အခန်း (၂၉) - ထန်းထျန်းနဲ့ ရင်ဆိုင်ခြင်း!
‘ငါ တကယ်ပဲ အဆင့်တက်သွားတာလား?’ လင်းရှု အံ့သြသွားပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်တော့လည်း ဒါက ဖြစ်သင့်ပါတယ်။ သူ အရင်းအမြစ်စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေတာကြောင့် ရရှိလာတဲ့ အတွေ့အကြုံမှတ်တွေကလည်း ပိုပိုများလာတာကိုး။ အစက တစ်နာရီကို အမှတ် ၁၀၀ ပဲ ရရာကနေ အခုဆိုရင် တစ်နာရီကို ရာဂဏန်းအတော်များများအထိ တိုးလာခဲ့ပါပြီ။ ဒါဟာ လင်းရှု မျှော်လင့်ထားတာထက် အများကြီး ပိုပါတယ်။
လင်းရှု သူ့ရဲ့ အချက်အလက်ဇယား ကို ချက်ချင်း ခေါ်ကြည့်လိုက်တယ် -
ပိုင်ရှင်: လင်းရှု
အဆင့်: ၁၁
အတွေ့အကြုံ : ၆၅ (နောက်တစ်ဆင့်တက်ရန် ၂၂၀၁၀၈ လိုအပ်သည်)
ခွန်အား : ၇၈
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၅၀
အလျင် : ၅၂
မှတ်ချက်: (သာမန်လူများ၏ တန်ဖိုးမှာ ၃၈ နှင့် အထက်ဖြစ်သည်)
စွမ်းရည် : ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး ၊ ဒေါသအမျက်
ဒေါသအရှိန်စုဆောင်းမှု : ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည် : ၆၉၉
ကျန်ရှိသော အပိုမှတ် : ၁၁ မှတ်
၁၁ မှတ်တောင်လား? ဘယ်နေရာမှာ ထည့်ရမလဲ? လင်းရှု ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ထဲကို ၁၀ မှတ် ထည့်လိုက်ပြီး ကျန်တဲ့ ၁ မှတ်ကိုတော့ ခွန်အား ထဲကို ထည့်လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ လင်းရှုဟာ သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးတွေက အရင်လောက် မပြင်းထန်တော့ပါဘူး။
သူ ဇယားရဲ့ အောက်ဘက်ကို ဆက်ကြည့်လိုက်တော့ - တိုးတက်မှုအဆင့် ၉၅၀၄/၁၀၀၀၀
‘မပြည့်သေးဘူးလား?!’ ဒီကိန်းဂဏန်းတွေကို မြင်တော့ လင်းရှု ငိုချင်စိတ်တောင် ပေါက်သွားပါတယ်။ ဝန်ထုပ်ဝန်ပိုးကြီးကို သူ ကျင့်သားရနေပြီဆိုပေမဲ့ ဒီဖိအားအောက်မှာ နေရတာက တကယ်ကို ခံရခက်လွန်းလို့ပါ။
ကြည့်ရတာ သူဟာ သူ့ရဲ့ မူလခွန်အား ၇၀ ရာခိုင်နှုန်းအောက်နဲ့ပဲ တိုက်ခိုက်ရမယ့်ပုံပါပဲ။
ဒါပေမဲ့ သူ့မှာ တခြားရွေးချယ်စရာ မရှိပါဘူး၊ ကိုယ်ခံပညာတိုက်ပွဲက ဒီညမှာတင် ဖြစ်တော့မှာမို့လို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်လို့ မရတော့ပါဘူး။
သူ အနားယူဖို့ လိုအပ်ပါတယ်။
သူ အဆောင်ကို ပြန်လာပြီး ကျန်နေတဲ့ ဆေးရည်တွေကို ခန္ဓာကိုယ်မှာ လိမ်းလိုက်ပါတယ်။ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး လေ့ကျင့်တုန်းက ရခဲ့တဲ့ ဒဏ်ရာတွေအားလုံးဟာ အံ့သြစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတာကို လင်းရှု ခံစားလိုက်ရပါတယ်။
သူ တင်ပလ္လင်ခွေထိုင်ပြီး အရင်းအမြစ်စွမ်းအင်တွေကို စတင်စုပ်ယူပါတယ်။ ကျင့်စဉ်ကို ကျွမ်းကျင်သွားပြီးတဲ့နောက်မှာတော့ သူ အိပ်ပျော်နေတဲ့အချိန်မှာတောင် အရင်းအမြစ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်း ရှိလာပေမဲ့ နိုးနေတဲ့အချိန်လောက်တော့ အာနိသင် မရှိပါဘူး။
“ကိုယ်ခံပညာတိုက်ပွဲ... ကိုယ်ခံပညာတိုက်ပွဲ စတော့မယ်!”
