အခန်း ၁၉၄ - ဝိုင်းရံပိတ်ဆို့ခြင်း
ချန်ဖန်းနှင့် အခြားလူများသည် လင်းရှု၏ လှောင်ပြောင်သောစကားကို ကြားသည့်အခါ ဘာမျှထပ်မပြောတော့ဘဲ လက်နက်များကိုသာ ဝေ့ယမ်းကာ လင်းရှု၏ ခန္ဓာကိုယ်ကို ဆက်တိုက် ပိုင်းဖြတ်ရန် ကြိုးပမ်းကြတော့သည်၊၊
အဆင့် (၅) တိုက်ခိုက်ရေးသမား လေးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် လင်းရှုသည် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးထားမိသည်၊၊
သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်နေသည်၊၊
ဤလူများသည် အလွန်အစွမ်းထက်ကြပြီး တိုက်ပွဲအတွေ့အကြုံလည်း ကြွယ်ဝကြရာ သူတို့ကို ရင်ဆိုင်ရသည်မှာ အမှန်တကယ်ပင် ခဲယဉ်းလှသည်၊၊
'တောက်... ခက်ပြီ...'
ဝုန်း...
ထိုစဉ် ချန်ဖန်း၏ ပြင်းထန်လှသော ဓားချက်ကို လင်းရှုက လှံဖြင့် ခုခံလိုက်သည့်အခါ ကြီးမားသော ရိုက်ခတ်မှုနှင့်အတူ မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာသည်၊၊
ဖူး...
ဤတိုက်ခိုက်မှုကို တောင့်ခံလိုက်ပြီးနောက် လင်းရှုသည် ရင်ဘတ်အတွင်း တင်းကျပ်မှုကို ခံစားလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်၊၊ သူ၏ ပါးစပ်ထောင့်မှလည်း သွေးစအချို့ စိမ့်ထွက်လာတော့သည်၊၊
"ကောင်လေး... မဆိုးဘူးပဲ၊ ငါတို့လေးယောက် ဝိုင်းတိုက်တာတောင် အခုထိ တောင့်ခံနိုင်သေးတယ်ပေါ့..." ကျန်ရှိသော လူများက လင်းရှုကို အံ့အားသင့်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်၊၊
သူတို့လေးဦးစလုံးမှာ အဆင့် (၅) တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး လင်းရှုမှာမူ အဆင့် (၄) တိုက်ခိုက်ရေးသမားတစ်ဦးသာ ဖြစ်သော်လည်း ယခုအချိန်အထိ အသက်ရှင်လျက် တိုက်ခိုက်နေနိုင်ဆဲ ဖြစ်သည်၊၊
"သူ့ကို ငါ့လက်ထဲပဲ ထားလိုက်စမ်းပါ၊ ဒီကောင် ခုနက ငါ့ကို ထိုးခဲ့တာ... သူ့အသက်ကို ငါကိုယ်တိုင်ပဲ အဆုံးသတ်ပေးမယ်၊၊" ထိုအခိုက်တွင် ဧရာမ ဓားမြှောင်ကြီးကို ကိုင်စွဲထားသော ထိပ်ပြောင်နှင့်လူက ရှေ့သို့ တိုးထွက်လာပြီး ကြမ်းကြုတ်စွာ ပြောဆိုလိုက်သည်၊၊
သူ၏ လက်ဖဝါးမှာ လှံဖြင့် ထိုးဖောက်ခြင်း ခံခဲ့ရသဖြင့် ဒဏ်ရာမှာ ယခုအခါ အမာရွတ်အသွင် သိသိသာသာ မြင်တွေ့နေရသည်၊၊
သူ၏ မျက်ဝန်းများမှာ ယုတ်မာလှပြီး ဒဏ်ရာရထားသော လင်းရှုကို စိုက်ကြည့်နေသည်၊၊
သူ၏ အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် လင်းရှု၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် နင်းခြေပစ်ချင်နေခြင်းပင် ဖြစ်သည်၊၊
"စကားလ် ... မင်း သတိထားဦးမှဖြစ်မယ်၊ ဒီကောင်က ရင်ဆိုင်ရတာ မလွယ်ဘူး၊၊" ထိပ်ပြောင်နှင့်လူ လျှောက်သွားသည်ကို မြင်သောအခါ ချန်ဖန်းက အေးစက်စွာ သတိပေးလိုက်သည်၊၊
