အခန်း ၁၉၉ - လျိုယွဲ့၏ အဆင့်အတန်း မြင့်တက်လာခြင်း
ဝူး...
ဗီဇပြောင်း မျက်လုံးနီခွေးများသည် လင်းရှုနှင့် လျိုယွဲ့တို့ သူတို့ထံသို့ ပြေးဝင်လာသည်ကို သတိပြုမိသွားကြပြီး ကျယ်လောင်စွာ ဟောင်လိုက်ကြသည်၊၊
သူတို့ ခုနက စားသောက်ထားသော အလောင်းများမှ အသားစများ သွားကြားတွင် ညပ်နေသည့် မြင်ကွင်းမှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည်၊၊
၎င်းတို့သည် လင်းရှုတို့ ရောက်လာသည်အထိ မစောင့်တော့ဘဲ ရှေ့သို့ တရှိန်ထိုး ခုန်အုပ်လာကြတော့သည်၊၊
သူတို့မှာ အလွန်တရာ မြန်ဆန်လှသော အရှိန်အဟုန်ရှိသည့် အဆင့် (၅) ဆင့်ကဲပြောင်းလဲထားသော သားရဲများ ဖြစ်ကြသည်၊၊ ဤထူထပ်လှသော မြူနှင်းများကြားတွင် သူတို့၏ အရိပ်ကိုပင် ခွဲခြားရန် မလွယ်ကူလှချေ၊၊
ဒုန်း...
လင်းရှုသည် ပထမဆုံးသော တိုက်ခိုက်မှုကို ပြုလုပ်လိုက်ပြီး ဗီဇပြောင်း မျက်လုံးနီခွေးတစ်ကောင်ကို တွေဝေမနေဘဲ ထိုးနှက်လိုက်သည်၊၊
သို့သော် ထိုမျက်လုံးနီခွေးမှာ အံ့ဩစရာကောင်းလောက်အောင် သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်၊၊
၎င်းက လင်းရှုကို အံ့အားသင့်သွားစေသည်၊၊ သူသည် အလွန်ပင် မြန်ဆန်လှပြီ ဖြစ်သော်လည်း ဤမျက်လုံးနီခွေးက ပို၍ပင် မြန်ဆန်နေသေးသည်၊၊
ထို့ပြင် ၎င်းသည် လင်းရှု၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည်နှင့် သူ၏ လည်ပင်းကို တိုက်ရိုက် ခုန်အုပ်လာတော့သည်၊၊
'တကယ်ပဲ ကြမ်းကြုတ်တဲ့ ခွေးအပဲ...!'
လင်းရှု၏ အကြည့်များ ပြောင်းလဲသွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်၊၊
သူ နောက်ဆုတ်လိုက်စဉ်မှာပင် အနောက်ဘက်မှ အခြား မျက်လုံးနီခွေးတစ်ကောင်က သူ့ထံသို့ ထပ်မံ ခုန်အုပ်လာပြန်သည်၊၊
"ဖယ်စမ်း...!!!" လင်းရှု အလောတကြီး ဖြစ်သွားကာ ကိုးကောင်းကင်ဂလက်ဆီကျဆင်းခြင်းကို ထုတ်ဖော်လိုက်သည်၊၊
ဝုန်း...
၎င်းက ဗီဇပြောင်း မျက်လုံးနီခွေးကို ထိမှန်သွားသဖြင့် လွင့်ထွက်သွားစေပြီး နံရံပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်၊၊
"သတိထားဦး...!" လျိုယွဲ့က အော်ဟစ် သတိပေးလိုက်ရင်း လင်းရှု၏ ရှေ့မှနေ၍ ကာကွယ်ကာ ပိုင်းချလိုက်သည်၊၊
ဒုန်း...
လင်းရှုကို အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးပမ်းသော အခြား မျက်လုံးနီခွေးတစ်ကောင်မှာ သူမ၏ ဓားချက်အောက်တွင် ထက်ပိုင်းပြတ်သွားတော့သည်၊၊
သွေးများမှာ နေရာအနှံ့သို့ ပန်းထွက်သွားသည်၊၊
ဝူး...
မျက်လုံးနီခွေးတစ်ကောင် သေဆုံးသွားသော်လည်း ကျန်ရှိသော အကောင်များမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လင်းရှုနှင့် လျိုယွဲ့ထံသို့ ရူးသွပ်စွာ ဆက်လက် ပြေးဝင်လာကြသည်၊၊
သူတို့မှာ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ရူးသွပ်နေပုံရသည်၊၊
"သေလိုက်တော့...!!!" လင်းရှု၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီးနောက် အဆင့် (၅) မျက်လုံးနီခွေးတစ်ကောင်၏ လှုပ်ရှားမှုကို ကြိုတင်တွက်ချက်ကာ အနက်ရောင်အစွန်း လှံရှည်ဖြင့် ထိုးနှက်လိုက်သည်၊၊
ဒုန်း...
