အခန်း ၂၀၀ - အဆင့် ၉ သို့ ချဉ်းကပ်နေခြင်း!?
ဟူး... ဟူး...
အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ချန်ဖန်းသည် မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်၊၊
သူ၏ဒဏ်ရာမှ သွေးထွက်ခြင်းမှာ လုံးဝရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာနေပြီ ဖြစ်သည်၊၊
"တောက်... ငါ့အဖွဲ့ထဲက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လက်မောင်းအသစ်တစ်ခု တပ်ရမယ် ထင်တယ်၊၊" ချန်ဖန်းသည် စိတ်ထဲမှ ရေရွတ်လိုက်သည်၊၊
လင်းရှုကို တွေးမိသည်နှင့် သူ၏မျက်ဝန်းအိမ်များတွင် အမုန်းတရားများဖြင့် ပြည့်နှက်သွားတော့သည်၊၊
သူ၏ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူ၏မျက်နှာထက်တွင် ယုတ်မာသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်၊၊ "ငါ မထွက်သွားခင်မှာ သူတို့ကို လက်ဆောင်အကြီးကြီးတစ်ခု ပေးခဲ့ရဦးမယ်၊၊"
"ဒါသာ နိုးထလာမယ်ဆိုရင် ဒီနေရာမှာရှိတဲ့သူအားလုံး သေကြရလိမ့်မယ်...!!!"
လင်းရှုနှင့် လျိုယွဲ့တို့သည် ရှေ့သို့ ဆက်လက်ခရီးဆက်ခဲ့ကြသည်၊၊
လင်းရှုသည် ထူထပ်လှသော မြူနှင်းများကြောင့် အမြဲတမ်း သတိဝီရိယထားနေပြီး အနက်ရောင်အစွန်း လှံရှည်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်၊၊ သူ၏မျက်လုံးများမှာလည်း အန္တရာယ်များကို စူးစမ်းရှာဖွေနေသည်၊၊
"ဒါက မြို့လယ်ခေါင်ဘက်ကို ဦးတည်နေတာလား..." လင်းရှုက မေးလိုက်သည်၊၊
"အင်း..." လျိုယွဲ့က ခေါင်းညိတ်ပြသည်၊၊
သူမသည်လည်း သူမ၏လက်နက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်၊၊ သူတို့ပတ်ဝန်းကျင်ရှိ နေရာမှာ ထူးဆန်းနေကြောင်း သူမ အာရုံခံမိနေသည်၊၊
တစ်စုံတစ်ရာက သူတို့ကို ချောင်းမြောင်းစောင့်ကြည့်နေသည့်အလားပင်၊၊
သူတို့ ရှေ့သို့ ဆက်လျှောက်လာကြစဉ်မှာပင် လျိုယွဲ့သည် သူမ၏ ညာဘက်ခြေထောက်ဖြင့် ကျောက်ခဲလေးတစ်လုံးကို ရှေ့သို့ ကန်ထုတ်လိုက်သည်၊၊
ဒုန်း...
ကျောက်ခဲလေးမှာ တစ်စုံတစ်ခုကို ထိမှန်သွားပြီး ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်၊၊
ဝူး...
