“မင်း ဘာလုပ်တာလဲ?” ရန်ထျန်းက မကျေမနပ်နဲ့ လှမ်းမေးလိုက်ပါတယ်။ သူက ဖန်သားပြင်ပေါ်မှာ တင်ထားတဲ့ တာဝန် တွေကို ကြည့်ပြီး ဆုလာဘ်တွေရဖို့ သူလုပ်နိုင်တာရှိမလား ရှာနေတုန်းမှာ အတွန်းခံလိုက်ရတာပါ။
“ဘာလဲ? မင်းက ချချင်လို့လား?” ရန်ထျန်း ဒေါသထွက်နေတာကို မြင်တော့ သူ့ကို တွန်းထုတ်လိုက်တဲ့ ကောင်လေးက ခနဲ့တဲ့တဲ့ ရယ်မောရင်း အေးစက်စက် ပြန်ပြောလိုက်ပါတယ်။
“မင်း...!” ရန်ထျန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ သူ့စိတ်ထဲမှာ ဒေါသတွေ ပြည့်နေပေမဲ့ သူ့မှာ အင်အားမရှိပါဘူး။
သူ့ရှေ့ကလူက စစ်သည်တော်လောင်း တစ်ယောက်ဖြစ်ပြီး ရန်ထျန်းရဲ့ အင်အားနဲ့ဆိုရင်တော့ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။
“အတန်း (၂၉) ကလူတွေက လူစာရင်းရဲ့ အောက်ဆုံးကပဲ၊ မင်းတို့ ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် အတူတူပါပဲကွာ။”
“အော်... ဟုတ်သားပဲ။ မင်းတို့အတန်းထဲမှာ အမှိုက် လင်းရှု ရှိတယ်လို့ ငါကြားတယ်၊ အမှိုက်အတန်းဆိုတော့လည်း ထိုက်တန်ပါတယ်လေ။”
လီယွမ် က နှာခေါင်းရှုံ့ရင်း ပြောလိုက်ပါတယ်။
“ခွင့်ပြုပါဦး။” အဲဒီအချိန်မှာပဲ သူ့ဘေးနားကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
လီယွမ် လှည့်ကြည့်လိုက်တဲ့အခါ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ လင်းရှုကို တွေ့လိုက်ရပါတယ်။
သုံးရက်ကြာ လေ့ကျင့်ပြီးနောက်မှာတော့ လင်းရှုရဲ့ အရှိန်အဝါက ပြောင်းလဲသွားပါပြီ။ တကယ်လို့ သူ့ကို ဘယ်သူမှန်း မသိရင် ရှင်းယောင်အကယ်ဒမီက အမှိုက်လင်းရှုလို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။
“ဘာခွင့်ပြုရမှာလဲ... မင်းအမေကိုသွားပြောလေ။” လီယွမ်က သူ့ကို အေးစက်စက် ကြည့်ပြီး ပြန်ပြောလိုက်ပါတယ်။
လင်းရှုရဲ့ အကြည့်တွေ ပြောင်းလဲသွားပြီး လက်ကို ဆန့်ထုတ်ကာ လီယွမ်ဆီကို တိုက်ခိုက်လိုက်ပါတော့တယ်။
“စစ်သည်တော်ပေါက်စကလား? သေချင်နေတာပဲ!” လီယွမ်က ရယ်မောလိုက်ပြီး သူ့ရဲ့ ညာဘက်လက်သီးကို အသာအယာ ဆုပ်လိုက်ကာ ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်သီးချင်း တည့်တည့် တိုးမိသွားကြပါတယ်။
ပြင်းထန်တဲ့ ထိခိုက်သံကြီး ထွက်ပေါ်လာပါတယ်။ မူလကတော့ သူ့လက်သီးက လင်းရှုရဲ့ လက်သီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလိမ့်မယ်လို့ သူ ယုံကြည်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လင်းရှုရဲ့ လက်သီးက ဘာမှမဖြစ်တဲ့အပြင် သူ့လက်သီးကသာ နာကျင်နေတာကို တွေ့လိုက်ရလို့ သူ အံ့သြသွားပါတယ်။
လီယွမ်က တွေဝေမနေဘဲ လင်းရှုရဲ့ ရင်ဘတ်ကို ကန်ဖို့ ညာဘက်ခြေထောက်ကို ထုတ်သုံးလိုက်ပါတယ်။
ဒါပေမဲ့ လင်းရှုက ကြိုသိနေသလိုပါပဲ။ သူ့ရဲ့ ကိုယ်နေဟန်ထားက ချက်ချင်း ပြောင်းလဲသွားပြီး အဲဒီကန်ချက်ကို ရှောင်လိုက်ပါတယ်။
သူက ပြောင်းပြန်ကန်ချက် တစ်ချက်နဲ့ ပြန်ကန်လိုက်ပြီး လီယွမ်ကို အဝေးကို တွန်းထုတ်လိုက်ပါတယ်။
ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ!
