အခန်း (၂၇) - ကိုယ်ခံပညာတိုက်ပွဲ
‘ငါ့ရဲ့ ခြေလက်လေးဖက်စလုံးကို ချိုးမယ် ဟုတ်လား!?’
ထန်းထျန်း ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့အခါ လင်းရှုရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပါတယ်။
သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး ကို အသက်သွင်းလိုက်ပြီး ထန်းထျန်းရဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ -
ဇာတ်ကောင်: ထန်းထျန်း
အဆင့်: စစ်သည်တော်အဆင့်နီးပါး
ခွန်အား : ၁၀၂
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၇၅
အလျင် : ၄၆
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည် : ၇၅၂
ဒါကို မြင်လိုက်ရတော့ လင်းရှုရဲ့ မျက်သူငယ်အိမ်တွေ ကျုံ့သွားပါတယ်။ ဒီကောင်က တရားဝင်စစ်သည်တော် ဖြစ်တော့မယ့် အခြေအနေမှာ ရှိနေတာပဲ။ သူ့ရဲ့ အလျင်ကလွဲရင် ကျန်တဲ့ အချက်အလက်တွေက လင်းရှုထက် အများကြီး သာလွန်နေပါတယ်။
တောက်!
“ဘုန်း!”
အဲဒီအချိန်မှာပဲ ထန်းထျန်းက တရှိန်ထိုး ပြေးဝင်လာပြီး လင်းရှုကို လက်သီးနဲ့ ထိုးလိုက်ပါတယ်။
သာမန်အခြေအနေမျိုးမှာဆိုရင် လင်းရှု ရှောင်နိုင်ဦးမှာဖြစ်ပေမဲ့ အခုချိန်မှာတော့ သူ့ကိုယ်ပေါ်မှာ ကီလို ၁၀၀ ကျော် အလေးချိန်တွေ ရှိနေတာလေ!
လက်သီးတစ်ချက်က လင်းရှုရဲ့ ရင်ဘတ်ပေါ်ကို ပြင်းပြင်းထန်ထန် ကျရောက်သွားပြီး ရင်ထဲမှာ သွေးတွေ ဆူဝေလာကာ ပါးစပ်ထဲကနေ သွေးတွေ အန်ထွက်လာပါတော့တယ်။
“ရပ်လိုက်စမ်း!” ယဲ့ရွှမ်းအာက ပြေးလာပြီး လင်းရှုရဲ့ အရှေ့မှာ ကာကွယ်ပေးဖို့ ရပ်လိုက်ပါတယ်။
“ဖယ်စမ်း၊ မဖယ်ရင် နင်လည်း သူ့လိုပဲ ဖြစ်သွားမယ်” လို့ ထန်းထျန်းက အေးစက်စက် ပြောလိုက်ပါတယ်။
“မင်း လုပ်ရဲလုပ်ကြည့်လေ!” လင်းရှု ရုတ်တရက် ထရပ်လိုက်ပြီး လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး ဟောက်လိုက်ပါတယ်။
ထန်းထျန်း နောက်ထပ် မတိုက်ခိုက်နိုင်ခင်မှာပဲ လင်းရှုက အရင်ဦးအောင် တိုက်ခိုက်လိုက်ပါတယ်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ” ထန်းထျန်းက နှာခေါင်းရှုံ့လိုက်ပါတယ်။ သူ့မျက်လုံးထဲမှာတော့ လင်းရှုရဲ့ လှုပ်ရှားမှုတွေက အရမ်းကို နှေးကွေးလွန်းနေလို့ပါ။
လင်းရှု တိုက်ခိုက်လာတဲ့အခါ ထန်းထျန်းက မလှုပ်မယှက်ဘဲ မရှောင်ဘဲနဲ့ လက်သီးတစ်ချက် ပြန်ထိုးလိုက်ပါတယ်။
သေသေချာချာ ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့လက်သီးမှာ ထူးဆန်းတဲ့ ချီ အရှိန်အဝါတွေ ပတ်ပတ်လည် ဝန်းရံနေတာကို တွေ့ရမှာပါ။
‘အရင်းအမြစ်စွမ်းအား!?’
လင်းရှု မှင်တက်သွားပါတယ်။ ဒီကောင်က စစ်သည်တော်အဆင့်နီးပါးပဲ ရှိသေးတာကို ကျင့်စဉ်တွေကို သင်ယူပြီး ခန္ဓာကိုယ်ထဲကို အရင်းအမြစ်စွမ်းအင်တွေ စုပ်ယူထားနိုင်နေပြီလား?
