ချင်း စော်ကားချင်လို့ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့သူ အားလုံးက အမှိုက်တွေပဲလို့ ပြောချင်တာပါ။” လင်းရှုက သူ့ဘေးနားက လူတွေကို ဝေ့ကြည့်ပြီး ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။
“သေချင်နေတာပဲ!!!” ကျန်းဟိုင်က အဲ့ဒီစကားကို ကြားတော့ မျက်နှာက ဒေါသကြောင့် ပျက်ယွင်းသွားပြီး လင်းရှုရဲ့ ကိုယ်ပေါ်ကို လက်သီးနဲ့ ထိုးချလိုက်ပါတော့တယ်!
လင်းရှုက ရှောင်မထွက်ဘဲ သူ့ရဲ့ လက်သီးနဲ့ပဲ တိုက်ရိုက် ပြန်ထိုးလိုက်ပါတယ်။
ဘုန်း
လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားတဲ့အခါမှာတော့ လွင့်ထွက်သွားတာက လင်းရှုမဟုတ်ဘဲ တရားဝင် စစ်သည်တော် ဖြစ်တဲ့ ကျန်းဟိုင် ဖြစ်နေပါတယ်။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?’ လီယီတစ်ယောက် အံ့အားသင့်သွားပါတယ်။
ကျန်တဲ့ စစ်သားတွေလည်း ထပ်တူပဲ ထိတ်လန့်ကုန်ကြပါတယ်။
“ကျန်းဟိုင်၊ မင်း အဆင်ပြေရဲ့လား?” စစ်သားတစ်ယောက်က ကျန်းဟိုင်ကို တွဲကူလိုက်ရင်း အော်မေးပါတယ်။
ကျန်းဟိုင်က ခေါင်းခါပြပြီး လင်းရှုကို ရန်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။
အဲ့ဒီလက်သီးက ဘာဖြစ်သွားတာလဲ? သူ့လက်မောင်းထဲက အရိုးတွေ အကုန်ကျိုးသွားသလို သူ ခံစားနေရပါတယ်။
အပြင်ပန်းမှာ ဒဏ်ရာမမြင်ရပေမယ့် အတွင်းထဲက နာကျင်မှုကတော့ မခံမရပ်နိုင်အောင်ပါပဲ။
“ဒီကောင်လေးက တော်တော်ရဲတင်းတာပဲ။ အားလုံးဝိုင်းပြီး သူ့ကို သင်ခန်းစာ ပေးကြစမ်း!!!” စစ်သားတစ်ယောက်က အဲ့ဒီအချိန်မှာ အော်လိုက်ပါတယ်။
ဒါပေမဲ့ သူပြောပြီးတာနဲ့ ဘေးနားကလူတွေအားလုံး ငြိမ်သက်သွားပြီး မလှုပ်ရဲကြတော့တာကို သူ တွေ့လိုက်ရပါတယ်။
“ဘာဖြစ်နေကြတာလဲ? လူသစ်ကို ဝိုင်းအနိုင်ကျင့်နေကြတာလား?” ချင်ချန်းက အေးစက်တဲ့လေသံနဲ့ ပြောရင်း လျှောက်လာပါတယ်။
“ဆရာ... ဒီကောင်လေးက ကျန်းဟိုင်ကို အရင် မြေပြင်ပေါ် လဲအောင်လုပ်လိုက်တာပါ!” စစ်သားတစ်ယောက်က ပြောပါတယ်။
ချင်ချန်းက သူ့နားကို လျှောက်လာပြီး ကြည့်ကာ ပြောလိုက်တာက - “စစ်သည်တော် တစ်ယောက်က အထက်တန်းကျောင်းသား တစ်ယောက်ရဲ့ လက်ချက်နဲ့ လဲကျသွားတာကို မင်းက စကားပြောဖို့ မျက်နှာရှိသေးတယ်ပေါ့လေ?”