လီယွမ်ဟာ အံ့သြတုန်လှုပ်သွားပြီး သူ့မျက်နှာမှာ ထိတ်လန့်မှုတွေ ပေါ်လာပါတယ်။
လင်းရှု မျက်လုံးလေး မှေးလိုက်ပါတယ်။ ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး ကနေတစ်ဆင့် လီယွမ်ရဲ့ ခွန်အားက သူ့ထက် သာနေပေမဲ့ သူက လီယွမ်ထက် ပိုမြန်နေတယ်ဆိုတာကို သူ သိလိုက်ရပါတယ်။
“မင်းမှာ အစွမ်းအစ အနည်းငယ် ရှိပုံရသားပဲ။” လီယွမ်က တည်တည်ငြိမ်ငြိမ် ဖြစ်သွားပြီး သူ့ရဲ့ ခွန်အားအားလုံးကို အသုံးချလိုက်ကာ လင်းရှုဆီကို ပြေးဝင်လာပါတော့တယ်။
“ပေါက်ကွဲလက်သီး !”
ကြေးအဆင့်စွမ်းရည် - ပေါက်ကွဲလက်သီး!
နာမည်အတိုင်းပါပဲ၊ ဒီစွမ်းရည်ကို လေ့ကျင့်ထားရင် လက်သီးတစ်ချက် ထိုးတိုင်းမှာ ပေါက်ကွဲသံတွေ ထွက်ပေါ်စေတာပါ။
ဒီလက်သီးဒဏ်ကို ခံရတဲ့သူတွေဟာ အရိုးတွေ ကျိုးသွားတတ်သလို၊ အတွင်းကြေဒဏ်ရာတွေ ရပြီး သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
လင်းရှု မျက်မှောင်ကြုတ်လိုက်မိပါတယ်။ စွမ်းရည်တွေကို သင်ယူဖို့ ခက်ခဲပြီး တရားဝင်စစ်သည်တော်တွေမှသာ ဒါတွေကို နားလည်နိုင်စွမ်း ရှိတယ်ဆိုတာ သူ သိထားတာကိုး။
ဒါပေမဲ့ လီယွမ်ကတော့ "ပေါက်ကွဲလက်သီး" ကို ကျွမ်းကျင်စွာ အသုံးပြုနေပါတယ်။
“ဘုန်း၊ ဘုန်း၊ ဘုန်း!” ဆက်တိုက်ဆိုသလို လေဟာနယ် ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး လင်းရှုမှာ ရှောင်တိမ်းနေရုံကလွဲလို့ တခြားမရှိပါဘူး။
သူ ဘယ်လောက်တောင် သန်မာလာတာလဲ? ကျန်းရိက ဒီတိုက်ပွဲကို ကြည့်ရင်း သူ့မျက်နှာ ညိုညင်လာပါတယ်။
တကယ်တမ်း ပြောရရင် သူကိုယ်တိုင်တောင် လီယွမ်ရဲ့ မြန်ဆန်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲလက်သီးတွေကို အောင်အောင်မြင်မြင် ရှောင်နိုင်ပါ့မလား မသေချာပါဘူး။ ဒါပေမဲ့ လင်းရှုကတော့ လီယွမ်ရဲ့ တိုက်ကွက်တွေကို ကြိုသိနေသလိုမျိုး တိုက်ကွက်တိုင်းကို ရှောင်နိုင်နေတာပါ။
‘တောက်! "ဒေါသအမျက်"က စောင့်ဆိုင်းချိန် သုံးရက်တောင် ရှိနေတာပဲ၊ မဟုတ်ရင် ငါ သူ့ကို အခုချက်ချင်း အနိုင်ပိုင်းနိုင်မှာ’
လင်းရှု သွားကြိတ်ရင်း လီယွမ်ရဲ့ တိုက်ခွက်အချို့ကို ထပ်ပြီး ရှောင်တိမ်းလိုက်ပါတယ်။
လီယွမ်ကတော့ ပျော်ရွှင်စွာ ပြုံးနေပါတယ်။ အတန်း (၂၉) က ကျောင်းသားတစ်ယောက်က သူ့ကို ယှဉ်ချင်နေတာလား?