လှံဦးတွင် မီးလျှံငယ်များ ရုတ်ချည်း ပေါ်ထွက်လာသည်၊၊
ဒုန်း...
လင်းရှု မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ လှံသည် ခုန်အုပ်ရန် ပြင်နေသော မျက်လုံးနီခွေးကို အမိအရ ထိမှန်သွားသည်၊၊
လှံဦးမှာ ဟဟကြီးဖြစ်နေသော ၎င်း၏ ပါးစပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများနှင့်အတူ ခွေး၏ ခန္ဓာကိုယ်မှာ တခဏချင်း ဖောင်းကြွလာကာ -
အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲသွားတော့သည်၊၊
"တိ..."
"ဂုဏ်ယူပါသည် အရှင်၊၊ အဆင့် (၅) ဗီဇပြောင်း မျက်လုံးနီခွေးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံ (၁) သန်း ရရှိပါသည်၊၊"
'တစ်သန်းတည်းလား...?!'
လင်းရှု၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားရသည်၊၊ အတွေ့အကြုံ တစ်သန်းဆိုသည်မှာ သူ့အတွက်တော့ အလွန်ပင် နည်းပါးလှသည်၊၊
လျိုယွဲ့သည်လည်း ထိုအချိန်တွင် အခြား မျက်လုံးနီခွေးတစ်ကောင်ကို အပြတ်ရှင်းလိုက်သည်၊၊
လျိုယွဲ့အတွက်မူ ၎င်းတို့ကို သတ်ဖြတ်ရသည်မှာ မခက်ခဲလှပေ၊၊
ဝူး...
ထိုအခိုက်တွင် ကျန်ရှိသော မျက်လုံးနီခွေးများမှာ အော်ဟစ်လိုက်ကြပြီးနောက် မကြာမီမှာပင် နောက်သို့ ဆုတ်ခွာသွားကြကာ ထူထပ်သော မြူနှင်းများကြားတွင် ပျောက်ကွယ်သွားကြတော့သည်၊၊
သူတို့ တခဏချင်းမှာပင် ပုန်းကွယ်သွားကြခြင်းပင်၊၊
လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူတို့ ပုန်းကွယ်သွားသည့်အခါ သူတို့၏ တည်နေရာကို အတိအကျ သိရန် ခက်ခဲလှသည်၊၊
ထိုထူထပ်လှသော မြူနှင်းများကြားတွင် မြင်ကွင်း မရှင်းလင်းခြင်းက အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်၊၊
"မင်း အခု အဆင့် (၅) တိုက်ခိုက်ရေးသမား ဖြစ်သွားပြီလား..." လင်းရှုက လျိုယွဲ့ကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်၊၊
လျိုယွဲ့၏ လှုပ်ရှားမှုများမှာ ယခင်ကထက် များစွာ ပိုမို သန်မာလာပြီး အဆင့် (၅) မျက်လုံးနီခွေးများကို သတ်ဖြတ်ရာတွင်လည်း များစွာ ပိုမို လျင်မြန်လာကြောင်း သူ သတိပြုမိလိုက်သည်၊၊
သူမကို သေသေချာချာ ကြည့်လိုက်သည့်အခါ သူမသည် အဆင့် (၅) သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်၊၊
"အာကာသအက်ကြောင်းထဲမှာ ရှိတုန်းက အဆင့်တက်သွားတာပါ၊၊" လျိုယွဲ့က တည်ငြိမ်စွာ ပြန်ပြောသည်၊၊
သို့သော် လင်းရှု၏ မျက်လုံးများမှာ ရုတ်ချည်း ပြူးကျယ်သွားရကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပူလောင်နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြန်သည်၊၊
'ဘာဖြစ်တာလဲ...?'
ဒုန်း...
သူသည် လှံကို မြဲမြံစွာ မကိုင်နိုင်တော့ဘဲ အသက်ကို လုရှူရင်း မြေပြင်ပေါ်သို့ အမြန် ထိုင်ချလိုက်ရသည်၊၊
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးမှာ အပူစွမ်းအင်အဖြစ် ပြောင်းလဲသွားသည့်အလား အားအင်ကုန်ခမ်းမှုကို ခံစားလိုက်ရသည်၊၊
လျိုယွဲ့သည် ထူးခြားမှုကို သတိပြုမိသွားပြီး သူမ၏ လက်ဖြင့် လင်းရှု၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်၊၊
သူ၏ လက်ကောက်ဝတ်မှာ အလွန်ပင် ပူပြင်းနေပြီး နှလုံးခုန်သံမှာလည်း မြန်ဆန်နေသည်၊၊
လင်းရှုသည် တွေဝေမနေတော့ဘဲ သူမ၏ အေးစက်လှသော မူလစွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေလိုက်သည်၊၊
ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော အပူရှိန်မှာလည်း တဖြည်းဖြည်း သက်သာသွားတော့သည်၊၊
"ဘာတွေ ဖြစ်နေတာလဲ..." လင်းရှုက စူးစမ်းစွာ မေးလိုက်သည်၊၊
သူသည် ကြာပန်းနီမီးလျှံ၏ စွမ်းအင်အားလုံးကို စုပ်ယူပြီးပြီ မဟုတ်ပါလား၊ အဘယ်ကြောင့် ယခုတိုင် ပူလောင်နေရသေးသနည်း၊၊
လျိုယွဲ့သည် သူ၏ အတွေးကို သိရှိပုံရပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်၊၊ "ကြာပန်းနီမီးလျှံကို မင်း စုပ်ယူပြီးပြီ ဆိုပေမဲ့ မင်း အဲဒါကို အသုံးပြုတဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်သေးတာ ဖြစ်ရမယ်၊၊"
တောင့်မခံနိုင်သေးတာ ဟုတ်လား...?