"ဟက်... မင်းက ငါ အဆင့် (၄) တိုက်ခိုက်ရေးသမား တစ်ယောက်ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား..." စကားက ဟိန်းဟောက်လိုက်ပြီး ခါးသက်သောအသံဖြင့် ဆိုလိုက်သည်၊၊
သူသည် လင်းရှုထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ညာဘက်လက်ဖြင့် ဧရာမ ဓားမကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်၊၊
ကျန်ရှိသော လူလေးဦးမှာမူ လင်းရှု ထွက်ပြေးမသွားနိုင်ရန် ဝိုင်းရံ ပိတ်ဆို့ထားကြသည်၊၊
လင်းရှုသည် ဖြည်းဖြည်းချင်း တိုးဝင်လာသော ထိပ်ပြောင်နှင့်လူကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်၊၊
ဤလူသည် အဆင့် (၅) တိုက်ခိုက်ရေးသမား ဖြစ်သကဲ့သို့ ခွန်အားအဆင့်မှာလည်း မြင့်မားလှရာ ခွန်အားအသားပေး တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်၊၊
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက လင်းရှုအတွက် အန္တရာယ် ရှိနိုင်သည်၊၊
သူ ဘာလုပ်သင့်သနည်း...၊၊
"ကောင်လေး... မင်း တော်တော်လေး စွမ်းတာပဲ၊ ငါ့ကို တောင် တိုက်ခိုက်ဝံ့တယ်ပေါ့..." စကားက သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း လင်းရှု၏ အနားသို့ လျှောက်လာသည်၊၊ ထို့နောက် သူက ရုတ်တရက် အော်ဟစ်လိုက်သည်၊၊ "ဒါပေမဲ့ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်မိသွားပြီကွ...!!!"
ထိုသို့ ပြောဆိုပြီးနောက် သူသည် နွားသိုးတစ်ကောင်အလား ရှေ့သို့ ဝုန်းခနဲ ပြေးဝင်လာတော့သည်၊၊
ဝုန်း...
ကျယ်ပြန့်လှသော ဓားမကြီးက ပြင်းထန်စွာ ပိုင်းချလိုက်ရာ လင်းရှု၏ အနောက်ရှိ နံရံမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ပြတ်သွားတော့သည်၊၊
"ဘယ်ကို ထပ်ပုန်းဦးမှာလဲ ကြည့်ကြသေးတာပေါ့...!!!" လင်းရှု ရှောင်တိမ်းရန် ကြိုးပမ်းနေသည်ကို မြင်သောအခါ စကားမှာ ပို၍ပင် စိတ်လှုပ်ရှား ဒေါသထွက်လာသည်၊၊
ကြီးမားလှသော မူလစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ဓားမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်၊၊
သူ တိုက်ခိုက်လိုက်တိုင်း ပတ်ဝန်းကျင်ရှိ အဆောက်အဦးများမှာ ကျယ်လောင်စွာ တုန်ခါသွားရသည်၊၊
"ဒါ အဆင်ပြေပါ့မလား..." ကျန်ရှိသော အဆင့် (၅) တိုက်ခိုက်ရေးသမား သုံးဦးက ချန်ဖန်းကို ကြည့်ကာ မေးလိုက်သည်၊၊
"ဘာမှမဖြစ်ဘူး၊၊ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ လူသစ်မျိုးနဲ့ မတွေ့ရတာ ကြာပြီ၊၊ ငါကတော့ အကြာကြီး ကစားချင်သေးတာ၊ ဒါပေမဲ့ မင်းတို့ ဒီလောက် မြန်မြန် ပြန်လာလိမ့်မယ်လို့ မထင်ထားဘူး၊၊" ချန်ဖန်းက ခေါင်းခါရင်း ပြုံးကာ ပြောလိုက်သည်၊၊
ဝုန်း... ဝုန်း...