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ လင်းရှုက အခွင့်အရေးကို အရယူလိုက်ပါတယ်။ လီယွမ် လက်သီးတစ်ချက် ထိုးလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ ညာဘက်လက်မောင်းကို ဖမ်းချုပ်လိုက်ပြီး အားနဲ့ လိမ်ချိုးလိုက်ပါတော့တယ်။
“ဂျွတ်!” ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး လီယွမ်ရဲ့ လက်မောင်းက ၉၀ ဒီဂရီလောက်အထိ လိမ်သွားပါတော့တယ်!
လီယွမ်ရဲ့ ကိုယ်ပိုင်အားရှိန်ကိုပဲ အသုံးချပြီး ပြန်တိုက်ခိုက်လိုက်တာပါ။
“အားးးးး!!!” လီယွမ် မျက်လုံးပြူးသွားပြီး အကျယ်ကြီး အော်ဟစ်လိုက်ရပါတယ်။
“မင်းက အတန်း (၁) ကလူကို လက်ဖျားနဲ့ ထိရဲတယ်ပေါ့၊ ဝိုင်းချကြစမ်း!!” တိုက်ပွဲရလဒ်ကို မြင်လိုက်ရတဲ့အခါ အတန်း (၁) က ကျောင်းသားတွေ ဒေါသပေါက်ကွဲပြီး ဟိန်းဟောက်လိုက်ကြပါတယ်။
“မင်းတို့ ဘာလုပ်မလို့လဲ!” ရန်ထျန်းနဲ့ တခြားကျောင်းသားတွေက ရှေ့ကို တိုးလာကြပါတယ်။
အရင်က သူတို့တွေ စကားမပြောရဲခဲ့ကြပေမဲ့ သူတို့ကလည်း လူငယ်တွေပဲလေ။ အနိုင်ကျင့်ခံရတာ များလာတော့ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။
အတန်းနှစ်ခုကြားမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေကြတုန်း ဆရာလော့လီနဲ့ အတန်း (၁) ရဲ့ အတန်းပိုင်ဆရာ ကျန်းရှောင် တို့ ဝင်လာကြပါတယ်။
“မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ!” ကျန်းရှောင်က မျက်မှောင်ကြုတ်ပြီး တင်းတင်းမာမာ မေးလိုက်ပါတယ်။
“ဆရာကျန်း... အတန်း (၂၉) က တစ်ယောက်က လီယွမ်ရဲ့ လက်မောင်းကို ချိုးလိုက်လို့ပါ!” ကောင်လေးတစ်ယောက်က ဆရာ့ကို တိုင်လိုက်ပါတယ်။
ပြီးတော့ သူက လင်းရှုကို စိုက်ကြည့်လိုက်ပါတယ်။
“သူက အရင်စတာပါဆရာ။ ကျွန်တော်တို့ အတန်းကို အမှိုက်လို့ခေါ်ပြီး ကျွန်တော့်ကိုလည်း တွန်းထုတ်ခဲ့တာ!” ရန်ထျန်းက ပြန်လည် ချေပပါတယ်။
ဆရာလော့လီက မျက်မှောင်ကြုတ်ပြီး လက်ဝှေ့ယမ်းလိုက်ကာ ရန်ထျန်းဘက် လှည့်ပြီး ပြောပါတယ်။ “ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ငါ့ကို ပြောပြစမ်း”
ရန်ထျန်းက ခေါင်းညိတ်ပြီး ဘာမှ ပိုမပြောဘဲ ဖြစ်ပျက်ခဲ့သမျှ အမှန်အတိုင်း ဆရာတွေကို ပြောပြလိုက်ပါတယ်။
လီယွမ်က သူ့အတန်းကို အမှိုက်လို့ ပြောစော်ကားခဲ့တယ်ဆိုတာ ကြားလိုက်ရတော့ ဆရာလော့လီ တော်တော်လေး ဒေါသထွက်သွားပါတယ်။