ထိုအသံနှင့်အတူ ဟောင်သံတစ်ခုပါ ထွက်ပေါ်လာသည်၊၊
လျိုယွဲ့ ကန်ထုတ်လိုက်သော ကျောက်ခဲလေးမှာ ဆင့်ကဲပြောင်းလဲထားသော သားရဲတစ်ကောင်ကို တိုက်ရိုက် ထိမှန်သွားခြင်း ဖြစ်သည်၊၊
သူတို့ ရှေ့သို့ အာရုံစိုက်ကြည့်လိုက်သည့်အခါ ဗီဇပြောင်း မျက်လုံးနီခွေးတစ်ကောင် သူတို့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်၊၊ ၎င်း၏ မျက်လုံးတစ်ဖက်တွင် ကျောက်ခဲလေး တစ်ခု စိုက်ဝင်နေသည်၊၊
ကြည့်ရသည်မှာ ထိုမျက်လုံးနီခွေးသည် မြူနှင်းများကြားတွင် ပုန်းကွယ်နေစဉ် လျိုယွဲ့ ကန်ထုတ်လိုက်သော ကျောက်ခဲက ၎င်း၏ မျက်လုံးကို တိုက်ရိုက် ထိမှန်သွားခြင်း ဖြစ်ရမည်၊၊
"သူတို့ ငါတို့နောက်ကို လိုက်နေတာလား..." မျက်လုံးနီခွေးကို မြင်လိုက်ရသည့်အခါ လင်းရှု အံ့အားသင့်သွားရသည်၊၊
သူတို့သည် မူလတိုက်ပွဲဖြစ်ပွားရာနေရာမှ ထွက်ခွာလာခဲ့သည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်သည်၊၊ ထိုသတ္တဝါများက သူတို့နောက်ကို လိုက်ပါလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း၊၊
'ဒါက တော်တော်လေး ကြောက်စရာကောင်းတာပဲ မဟုတ်လား၊၊'
ပထမဆုံးသော မျက်လုံးနီခွေး ပြေးထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ နောက်ထပ် အကောင်များစွာ ထွက်ပေါ်လာပြီး သူတို့ကို ဝိုင်းရံလိုက်ကြတော့သည်...!!!
သူတို့၏ ခန္ဓာကိုယ်များမှာ ကြီးမားလှပြီး အလွန်ရှည်လျားကာ ထက်မြက်သော သွားများ ရှိကြသည်၊၊ သူတို့၏ အသွင်အပြင်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်၊၊
လင်းရှု မျက်မှောင်ကြုတ်လိုက်ကာ လျိုယွဲ့နှင့်အတူ အရပ်မျက်နှာအသီးသီးသို့ ပြန်လည် တိုက်ခိုက်လိုက်ကြသည်၊၊
သူသည် အနက်ရောင်အစွန်း လှံရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဝေ့ယမ်းလိုက်ရာ မီးတောက်ငှက်များစွာ ထွက်ပေါ်လာပြီး ခွေးများထံသို့ ပျံသန်းသွားတော့သည်၊၊
"မင်းတို့ကို ခွေးသားကင် ဖြစ်အောင် လုပ်ပစ်မယ်...!" လင်းရှုက နှာခေါင်းရှုံ့လိုက်ရင်း မီးတောက်ငှက်များဖြင့် ဗီဇပြောင်း မျက်လုံးနီခွေးများကို တိုက်ခိုက်လိုက်သည်၊၊
ဝုန်း... ဝုန်း...
မီးတောက်ငှက်များက မျက်လုံးနီခွေးများကို ထိမှန်လိုက်သည်နှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်၊၊
အူး...
မီးလျှံများ ဝိုင်းရံခြင်း ခံထားရသော အဆင့် (၅) ဗီဇပြောင်း မျက်လုံးနီခွေးများမှာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်၊၊
လင်းရှုသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ရှေ့သို့ တရှိန်ထိုး ပြေးဝင်သွားသည်၊၊
"နှင်းဆီမုန်တိုင်း ...!!!!!"