အဆောက်အဦး အမြောက်အမြား ပြိုကျပျက်စီးသွားပြီး စကား၏ ခွန်အားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှရာ သူ၏ ဓားချက်များကြောင့် မြေပြင်ပေါ်၌ပင် နက်ရှိုင်းသော မြောင်းများ ဖြစ်ပေါ်နေရသည်၊၊
"ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ သတ္တဝါပဲ၊၊" လင်းရှုက ရှောင်တိမ်းနေရင်း ကျယ်လောင်စွာ ပြောလိုက်သည်၊၊
လင်းရှုသည် 'ခြေရာဖျောက်ခြင်း' စွမ်းရည်ကို သူ၏ လျင်မြန်လှသော တုံ့ပြန်မှုများနှင့် ပေါင်းစပ်ကာ အသုံးပြုနေသဖြင့် ခဏတာအတွင်း စကားအနေနှင့် လင်းရှု၏ ခန္ဓာကိုယ်ကို ထိမှန်ရန် မစွမ်းသာချေ၊၊
"သေလိုက်တော့...!!! မင်းကို ငါ အသားစင်းကော ဖြစ်အောင် လုပ်ပစ်မယ်...!!!" လင်းရှု၏ လှောင်ပြောင်သံကို ကြားရသည့်အခါ စကားမှာ ရုတ်ချည်း ဒေါသထွက်သွားပြီး လက်နှစ်ဖက်ဖြင့် ဓားများကို ရူးသွပ်စွာ လွှဲရိုက်လိုက်တော့သည်၊၊
'လင်းရှု...?'
လျိုယွဲ့သည် လင်းရှု ရောက်လာမည်ကို ဤနေရာမှ စောင့်ဆိုင်းနေခဲ့သော်လည်း အချိန်အတော်ကြာသည့်တိုင် လင်းရှု ပေါ်မလာသဖြင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်၊၊
သူမသည် စဉ်းစားလိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ လင်းရှုအား ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း လင်းရှုက လုံးဝ ပြန်မထူးကြောင်း တွေ့ရှိလိုက်ရသည်၊၊
၎င်းက လျိုယွဲ့ကို မျက်မှောင်ကြုတ်သွားစေသည်၊၊
သူမသည် ဖုန်းပေါ်တွင် ချက်ချင်းပင် တစ်စုံတစ်ခုကို နှိပ်လိုက်ရာ လင်းရှု သူမထံသို့ ဖုန်းခေါ်ဆိုခဲ့စဉ်က ထွက်ပေါ်ခဲ့သော အချက်ပြလိပ်စာကို ဖော်ထုတ်နိုင်ခဲ့သည်၊၊
သူမသည် တွေဝေမနေတော့ဘဲ လက်ထဲရှိ ဓားရှည်ကို အဆက်မပြတ် ဝေ့ယမ်းကာ ဇမ်ဘီအမြောက်အမြားကို ပိုင်းဖြတ်ရင်း လင်းရှုရှိရာ အရပ်မျက်နှာသို့ အပြေးအလွှား သွားခဲ့တော့သည်၊၊
"တောက်... ဒါက ဘာကြီးလဲ..." လီဖင်းသည် ပတ်ဝန်းကျင်ကို ကြည့်ရင်း တုန်လှုပ်နေရှာသည်၊၊
နေရာအနှံ့တွင် မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် သူတို့မှာ ဘေးနားရှိ အရာများကိုသာ မြင်နိုင်တော့သည်၊၊ ထို့ထက် ပိုဝေးသော နေရာမှာမူ အဖြူရောင်အတိ ကျနေသဖြင့် ဘာမျှ မမြင်ရတော့ချေ၊၊
ဤကဲ့သို့သော နေရာဆိုးတွင် သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်စွမ်းမှာ သိသိသာသာ လျော့နည်းသွားပြီး အန္တရာယ်များကို ရှောင်တိမ်းရန်အတွက် ဗီဇအသိစိတ်ကိုသာ အားကိုးရတော့မည် ဖြစ်သည်၊၊