သူ့ရဲ့ လက်သီးက လင်းရှုရဲ့ လက်သီးဆီကို ခဏချင်းအတွင်းမှာပဲ ရောက်ရှိလာပါတယ်။
ဒါပေမဲ့ ထန်းထျန်းနဲ့ လင်းရှုတို့ရဲ့ လက်သီးတွေ ထိတွေ့တော့မယ့် အချိန်မှာပဲ သူက လက်သီးကို ဖြန့်လိုက်ပြီး လင်းရှုရဲ့ လက်မောင်းကို အမိအရ ဖမ်းဆုပ်လိုက်ပါတယ်။ အဲဒီနောက် သူက အားနဲ့ ညှစ်လိုက်တဲ့အခါ “ဂျွတ်” ခနဲ အသံနဲ့အတူ အရိုးကျိုးသံကြီး ထွက်ပေါ်လာပါတယ်။
လင်းရှု သွားကြိတ်ထားမိပြီး ပြင်းထန်တဲ့ နာကျင်မှုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားရပါတယ်။
အဲဒီနောက်မှာတော့ ထန်းထျန်းက သူ့ရဲ့ ညာဘက်ခြေထောက်နဲ့ လှဲကန်လိုက်တာကြောင့် လင်းရှု မြေပြင်ပေါ်ကို လဲကျသွားပါတော့တယ်။
“သူ့ခြေထောက်တွေကိုပါ ချိုးပစ်လိုက်!” ထန်းဖျင်ကို ဆေးခန်းပို့ပေးပြီး ကျန်ရစ်ခဲ့တဲ့ ထန်းဖျင်ရဲ့ လူတွေက ဘေးကနေ အော်ဟစ်အားပေးနေကြပါတယ်။
ထန်းထျန်းဟာ ယဲ့ရွှမ်းအာက သူ့ကို တားဖို့ ပြေးလာတာကို မြင်တော့ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပါတယ်။ အဲဒီလက်ဝါးက ထွက်လာတဲ့ လေဟုန်ကြောင့် ယဲ့ရွှမ်းအာဟာ ချက်ချင်းပဲ မြေပြင်ပေါ်ကို လဲကျသွားပါတော့တယ်။
“မင်းကို အသုံးမကျတဲ့သူ တစ်ယောက်ဖြစ်အောင် လုပ်ရုံတင်မကဘူး၊ ဒုက္ခိတပါ ဖြစ်အောင် လုပ်ပစ်မယ်။” ထန်းထျန်းက ယုတ်မာတဲ့ အပြုံးနဲ့ ပြောလိုက်ပြီး သူ့ရဲ့ ညာဘက်ခြေထောက်ကို မြှောက်ကာ လင်းရှုရဲ့ ခြေထောက်ပေါ်ကို နင်းချဖို့ ပြင်လိုက်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာကြီးမှာတောင်မှ အရိုးတွေ အစိပ်စိပ်အမွှာမွှာ ကျိုးသွားရင်တော့ အရင်အတိုင်း ပြန်ဖြစ်ဖို့ မလွယ်တော့ဘဲ ခြေတုတွေနဲ့ပဲ အစားထိုးရမှာပါ။ ဒါဟာ စစ်သည်တော်တစ်ယောက်အတွက်တော့ သေမိန့်ကျသလိုပါပဲ။
လင်းရှုရဲ့ မျက်သူငယ်အိမ်တွေ ကျုံ့သွားပြီး ချွေးစေးတွေ ပြန်လာပါတယ်။ အခုချိန်မှာ သူ ပြန်ပြီး ခုခံနိုင်စွမ်း မရှိတော့ပါဘူး။
အားနည်းလိုက်တာ။ ငါ တကယ်ကို အားနည်းလွန်းသေးတယ်!
“ရပ်လိုက်စမ်း!”