လင်းရှု၏ စွမ်းရည်အောက်တွင် လှံဦးမှာ အေးစက်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ထိုးနှက်လိုက်သည်၊၊
မီးလျှံများကြားတွင် လောင်ကျွမ်းနေသော မျက်လုံးနီခွေးများမှာ မည်းတူးနေပြီ ဖြစ်သည်၊၊ သူတို့ မသိလိုက်ခင်မှာပင် လင်းရှု၏ လှံသည် ရုတ်တရက် ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်၊၊
လင်းရှုသည် သူ၏ လက်နက်တိုက်ထဲတွင် လှံပညာ စွမ်းရည်များ နည်းပါးနေသေးကြောင်း ခံစားလိုက်ရသည်၊၊
'ငါ ပြန်ရောက်တာနဲ့ စွမ်းရည်အသစ်တွေ ထပ်ပြီး သင်ယူရမယ်၊၊'
"ဖယ်စမ်း...!" မီးလျှံများ ဖုံးလွှမ်းနေသော မျက်လုံးနီခွေးတစ်ကောင်၏ ဦးခေါင်းကို ခြေမှုန်းပစ်လိုက်ပြီးနောက် မလောင်ကျွမ်းသေးသော အခြားအကောင်များက သူ့ထံသို့ ထပ်မံ ပြေးဝင်လာကြပြန်သည်၊၊
လင်းရှု၏ မျက်ဝန်းများ အမူအရာ ပြောင်းလဲသွားပြီးနောက် ဟိန်းဟောက်လိုက်ကာ သူ၏ ဘယ်ဘက်လက်သီးဖြင့် မျက်လုံးနီခွေးတစ်ကောင်ကို ထိုးနှက်လိုက်သည်၊၊
"ငွေရောင်မိုးကြိုးပေါက်ကွဲခြင်း လက်သီး ....!!!!"
ဒုန်း...
လင်းရှု၏ လက်သီးမှာ မျက်လုံးနီခွေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ လျှပ်စီးပတ်လမ်းများက ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်၊၊ ပြင်းထန်လှသော ခွန်အားနှင့် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများကြောင့် မျက်လုံးနီခွေးမှာ တခဏချင်းမှာပင် ပါးစပ်မှ အမြှုပ်များ ထွက်လာတော့သည်၊၊
ဒုန်း...
လင်းရှုသည် ၎င်းကို အခွင့်အရေး မပေးတော့ဘဲ အနက်ရောင်အစွန်း လှံရှည်ဖြင့် ၎င်း၏ ဦးခေါင်းကို ထိုးဖောက်လိုက်သည်၊၊
လျိုယွဲ့သည်လည်း သူမ၏ အရှိန်အဟုန်ကို လျှော့ချခြင်း မရှိပေ၊၊ သူမသည် လင်းရှု၏ ဖိအားပေးမှုနှင့်အတူ ပတ်ဝန်းကျင်ရှိ အခြား မျက်လုံးနီခွေးများကို လျင်မြန်စွာ ရှင်းလင်းလိုက်သည်၊၊
လင်းရှုသည် ၎င်းတို့ (၁၀) ကောင်ကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံ (၁၀) သန်း ရရှိလိုက်သည်၊၊
"ဂူးဂူး၊၊" ရိုလီသည် လိမ့်ထွက်လာပြီး အလောင်းများပေါ်သို့ ခုန်တက်ကာ ဆန်းကြယ်ပုံဆောင်ခဲ အားလုံးကို ဆွဲထုတ်လိုက်သည်၊၊
"မင်းရဲ့ ဒီသတ္တဝါလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ၊၊" ရိုလီက ဆန်းကြယ်ပုံဆောင်ခဲ အပုံလိုက်ကို ပိုက်ကာ အိတ်ထဲသို့ ထည့်နေသည်ကို မြင်လိုက်ရသည့်အခါ လျိုယွဲ့က စိတ်ဝင်တစား ပြောလိုက်သည်၊၊
ရိုလီသည် လျိုယွဲ့ကို ကြောက်ရွံ့နေပုံရသည်၊၊ လျိုယွဲ့က သူ့ကို ပိုင်းဖြတ်ပြီး သုတေသန လုပ်မည်ကို စိုးရိမ်နေသည့်အလား သူ၏ ဦးခေါင်းကို ပိုက်ကာ လင်းရှု၏ အိတ်ထဲသို့ လျင်မြန်စွာ ငုပ်လျှိုးဝင်ရောက်သွားတော့သည်၊၊