ဒီညဟာ ဆူညံပွက်လောရိုက်ပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျောင်းသားအမြောက်အမြားဟာ ကိုယ်ခံပညာခန်းမမှာ စုရုံးရောက်ရှိနေကြပြီး ခုံတွေအားလုံးလည်း ပြည့်နေပါပြီ။
လူအများစုကတော့ မကြာခင် စတော့မယ့် တိုက်ပွဲအတွက် ရင်ခုန်နေကြပါတယ်။ “အမှိုက် နဲ့ ပါရမီရှင်” တိုက်ပွဲလေ!
“နောက်ဆုံး ကိုယ်ခံပညာတိုက်ပွဲ လုပ်ခဲ့တာ ဘယ်တုန်းကလဲ၊ လွန်ခဲ့တဲ့ တစ်နှစ်ကလား?” မုတ်ဆိတ်ဖြူရှည်ကြီးနဲ့ အဘိုးအိုတစ်ယောက်က အရှေ့ဆုံးက စားပွဲမှာ ထိုင်ရင်း ပြုံးပြီး မေးလိုက်ပါတယ်။
“ဟုတ်ပါတယ် ဆရာကြီးယဲ့” ဆရာလော့လီက ဘေးကနေ ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ်။
သူတို့က ဒိုင်လူကြီးအဖွဲ့နေရာမှာ ထိုင်နေကြတာပါ။ အလယ်က ဆရာကြီးယဲ့ ဆိုသူအပြင် ကျန်တဲ့ နှစ်ယောက်ကတော့ သက်ဆိုင်ရာ အတန်းပိုင်ဆရာတွေ ဖြစ်ပါတယ်။
“လော့လီ... ငါ ထန်းထျန်းကို လင်းရှုရဲ့ အသက်ကို ရန်မရှာဘဲ လက်ညှာတာဖို့ ပြောထားလိုက်ပါ့မယ်” လို့ ထန်းထျန်းရဲ့ အတန်းပိုင်ဆရာ (အတန်း ၂ အတန်းပိုင်) လျိုပိုင် က ပြုံးပြီး ပြောလိုက်ပါတယ်။
အမှိုက်တစ်ယောက်က သူ့ရဲ့ ထူးချွန်တဲ့ ကျောင်းသားကို ကိုယ်ခံပညာတိုက်ပွဲအတွက် စိန်ခေါ်တယ်ဆိုတာ သေတွင်းတူးနေတာ မဟုတ်ဘူးလား?
“နိုင်မယ့်သူနဲ့ ရှုံးမယ့်သူက မသေချာသေးပါဘူး” လို့ ဆရာလော့လီက နှာခေါင်းရှုံ့ပြီး ပြောပါတယ်။
“လော့လီ... မင်းကတော့ အရင်အတိုင်းပဲ ခေါင်းမာတုန်းပဲနော်” လျိုပိုင်က ပြုံးပြီး ခေါင်းခါလိုက်ပါတယ်။ သူ့မျက်လုံးထဲမှာတော့ ဒီတိုက်ပွဲရဲ့ ရလဒ်က ထွက်ပြီးသားပါ။
“တိုက်ပွဲ စတင်ပါတော့မယ်၊ ပြိုင်ပွဲဝင်နှစ်ယောက်လုံး စင်ပေါ်ကို တက်ပေးကြပါ!” ခန်းမအလယ်က အသံချဲ့စက်တွေကနေ ကြေညာသံ ထွက်ပေါ်လာပြီး ခန်းမရဲ့ ထောင့်တိုင်းဆီကို ပျံ့နှံ့သွားပါတယ်။ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဟာ စင်မြင့်အလယ်ဆီကို လျှောက်လှမ်းလာကြပါတယ်။
လင်းရှုကတော့ ပွပွယောယော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာ ငွေရောင်လှံရှည်ကို ကိုင်ဆောင်ထားပါတယ်။ သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကို သူရဲကောင်းဆန်တဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေပါတယ်။