လင်းရှု သဘောပေါက်သွားသည်၊၊ ဆိုလိုသည်မှာ ကြာပန်းနီမီးလျှံကို အသုံးပြုလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ကို ထိခိုက်မှု ရှိနေမည်လော၊၊
"မင်းရဲ့ ခန္ဓာကိုယ်က ကြာပန်းနီမီးလျှံကို အသုံးပြုရတာ ကျင့်သားရသွားပြီ ဆိုရင်တော့ ဒါမျိုး နောက်ထပ် ဖြစ်တော့မှာ မဟုတ်ဘူး၊၊" လျိုယွဲ့က ဆက်လက် ရှင်းပြသည်၊၊
လင်းရှု ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ပြန်လည် ထရပ်လိုက်သည်၊၊
မြူနှင်းများမှာ ပတ်ဝန်းကျင်၌ ရှိနေဆဲ ဖြစ်ပြီး မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမည်ကို သူတို့ မသိရှိကြပေ၊၊
"တခြားလူတွေ ပြောတာတော့ ဒီမြူနှင်းတွေက ဆင့်ကဲပြောင်းလဲထားတဲ့ သားရဲတစ်ကောင်ကြောင့် ဖြစ်တာဆိုပဲ၊၊" သူတို့နှစ်ဦး ရှေ့သို့ သတိရှိရှိ ဆက်လက် လျှောက်လှမ်းနေစဉ် လင်းရှုက ရုတ်တရက် ပြောလိုက်သည်၊၊
"သားရဲတစ်ကောင်က ဒီမြူနှင်းတွေကို ဖန်တီးထားတာလား..." လျိုယွဲ့၏ မျက်နှာတွင် အံ့အားသင့်မှု အနည်းငယ် ပေါ်ပေါက်လာသည်၊၊
G17 ပျက်စီးခြင်းနယ်မြေတစ်ခုလုံးကို မြူနှင်းများဖြင့် ဖုံးလွှမ်းနိုင်စွမ်းရှိသော ထိုသားရဲသည် မည်မျှအထိ အစွမ်းထက်နေမည်နည်း၊၊
အဆင့် (၉) သားရဲတစ်ကောင်လော...?
ထိုသို့ တွေးမိသည်နှင့် လျိုယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်၊၊
"လမင်းအတောင်ပံအဖွဲ့က လူတွေဆီက ကြားခဲ့တာပါ၊ အမှန်လား၊ အမှားလားတော့ ငါ မသေချာဘူး၊၊" လင်းရှုသည်လည်း သံသယ ဖြစ်နေမိသည်၊၊
'မဖြစ်နိုင်လောက်ပါဘူး၊ အကယ်၍ ဒီလောက် အစွမ်းထက်တဲ့ သားရဲရှိနေရင် ငါတို့အားလုံး သေကုန်ကြမှာပေါ့၊၊'
တပြိုင်နက်တည်းမှာပင် အခြားတစ်ဖက်၌ -
"တောက်... နောက်တစ်ခါ တွေ့ရင်တော့ အဲဒီကောင်နဲ့ အဲဒီမိန်းမကို အသေ သတ်ပစ်မယ်...!!!" ချန်ဖန်းသည် မျက်နှာ ဖြူလျော်နေလျက် သူတို့၏ လျှို့ဝှက်အခြေစိုက်စခန်းအတွင်းသို့ ပြေးဝင်သွားရင်း စိတ်ထဲမှ ကြိမ်းဝါးနေမိသည်၊၊
အတွင်းသို့ ရောက်သည်နှင့် သူ၏ ပြတ်တောက်သွားသော လက်မောင်းအတွက် ဆေးဝါးများကို အသုံးပြုလိုက်သည်၊၊
ဆေးရည်ကို ဒဏ်ရာပေါ်သို့ လောင်းချလိုက်သည့်အခါ မီးခိုးဖြူများစွာ ထွက်ပေါ်လာသည်၊၊
ပြင်းထန်လှသော နာကျင်မှုကြောင့် သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားရင်း အံကို တင်းတင်းကြိတ်ထားရတော့သည်၊၊