ထန်းထျန်းက လင်းရှုရဲ့ ညာဘက်ခြေထောက်ကို နင်းချတော့မယ့် အချိန်မှာပဲ အသံတစ်သံ ဟိန်းထွက်လာပါတယ်။
ထန်းထျန်းက အသံလာရာဘက်ကို လှည့်ကြည့်လိုက်ပေမဲ့ ဂရုမစိုက်ဘဲ ဆက်ပြီး နင်းချဖို့ လုပ်ပါတယ်။
“ဘုန်း!” သူ့ခြေထောက်က နင်းချလိုက်ပေမဲ့ ထန်းထျန်းဟာ ရုတ်တရက် အင်အားတစ်ခုကို ခံစားလိုက်ရပြီး တုန်လှုပ်သွားကာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတယ်။
“ထန်းထျန်း! မင်း ဘာလုပ်နေတာလဲ!” ဆရာလော့လီက ထန်းထျန်းကို စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။ လင်းရှု ဘာမှမဖြစ်တာကို မြင်တော့မှ သူ သက်ပြင်းချနိုင်ပါတော့တယ်။
လင်းရှုက သိသိသာသာ တိုးတက်လာတဲ့သူဖြစ်ပြီး ဒီအတိုင်းသာ ဆက်သွားရင် တကယ့်ကို အစွမ်းထက်တဲ့သူ ဖြစ်လာမှာပါ။ သူ့ခြေထောက်တွေသာ ထန်းထျန်းလက်ချက်နဲ့ ပျက်စီးသွားရင် တကယ့်ကို နှမြောဖို့ ကောင်းမှာလေ။
“အော်... ဆရာလော့လီပါလား။” ထန်းထျန်းက အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။ ဆရာလော့လီက အကယ်ဒမီက ဆရာတစ်ယောက် ဖြစ်နေတာကိုတောင် သူက ဂရုမစိုက်တဲ့ ပုံစံမျိုးပါ။
“စီနီယာ တစ်ယောက်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသားကို အနိုင်ကျင့်နေတာလား?” ဆရာလော့လီက မျက်မှောင်ကြုတ်ပြီး ပြတ်ပြတ်သားသား မေးလိုက်ပါတယ်။
ဆရာလော့လီဟာ ထန်းထျန်းရဲ့ အမူအရာကို တော်တော်လေး မကျေမနပ် ဖြစ်နေပေမဲ့ ထန်းထျန်းက ထန်းမိသားစုက ဖြစ်နေတာကိုး။ ထန်းမိသားစုက ဒီနယ်မြေမှာ သြဇာအာဏာ ရှိတဲ့အပြင် ဒီအကယ်ဒမီ တည်ဆောက်ရေးမှာလည်း အလှူငွေတွေ ထည့်ဝင်ထားတာလေ။
“သူက ကျွန်တော့်ညီ ထန်းဖျင်ရဲ့ လက်ကောက်ဝတ်ကို အရင်ချိုးခဲ့တာဗျ” လို့ ထန်းထျန်းက အေးစက်စက် ပြောပါတယ်။
သူက လင်းရှုကို သေလူတစ်ယောက်လိုမျိုး ကြည့်နေပါတယ်။ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဘယ်သူမှ သူ့ကို တားလို့မရပါဘူး။ အခုချိန်မှာ လင်းရှုရဲ့ ခြေလက်တွေကို မချိုးနိုင်ရင်တောင် ကျောင်းဆင်းချိန် ဒါမှမဟုတ် ကျောင်းပိတ်ရက်တွေမှာ သူ လုပ်နိုင်တာပဲလေ။ ဆရာလော့လီက အမြဲတမ်း လင်းရှုနားမှာ ရှိနေမှာတဲ့လား?
“ဟုတ်ပါတယ်၊ လင်းရှုက ကျွန်တော်တို့ကို အရင် အနိုင်ကျင့်တာပါ!” ထန်းဖျင်ရဲ့ အပေါင်းအပါတွေကလည်း အဲဒီအချိန်မှာ ဝင်ပြောကြပါတယ်။
“ထန်းဖျင်က အစမ်းသပ်ခံ လုပ်ချင်တယ်လို့ ပြောပြီးတော့ အစမ်းသပ်ခံနေတုန်းမှာ အစ်ကိုကြီး လင်းရှုရဲ့ ဦးခေါင်းကို လက်ဝါးနဲ့ ရိုက်ဖို့ လုပ်ခဲ့တာ။ သူက လင်းရှုရဲ့ အသက်ကို ရန်ရှာဖို့ လုပ်ခဲ့တာပါ!” ယဲ့ရွှမ်းအာဟာ ထန်းထျန်းရဲ့ လက်ဝါးချက်ကြောင့် လွင့်ထွက်သွားခဲ့ပေမဲ့ ဒဏ်ရာတော့ မရခဲ့ပါဘူး။
“ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ အကယ်ဒမီကပဲ ဆုံးဖြတ်လိမ့်မယ်။” ဆရာလော့လီက အေးစက်စက် ပြောလိုက်ပါတယ်။
ဒီပတ်ဝန်းကျင်မှာ ကင်မရာတွေ ရှိတာကြောင့် တကယ် ဘာဖြစ်ခဲ့လဲဆိုတာ နောက်မှ သူတို့ စစ်ဆေးလို့ ရပါတယ်။
ထန်းထျန်း မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ထွက်သွားဖို့ လုပ်ပါတယ်။
“ထန်းထျန်း... မင်းနဲ့ ငါ ကိုယ်ခံပညာတိုက်ပွဲ တစ်ပွဲ ဆင်နွှဲချင်တယ်။” အဲဒီအချိန်မှာ လင်းရှုက မတ်တပ်ရပ်ပြီး ထန်းထျန်းကို ပြောလိုက်ပါတယ်။
ထန်းထျန်း ခြေလှမ်းတွေ ရပ်သွားပြီးမှ ခေါင်းကို လှည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပါတယ် - “မင်း သေချာလား?”