“အဲဒါ နင့်အစ်ကိုကြီး လင်းရှုလား၊ သူက တကယ်ကို ခန့်တာပဲ...” ယဲ့ရွှမ်းအာဟာ သူမရဲ့ သူငယ်ချင်းမလေး နှစ်ယောက်နဲ့အတူ အကောင်းဆုံးနေရာတစ်ခုမှာ ထိုင်နေပြီး သူမရဲ့ သူငယ်ချင်းတွေကလည်း လင်းရှုကို မြင်တော့ ချီးကျူးနေကြပါတယ်။
“ဒါပေါ့!” သူငယ်ချင်းတွေရဲ့ ချီးကျူးစကားကြောင့် ယဲ့ရွှမ်းအာက ဝမ်းသာအားရ ပြန်ဖြေလိုက်ပါတယ်။
ဒါပေမဲ့ လင်းရှုရဲ့ ကိုယ်ခံပညာတိုက်ပွဲအကြောင်း ပြန်စဉ်းစားမိတော့ သူမရဲ့ စိတ်ထဲမှာ ပြန်ပြီး တင်းမာသွားရပါတယ်။ အဲဒီနေ့ကမှ ကိုယ်ခံပညာတိုက်ပွဲဆိုတာ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ သူမ သိခဲ့ရတာကိုး။
‘အစ်ကိုကြီး... ဒဏ်ရာမရပါစေနဲ့...’
ယဲ့ရွှမ်းအာက လက်သီးလေးနှစ်ဖက်ကို ဆုပ်ထားပြီး စင်ပေါ်က ပုံရိပ်ကိုကြည့်ကာ တိုးတက်လေး ရေရွတ်နေမိပါတယ်။
တစ်ဖက်မှာတော့ ထန်းထျန်းဟာ ဓားရှည်တစ်လက်ကို ကိုင်ထားပြီး သူ့မျက်လုံးတွေထဲမှာ အေးစက်စက် အလင်းတန်းတွေ ထွက်ပေါ်နေပါတယ်။
လင်းရှုက ပိုပြီး သန်မာလာတယ်ဆိုတာကို သူ အထင်အရှား ခံစားနေရပါတယ်။ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ?
မနက်ကနေ ညအထိ အဓိပ္ပာယ်မရှိ ပြေးလွှားနေတာကနေ သန်မာလာတာလား?
“အစွမ်းကုန် ကြိုးစားလိုက်စမ်းပါ လင်းရှု!!” ရန်ထျန်းက သူ့ထိုင်ခုံကနေ မတ်တပ်ရပ်ပြီး အော်ဟစ်အားပေးလိုက်ပါတယ်။ လင်းရှုကတော့ အဝေးကနေ ဘာမှကြားရမှာ မဟုတ်ပေမဲ့ပေါ့။
အတန်း ၂၉ က ကျောင်းသား အများစုလည်း အဲဒီနေရာမှာ ရှိနေကြပြီး လင်းရှုကို ကြည့်ကာ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပါတယ်။
“လင်းရှု... မင်း ရှုံးလို့မဖြစ်ဘူး” ကျန်းရိက စင်ပေါ်က လင်းရှုကို ကြည့်ရင်း တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ရေရွတ်လိုက်ပါတယ်။
အစက လင်းရှုနဲ့ သူက မတည့်ကြဘူးဆိုပေမဲ့ လင်းရှုရဲ့ တိုက်ပွဲက တစ်တန်းလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာလေ။
ရှင်းယောင်အကယ်ဒမီရဲ့ အတန်းတွေကို ရလဒ်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာပါ။ သီအိုရီအရ အတန်း ၁ က အသန်မာဆုံးဖြစ်ပြီး အတန်း ၂၉ ကတော့ အားအနည်းဆုံး အတန်း ဖြစ်ပါတယ်။
“ကဲ... ကျောင်းသားတို့ရေ။ ဒီနှစ်ရဲ့ ပထမဦးဆုံး ကိုယ်ခံပညာတိုက်ပွဲ စတင်ပါတော့မယ်!”
“တစ်ဖက်မှာတော့ အတန်း ၂၉ က လင်းရှု ဖြစ်ပြီး၊ နောက်တစ်ဖက်မှာတော့ အတန်း ၂ က ထန်းထျန်းပဲ ဖြစ်ပါတယ်!”
