အခန်း ၁၉၇ - ပြတ်တောက်သွားသော လက်မောင်း
လင်းရှုသည် ချန်ဖန်းထံသို့ တရှိန်ထိုး ပြေးဝင်သွားပြီး အနက်ရောင်အစွန်း လှံရှည်ကို အားပါပါ ဝေ့ယမ်းလိုက်သည်၊၊
လင်းရှု၏ တိုက်ခိုက်မှုတိုင်းမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအလား တစ်သားတည်းကျနေပြီး ချန်ဖန်းထံသို့ အဆက်မပြတ် စီးဝင်သွားတော့သည်၊၊
ချန်ဖန်းသည် အံကြိတ်ကာ လင်းရှုကို စိုက်ကြည့်ရင်း မိမိ၏ လက်နက်ကို တရစပ် လွှဲရိုက်ကာ ခုခံနေသည်၊၊
လင်းရှု၏ တိုက်စစ်အဟုန်မှာ ပြင်းထန်လွန်းလှရာ တိုက်ခိုက်မှုကို ခုခံလိုက်တိုင်း သူ၏ လက်ဖဝါးများအတွင်း နာကျင်မှုကို ခံစားနေရသည်၊၊
'မဖြစ်နိုင်တာ... သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် သန်မာလာရတာလဲ...!'
'သူ သေချာပေါက် တားမြစ်ဆေး သောက်ထားတာပဲ ဖြစ်ရမယ်၊၊ သူ့ရဲ့ တိုက်ခိုက်မှုတွေကို ငါ တောင့်ခံထားနိုင်သရွေ့ ငါ့အလှည့် ရောက်လာမှာပဲ...!'
လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်၊၊ ချန်ဖန်းသည် သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်သာ အာရုံစိုက်နေပြီး ပြန်လည် တိုက်ခိုက်ခြင်း မရှိဘဲ ခုခံရုံသာ လုပ်ဆောင်နေသည်၊၊
သူသည် အချိန်ဆွဲရန် ကြိုးပမ်းနေခြင်းမှာ သိသာလှသည်၊၊
'ချန်ဖန်းက ငါ့ကို တားမြစ်ဆေး သုံးထားတယ်လို့ ထင်ပြီး ဆေးရှိန်ကုန်တဲ့အထိ အချိန်ဆွဲနေတာပဲ၊၊'
'ဒါပေမဲ့ ဒေါသမာန် စွမ်းရည် ကုန်ဆုံးသွားတာနဲ့ ငါ့ခန္ဓာကိုယ်က (၁၀) မိနစ်လောက် အားအင်ချည့်နဲ့သွားမှာ၊ အဲဒီအချိန်ကျရင်တော့ ငါ သေပြီသာ မှတ်တော့...!'
'မရဘူး... သူ့ကို အခုချက်ချင်း သတ်ရမယ်...!!!'
တောင်... တောင်... တောင်...
လင်းရှုက 'နှင်းဆီမုန်တိုင်း' ကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ လှံမှာ အမည်းရောင် အရိပ်များစွာအဖြစ် ပြောင်းလဲသွားတော့သည်၊၊
သို့သော် ချန်ဖန်း၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှရာ သူ၏ ဓားမကြီးကို အသုံးပြုကာ လင်းရှု၏ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ခဲ့သည်၊၊
'တောက်...!'
လင်းရှု မျက်မှောင်ကြုတ်လိုက်မိသည်၊၊ ပြိုင်ဘက်က အစွမ်းကုန် ကာကွယ်နေသဖြင့် တိုက်စစ်ဆင်ရန် အခွင့်အလမ်း ရှာမရ ဖြစ်နေရသည်၊၊
၎င်းမှာ အဆုံးအဖြတ် တိုက်ကွက်တစ်ခု ပေးနိုင်ရန်အတွက် ဟာကွက် ရှာဖွေရ ပိုမို ခက်ခဲစေသည်၊၊
ချန်ဖန်း၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ အပြုံးတစ်ခု ပေါ်ပေါက်လာသည်၊၊ လင်းရှု၏ စိုးရိမ်ပူပန်မှုကို သူ ခံစားနေရပြီ ဖြစ်သည်၊၊
'ငါ့အထင် မှန်တယ်ပဲ၊ နောက်ထပ် မိနစ်အနည်းငယ်လောက်သာ တောင့်ခံထားနိုင်ရင် လင်းရှု ခပ်ချည့်နဲ့သွားမှာပဲ...!'