“လင်းရှု! မိုက်မဲမနေစမ်းနဲ့!” လင်းရှု ပြောတာကို ကြားတော့ ဆရာလော့လီက လင်းရှုရဲ့ လက်မောင်းကို အမြန်ဆွဲလိုက်ပါတယ်။
ကိုယ်ခံပညာတိုက်ပွဲ ဆိုတာ နောက်ထပ် နာမည်တစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့ ‘အသက်သေဆုံးနိုင်တဲ့ တိုက်ပွဲ’ပါပဲ!
လူနှစ်ယောက်ဟာ တစ်ဖက်လူ အရှုံးမပေးမချင်း ကြိုက်သလို တိုက်ခိုက်နိုင်ပြီး သေဆုံးခဲ့ရင်တောင် ဘယ်သူမှ တာဝန်ယူစရာ မလိုတဲ့ တိုက်ပွဲမျိုးပါ။
“မင်း မရဲဘူးလား?” လင်းရှုက မျက်လုံးလေးတွေ ကျဉ်းမြောင်းပြီး မေးလိုက်ပါတယ်။
“ရယ်စရာပဲ။”
“ငါ မရဲဘူးလို့ မင်း ထင်နေတာလား?” ထန်းထျန်း ရယ်မောလိုက်ပါတယ်။
“သုံးရက်အကြာမှာ ကိုယ်ခံပညာခန်းမမှာ တွေ့ကြတာပေါ့။”
“အစ်ကိုကြီး လင်းရှု... ကိုယ်ခံပညာတိုက်ပွဲ ဆိုတာ ဘာလဲဟင်?” ထန်းထျန်း ထွက်သွားတာကို မြင်တော့ ယဲ့ရွှမ်းအာက လင်းရှုကို စိုးရိမ်တကြီး မေးပါတယ်။
“သာမန် အစမ်းသပ်ခံပွဲ တစ်ခုပါပဲ။” လင်းရှု ပြုံးပြရင်း ဆရာလော့လီကို ကြည့်လိုက်ပါတယ်။
“ဒါဆိုရင်တော့ သတိထားနော်...” လို့ ယဲ့ရွှမ်းအာက ပြောပါတယ်။ မကြာခင်မှာပဲ ဆရာက လှမ်းခေါ်တာကြောင့် သူမ ထွက်သွားပါတော့တယ်။
“မင်း တကယ်ပဲ သူနဲ့ တိုက်မှာလား?” ဆရာလော့လီက မေးလိုက်ပါတယ်။
“မင်းမှာ အရည်အချင်းတွေ အများကြီး ရှိတယ်၊ အချိန်တိုအတွင်းမှာလည်း အများကြီး တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ထန်းထျန်းက မကြာခင် တရားဝင်စစ်သည်တော် ဖြစ်တော့မယ့်သူလေ။ မင်းသာ သူနဲ့ တိုက်ရင် အနိုင်ရဖို့ အခွင့်အရေးက သုညနီးပါးပဲ ရှိလိမ့်မယ်။”
“ကျွန်တော် ဆုံးဖြတ်ပြီးသားပါ” လင်းရှု ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။
သူ့ကို တခြားလူတွေက လာပြီး နင်းခြေတာကို ခေါင်းငုံ့ခံနေရတာက သူ့စတိုင် မဟုတ်ပါဘူး။ ပြီးတော့ အရင်က လင်းရှုဟာ အများကြီး ခံစားခဲ့ရပြီးပြီလေ။
အဆောင်ကို ပြန်ရောက်တဲ့အခါ လင်းရှုဟာ အိတ်ထဲက ဆေးပုလင်းကို ထုတ်ပြီး သူ့ရဲ့ ကျိုးသွားတဲ့ လက်ပေါ်ကို လိမ်းလိုက်ပါတယ်။
အစကတော့ သူ ဒီဆေးရဲ့ အာနိသင်ကို စမ်းကြည့်ချင်ရုံတင်ပါ။ ဒါပေမဲ့ လင်းရှုကို အံ့သြသွားစေတာကတော့ ဒီဆေးဟာ တကယ်ကို ကောင်းလွန်းနေတာပါပဲ။ သူ့ရဲ့ ကျိုးသွားတဲ့ လက်က စတင်ပြီး သက်သာလာသလို ထုံကျဉ်ကျဉ် ခံစားချက်မျိုးလည်း ရရှိစေပါတယ်။