လင်းရှုက အဲဒီကောင်လေးရဲ့ လက်ကို ချိုးပစ်လိုက်တယ်ဆိုတာ သိရတဲ့အခါ သူ စိတ်ထဲမှာ ကျေနပ်သွားပေမဲ့ မျက်နှာမှာတော့ ဖော်ပြလို့ မရပါဘူး။
“မင်းက ကျောင်းနေဖက်ချင်းကို ဘယ်လိုဖြစ်လို့ ဒီလောက်အထိ လုပ်ရတာလဲ?” ဆရာလော့လီက လင်းရှုရှေ့မှာ ရပ်ပြီး စိတ်ဆိုးချင်ယောင် ဆောင်လိုက်ပါတယ်။
“ဟုတ်တယ်! ခင်ဗျားတို့ အတန်းက ဘယ်လိုလူတွေလဲ!” အတန်း (၁) က တစ်ယောက်က ဒေါသတကြီး ပြောပါတယ်။
“လင်းရှု... သူ့ကို ချက်ချင်း တောင်းပန်လိုက်စမ်း” လို့ ဆရာလော့လီက ထပ်ပြောပါတယ်။ သူက တောင်းပန်ခိုင်းတာ မှန်ပေမဲ့ လင်းရှုရဲ့ နာမည်ကိုတော့ တမင် လေသံလေးပေးပြီး ပြောလိုက်တာပါ။
‘မင်းတို့က လင်းရှုကို အောက်ဆုံးက အမှိုက်လို့ ပြောခဲ့တာ မဟုတ်လား? အဲဒီ အမှိုက်ဆီမှာ အရိုက်ခံရတယ်ဆိုရင် ဘယ်သူက တကယ့်အမှိုက်ဖြစ်မလဲ?’ ဆိုတဲ့ သဘောပါ။
“ကျောင်းသား လီယွမ်... တောင်းပန်ပါတယ်။ ခုနက ငါ သိပ်ပြီး အားမထိန်းမိလိုက်ဘူး” လင်းရှုက နာကျင်လို့ အော်နေတုန်းဖြစ်တဲ့ လီယွမ်ကို တောင်းပန်လိုက်ပါတယ်။
လင်းရှုရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူတို့အားလုံး မျက်နှာတွေ ပျက်ကုန်ကြပါတယ်။
အားမထိန်းမိဘူး ဟုတ်လား? ဒါက သိသိသာသာကြီး လှောင်ပြောင်နေတာပဲ!
“မင်း နာမည် ဘယ်သူလဲ?” ကျန်းရှောင်က မျက်မှောင်ကြုတ်ပြီး လင်းရှုကို မေးပါတယ်။
“ဟင်? ဆရာမသိဘူးလား? အဲဒါဆို ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါ့မယ်” လင်းရှုက မျက်ခုံးပင့်ပြီး ပြောလိုက်ပါတယ်။
“ကျွန်တော်က သူ ပြောနေတဲ့ အမှိုက်... လင်းရှု ပါပဲ။”
လင်းရှု?!
အဲဒီနာမည်ကို ကြားလိုက်ရတဲ့အခါ သူတို့အားလုံး အံ့သြသွားကြပါတယ်။
ရှင်းယောင်အကယ်ဒမီမှာ အာရုံစိုက်မှု အခံရဆုံး ကျောင်းသားဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ အဆိုးဆုံးကျောင်းသားလည်း ဖြစ်ပါတယ်။
ကျောင်းမှာရှိတဲ့ လူတိုင်းက အောက်ဆုံးက အဆင့် (၁) လင်းရှုအကြောင်းကို သိထားကြတာပါ။
ဒီအချိန်မှာတော့ အတန်း (၁) က ကျောင်းသားတော်တော်များများ မျက်နှာတွေ ပူထူကုန်ကြပါတယ်။ အထူးသဖြင့် လီယွမ်ပေါ့။ အရှက်ရလွန်းတာကြောင့် သူ့လက်မောင်းက နာကျင်မှုကိုတောင် ခဏ မေ့သွားပါတယ်။ တကယ်လို့သာ သူဟာ အမှိုက်ဆီမှာ အရိုက်ခံရတယ်ဆိုရင် သူက ဘာဖြစ်သွားမှာလဲ!