"သေလိုက်တော့...!!!" လင်းရှု၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီးနောက် လှံဦးမှ မီးလျှံများကို ချန်ဖန်းထံသို့ တိုက်ရိုက် ထုတ်လွှတ်လိုက်သည်၊၊
"အလဟဿပဲ...!" ချန်ဖန်းက အော်ဟစ်လိုက်ပြီး ခွန်အားအပြည့်ဖြင့် သူ၏ လက်နက်ကို အသုံးပြုကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်သည်၊၊
သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်၊၊
လက်နက်ချင်း ထိတွေ့မိလိုက်သည့် ခဏမှာပင် လင်းရှု၏ လှံပေါ်မှ မီးလျှံများမှာ ချန်ဖန်း၏ လက်ဖဝါးများဆီသို့ ရုတ်ချည်း ကူးစက်သွားတော့သည်၊၊
'ဒါ ဘာဖြစ်တာလဲ...?!'
ချန်ဖန်းသည် ထိုမီးလျှံများကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားရသည်၊၊
"အား...!!!" သူ၏ လက်မှာ မီးလျှံများကြောင့် မည်းတူးသွားပြီး လောင်ကျွမ်းကုန်သည်၊၊
ပြင်းထန်လှသော နာကျင်မှုမှာ လက်ချောင်း (၁၀) ချောင်းစလုံးသို့ ပျံ့နှံ့သွားသဖြင့် ချန်ဖန်းမှာ နာကျင်စွာ ဟိန်းဟောက်လိုက်ရသည်၊၊
၎င်းမှာ လင်းရှု၏ မူလစွမ်းအင်နှင့်အတူ ထုတ်ဖော်လိုက်သော ကြာပန်းနီမီးလျှံ ပင် ဖြစ်သည်၊၊
ထိုမီးလျှံများကို ထုတ်ဖော်ရန် မူလစွမ်းအင် အမြောက်အမြား အသုံးပြုရသော်လည်း ၎င်း၏ စွမ်းပကားမှာမူ အလွန်ပင် အန္တရာယ်များလှသည်၊၊
အခွင့်အရေးပဲ...!!!
လင်းရှုသည် အနက်ရောင်အစွန်း လှံရှည်ဖြင့် ချန်ဖန်း၏ ရင်ဘတ်ကို ထပ်မံ ထိုးနှက်လိုက်သည်၊၊
ချန်ဖန်းသည် နာကျင်နေသည့်တိုင် သတိလက်လွတ် မဖြစ်သွားပေ၊၊ သူသည် ရှောင်တိမ်းရန်အတွက် ခန္ဓာကိုယ်ကို ဘေးသို့ အမြန် ယိမ်းလိုက်သည်၊၊
ဒုန်း...
သို့သော် သူ၏ တုံ့ပြန်မှုမှာ နှေးကွေးသွားခဲ့ပြီဖြစ်ရာ လှံမှာ သူ၏ လက်မောင်းကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်၊၊
ချန်ဖန်းသည် မျက်လုံးများ ပြူးကျယ်သွားရကာ တွေဝေမနေတော့ဘဲ သူ၏ ညာဘက်လက်မောင်းကို ဘယ်ဘက်လက်ဖြင့် ဆွဲဖြုတ်ကာ အမြန် ဖယ်ရှားပစ်လိုက်သည်၊၊
သွေးများမှာ နေရာအနှံ့သို့ ပန်းထွက်သွားတော့သည်၊၊
မိမိ၏ လက်မောင်းကို မိမိကိုယ်တိုင် ဖြတ်တောက်ပြီးနောက် သူသည် မြူနှင်းများအတွင်းသို့ ပြေးဝင်ကာ ထွက်ပြေးသွားတော့သည်၊၊
"ဘယ်ကို ပြေးမှာလဲ...!!!" ချန်ဖန်း ထွက်ပြေးသွားသည်ကို မြင်သောအခါ လင်းရှုက ရှေ့သို့ တရှိန်ထိုး လိုက်လံ တိုက်ခိုက်သည်၊၊ သူ၏ ခန္ဓာကိုယ်မှာ လျှပ်စီးအလား လှုပ်ရှားသွားပြီး ချန်ဖန်း၏ ကျောပြင်ကို လှံဖြင့် ထိုးနှက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားရသည်၊၊
အားအင်ချည့်နဲ့မှု တစ်ခုမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်၊၊
'သွားပြီ...!'