အဲဒီအချိန်မှာပဲ ဒိုင်လူကြီးနေရာမှာ ထိုင်နေတဲ့ ဆရာကြီးယဲ့က မိုက်ခရိုဖုန်းကနေ ဟိန်းထွက်အောင် အော်ပြောလိုက်တာကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားပါတယ်။
“ထန်းထျန်း! ထန်းထျန်း!” ဆရာကြီးယဲ့ရဲ့ ကြေညာချက်အပြီးမှာတော့ ပရိသတ်အများစုက ထန်းထျန်းရဲ့ နာမည်ကို အော်ဟစ် အားပေးကြပါတော့တယ်။
ထန်းထျန်းက အဆင့် ၁၀၀ ကျော်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ သူတို့အားလုံးက ပါရမီရှင်တွေအဖြစ် သတ်မှတ်ခံထားရပြီး ကျောင်းမှာလည်း အရမ်းကို နာမည်ကြီးသူတွေပါ။
တစ်ဖက်မှာတော့ လင်းရှုကတော့ လူအုပ်ကြီးဆီကနေ လှောင်ပြောင်သံတွေကိုပဲ ရရှိနေပါတယ်။
“လင်းရှု! လင်းရှု!” ယဲ့ရွှမ်းအာနဲ့ သူမရဲ့ သူငယ်ချင်းတွေကတော့ အားရပါးရ အော်ဟစ် အားပေးနေကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသံတွေက တခြားသူတွေရဲ့ အသံတွေကြားထဲမှာ ခဏချင်းပဲ ပျောက်ကွယ်သွားရပါတယ်။
ည ၈ နာရီ ထိုးလိုက်တာနဲ့ ဆရာကြီးယဲ့က လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် - “အချိန်စေ့ပါပြီ၊ နှစ်ဖက်စလုံး အသင့်ပြင်ကြပါ။ ပထမဆုံး အရှုံးပေးတဲ့သူက ပြိုင်ပွဲကို အဆုံးသတ်စေလိမ့်မယ်!”
“မင်း ဒူးထောက်ပြီး အရှုံးပေးမလား၊ ဒါမှမဟုတ် ငါ့လက်ချက်နဲ့ အသေခံမလား?” ထန်းထျန်းက လင်းရှုကို အေးစက်စက် မေးလိုက်ပါတယ်။
“မင်း ခဏနေရင် အရှုံးပေးရင်တောင် ငါကတော့ ရပ်မှာမဟုတ်ဘူး” လင်းရှုက အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်။
“သေချင်နေတာပဲ!” ထန်းထျန်း မျက်နှာ ပျက်သွားပြီး လင်းရှုဆီကို တန်းတန်းမတ်မတ် ပြေးဝင်လာပါတော့တယ်။
ဓားက အေးစက်စက် အလင်းတန်းတွေနဲ့အတူ အိမ်ထဲက ထွက်လာပြီး လင်းရှုရဲ့ လည်ပင်းဆီကို တည့်တည့်ကြီး ဦးတည်လိုက်ပါတယ်။
“ကြေးအဆင့်စွမ်းရည် - ‘သွေးဆာခြင်း’ !”
“ထန်းထျန်းက အရင်ဦးအောင် တိုက်လိုက်တာပဲ၊ အဲဒါကြီးက လူသတ်ကွက်ကြီးလေ!” ကျောင်းသားအချို့က အံ့သြတုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်ကြပါတယ်။
ဒီတိုက်ကွက်က အရမ်းကို မြန်ဆန်လွန်းတာကြောင့် ပြိုင်ဘက်က သတိမထားမိခင်မှာတင် အသက်ပျောက်သွားနိုင်ပါတယ်။
ယဲ့ရွှမ်းအာ ဒါကို မြင်တော့ အသက်ရှူမှားသွားပြီး သူမရဲ့ ရင်ထဲမှာလည်း တဒိတ်ဒိတ် တုန်နေပါတော့တယ်။
“ခလွမ်!”
အဲဒီအချိန်မှာပဲ လင်းရှုရဲ့ မျက်သူငယ်အိမ်တွေ ကျုံ့သွားပြီး လက်ထဲက ငွေရောင်မသေမျိုးဝိညာဉ် လှံရှည်ကြီး လှုပ်ရှားသွားပါတယ်။ လှံဖျားက ဓားသွားကို အမိအရ ပိတ်ဆို့လိုက်တာကြောင့် သတ္တုချင်း ထိခိုက်သံနဲ့အတူ မီးပွားတွေတောင် ထွက်ပေါ်လာပါတော့တယ်။