"အမှန်အတိုင်း ပြောရရင် သူ ဘာကောင်လဲဆိုတာ ငါလည်း မသိဘူး၊၊" လင်းရှုက ပခုံးတွန့်ကာ အားကိုးရာမဲ့စွာ ဆိုလိုက်သည်၊၊
အဆုံးစွန်တွင် ၎င်းမှာ ထူးဆန်းသော သတ္တဝါတစ်ကောင်သာ ဖြစ်ပြီး ဆင့်ကဲပြောင်းလဲထားသော သားရဲများနှင့်လည်း မတူညီပေ၊၊
လင်းရှုကတော့ သူ့ကို အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လိုသာ သဘောထားသည်၊၊
"ဒါပေမဲ့ ဒီမှာ အဆင့် (၅) သားရဲတွေ တော်တော်များတာပဲ၊ တကယ်လို့ တခြားအသင်းတွေသာ ဒီကို ရောက်လာရင် သူတို့တွေ အများကြီး အသတ်ခံရနိုင်တယ် မဟုတ်လား..." လင်းရှုက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ပြောလိုက်သည်၊၊
ထိုနေရာတွင် စုစုပေါင်း (၂၀) ခန့် ရှိနေသည်၊၊
ဗီဇပြောင်း မျက်လုံးနီခွေးများသည် အုပ်စုလိုက် အမဲလိုက်တတ်သော သားရဲများ ဖြစ်ကြသည်၊၊ သူတို့သည် အချို့ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း နောက်ထပ် အကောင်များစွာမှာ မြူနှင်းများကြားမှ ပြန်လည်ရောက်ရှိလာကြပြီး သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြံရွယ်နေကြဆဲ ဖြစ်သည်၊၊
ရုတ်တရက်ပင် အဝေးတစ်နေရာမှ ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရသည်၊၊
၎င်းမှာ တစ်စုံတစ်ခု ပေါက်ကွဲသွားသည့်အသံနှင့် တူလှသည်၊၊
မြေပြင်တစ်ခုလုံးမှာလည်း စတင် တုန်ခါလာတော့သည်၊၊
'ဘာတွေ ဖြစ်နေတာလဲ...?!'
လင်းရှုသည် ဘေးရှိ တိုင်တစ်ခုကို အားပြုကိုင်ထားရင်း မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်၊၊
မြေပြင် တုန်ခါလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မြူနှင်းများမှာလည်း တဖြည်းဖြည်း လွင့်စင်သွားတော့သည်၊၊
သူတို့၏ မြင်ကွင်းမှာ ပိုမို ရှင်းလင်းလာခဲ့သည်၊၊
အဝေးတစ်နေရာတွင် မြို့လယ်ခေါင်၌ တိမ်တိုက်များကို ဖောက်ထွက်နေသည့်အလား ထင်ရသော အလွန်မြင့်မားသည့် အဆောက်အဦးကြီးတစ်ခုကို သူတို့ တွေ့လိုက်ရသည်၊၊
ထိုအဆောက်အဦးပေါ်တွင် ပေါက်ကွဲမှုများစွာ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အောက်ခြေတွင်မူ ဧရာမ သတ္တဝါကြီးတစ်ကောင်မှာ နိုးထလာကာ ၎င်း၏ အတောင်ပံများကို ခတ်နေပုံရသည်၊၊
လင်းရှုသည် အဝေးမှပင် ထိုသတ္တဝါကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားနေရသည်၊၊
ပတ်ဝန်းကျင်၌ လေပြင်းများမှာလည်း တဖြည်းဖြည်း တိုက်ခိုက်လာသည်၊၊ လင်းရှုမှာ ထိတ်လန့်သွားရသည်၊၊ ထိုသတ္တဝါကြီးမှာ အတောင်ပံ ခတ်လိုက်ရုံမျှဖြင့် ဤမျှလောက်သော အကျိုးသက်ရောက်မှုများကို ဖန်တီးနိုင်သည်မှာ အံ့ဩစရာပင်၊၊
လင်းရှုသည် အေးစက်သော လေကို ရှူသွင်းလိုက်မိသည်၊၊ ထိုအရာသည် အဆင့် (၉) ဆင့်ကဲပြောင်းလဲထားသော သားရဲ ဖြစ်နေနိုင်ပါသလား...?!