လင်းရှုမှာ အာရုံစူးစိုက်မှု ပျောက်ဆုံးသွားပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်၊၊
သူ့တွင် ခွန်အား အစအနမျှပင် ကျန်ရှိမနေတော့ပေ၊၊
'တောက်... နည်းနည်းလေးပဲ လိုတော့တာ၊၊ နည်းနည်းလေး လိုတော့တာကို သူ့ကို သတ်နိုင်တော့မှာ၊ ဘာလို့ အခုမှ အင်အားကုန်သွားရတာလဲ...!'
တောင်... တောင်... တောင်...
အခြားတစ်ဖက်တွင်မူ လျိုယွဲ့သည် ကျန်ရှိသော တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်၊၊
ထိုအဆင့် (၅) တိုက်ခိုက်ရေးသမား နှစ်ဦးမှာ ပြင်းထန်သော ဖိအားကို ခံစားနေရသည်၊၊ သူတို့သည် စွမ်းရည်များကို အသုံးပြုကာ လျိုယွဲ့ကို တိုက်ခိုက်နေသော်လည်း သူမကမူ ထိုတိုက်ခိုက်မှုများကို အလွယ်တကူပင် ရှောင်တိမ်းနေနိုင်သည်၊၊
သို့သော် သူတို့မှာ အဆင့် (၅) တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်၊၊ ထို့ပြင် တိုက်ပွဲအတွေ့အကြုံလည်း ကြွယ်ဝလှသူများ မဟုတ်ပါလား၊၊
သူတို့နှစ်ဦး ပူးပေါင်းထားသည့်တိုင် အမျိုးသမီးငယ်တစ်ဦးကို ရင်ဆိုင်ရန်မှာ ဤမျှအထိ ခက်ခဲနေရပြီး အသတ်ခံရလုနီးပါးပင် ဖြစ်နေရသည်၊၊
"ကျောက်လုံ... ဟိုကောင့်ကို သွားသတ်စမ်း...!" တိုက်ခိုက်ရေးသမား တစ်ဦးက လျိုယွဲ့၏ တိုက်ခိုက်မှုကို ခုခံရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်းရှုကို မြင်လိုက်ရသည့်အခါ သူ၏ အဖော်ကို ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်၊၊
ကျောက်လုံသည်လည်း လဲလျောင်းနေသော လင်းရှုကို ချက်ချင်း လှမ်းကြည့်လိုက်သည်၊၊ သူ၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပြီး လင်းရှုရှိရာသို့ တရှိန်ထိုး ပြေးဝင်သွားတော့သည်၊၊
၎င်းကို မြင်လိုက်ရသည့်အခါ လျိုယွဲ့၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်၊၊ သူမသည် ခွန်အားများကို ပေါက်ကွဲထုတ်ဖော်လိုက်ပြီး ထိုလူ၏ ရှေ့တွင် ရုတ်ချည်း ပေါ်လာခဲ့သည်၊၊
"သေချင်နေတာပဲ...!" လျိုယွဲ့၏ အကြည့်မှာ အေးစက်သွားသည်၊၊ ညာဘက်လက်ရှိ ဓားမှာ နှင်းခဲများဖြင့် ဖုံးလွှမ်းသွားပြီးနောက် ထိုလူ့ထံသို့ ပိုင်းချလိုက်လေသည်၊၊
ထိုလူမှာ မျက်လုံးများ ပြူးကျယ်လျက် မှင်တက်သွားရသည်၊၊ လျိုယွဲ့၏ အရှိန်မှာ ဤမျှအထိ ပိုမို မြန်ဆန်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ၊၊
သူတို့ နှစ်ယောက် ပူးပေါင်းတိုက်ခိုက်နေစဉ်ကပင် သူမကို မနိုင်ခဲ့ရာ ယခုအခါ လျိုယွဲ့က ယခင်ကထက် သာလွန်သော အရှိန်နှင့် ခွန်အားတို့ဖြင့် ပေါ်လာသည့်အခါ သူ တုံ့ပြန်ရန်ပင် မစွမ်းသာတော့ချေ၊၊
ဝုန်း...
သွေးများမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် ထက်ပိုင်းပြတ်သွားတော့သည်၊၊
သူ၏ တိုက်ခိုက်ရေးဝတ်စုံမှာပင် ထိုတိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ချေ၊၊
ကျန်ရှိသော အခြားတစ်ဦးမှာ သူ၏ အဖော် သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ ဖြူလျော်သွားတော့သည်၊၊
သူတို့သည် ယခင်က လူပေါင်းများစွာကို သတ်ခဲ့ဖူးပြီး ရက်စက်သော နည်းလမ်းများကို အသုံးပြုခဲ့ဖူးသော်လည်းပေါ့၊၊
ယခုအခါ မိမိကိုယ်တိုင် သေရတော့မည်ဟု တွေးမိသည့်အခါ သူ ပိုမို ထိတ်လန့်သွားရသည်၊၊
'ပြေးရမယ်... ငါ ပြေးမှဖြစ်မယ်...!'
၎င်းမှာ သူ၏ တစ်ခုတည်းသော အတွေးပင် ဖြစ်သည်၊၊
သို့သော် လျိုယွဲ့က သူ့ကို လွှတ်ပေးလိမ့်မည်လော၊၊ အဖြေမှာတော့ သေချာပေါက် 'ဟင့်အင်း' ပင်၊၊
"ဘယ်ကို ပြေးမှာလဲ..." သူ မြူနှင်းများအတွင်းသို့ တိုးဝင်ရန် ပြင်လိုက်စဉ်မှာပင် လျိုယွဲ့က ဝေဟင်သို့ ခုန်တက်လိုက်ပြီး သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်၊၊
"ငါက လမင်းအတောင်ပံအဖွဲ့ကကွ၊ မင်း ငါ့ကို သတ်ရဲရင် မင်း သေပြီသာ မှတ်လိုက်တော့...!!!" ထိုလူမှာ တုန်လှုပ်နေသည့်တိုင် အားကိုးတကြီးနှင့် အော်ဟစ်လိုက်သည်၊၊
သာမန်လူတစ်ဦးဆိုပါက သူတို့အဖွဲ့ကို ရန်စရန် သတ္တိရှိလိမ့်မည် မဟုတ်ချေ၊၊
သို့သော် သူ တစ်ခု မှားယွင်းသွားခဲ့သည်၊၊
လျိုယွဲ့သည် သာမန်လူတစ်ဦး မဟုတ်ပေ၊၊
"ဒါဆိုရင်တော့ သေလိုက်တော့၊၊" လျိုယွဲ့က သူ၏ စကားကို လျစ်လျူရှုလိုက်ပြီး ဓားဖြင့် ပိုင်းချလိုက်လေသည်၊၊
တွေဝေခြင်း အလျဉ်းမရှိချေ၊၊
ဒုန်း...
သူမ၏ ဓားမှာ အလွန်တရာ မြန်ဆန်လှသဖြင့် ထိတ်လန့်နေသော ထိုလူမှာ တုံ့ပြန်ရန်ပင် မရလိုက်ချေ၊၊
ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာလည်း ထက်ပိုင်းပြတ်သွားခဲ့ရလေသည်၊၊