လီဖင်းသည် အသက်ကို အောင့်ထားရင်း ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်၊၊
လမ်းထောင့်တစ်ခုသို့ အရောက်တွင်မူ 'ဂူ... ဂူ... ဂူ...' ဆိုသည့် အသံတစ်ခုကို ကြားလိုက်ရသည်၊၊
ထိုအသံမှာ အလွန်တိုးညှင်းလှသော်လည်း သူ့အနေနှင့် အစွမ်းကုန် အာရုံစိုက်ထားသဖြင့် ကြားနိုင်စွမ်း ရှိနေသည်၊၊
လီဖင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လက်ထဲရှိ ဓားကို မြဲမြံစွာ ဆုပ်ကိုင်ကာ နံရံကို မှီလျက် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားသည်၊၊
နောက်တစ်စက္ကန့်တွင် သူ လှည့်လိုက်သည်နှင့်အမျှ ဓားကို မြှောက်ကာ ပိုင်းချလိုက်တော့သည်၊၊
'ငရဲကို သွားစမ်း...!!!'
တောင်...
ထိုအခိုက်အတန့်တွင် ဓားမှာ သတ္တုတစ်ခုခုနှင့် ထိမှန်သွားသည့်အလား ကြည်လင်သော အသံ ထွက်ပေါ်လာသည်၊၊
"နေဦး... လီဖင်းလား...!?" လီဖင်းမှာ ထိတ်လန့်သွားရသော်လည်း ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်၊၊
သူ သေသေချာချာ ကြည့်လိုက်သည့်အခါတွင်မူ ၎င်းမှာ ကျန်းရင်နှင့် ကျန်းလီတို့ မဟုတ်ပါလား...၊၊
တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် မြင်လိုက်ရသည့်အခါမှသာ ဤလူများမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်၊၊
"တောက်... မင်း ငါ့ကို လန့်သေအောင် လုပ်တာပဲ၊ ဇမ်ဘီပဲ မှတ်နေတာ၊၊" ကျန်းလီက သက်ပြင်းချရင်း ဆိုသည်၊၊
"ငါလည်း အဲဒီလိုပဲ ထင်နေတာ..." လီဖင်းသည် သူ၏ ရင်ဘတ်ကို ဖိထားရင်း ဆိုသည်၊၊ သူသည် ခုနက အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်၊၊
"ဒါနဲ့... မင်း လင်းရှုနဲ့ လျိုယွဲ့တို့ကို တွေ့မိသေးလား..." ကျန်းရင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်၊၊
သူသည် ကျန်းလီကို တွေ့ရှိခဲ့ရခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်၊၊
"မတွေ့ဘူး၊ ငါ မင်းတို့ကို လိုက်ရှာနေတာ ခုမှ တွေ့တာ၊၊" လီဖင်းက ခေါင်းခါရင်း ဆိုသည်၊၊
ရုတ်တရက်ကြီး အားလုံး လူစုကွဲသွားရခြင်းကို သူ မည်သို့မျှ နားမလည်နိုင်သဖြင့် စိုးရိမ်နေမိသည်၊၊
"တောက်... ဖုန်းက သုံးလို့ရပေမဲ့ လင်းရှုရဲ့ ဖုန်းနံပါတ်ကို မှတ်ထားဖို့ ငါ မေ့သွားတယ်၊၊" ကျန်းရင်က နောင်တရစွာဖြင့် ဆိုလိုက်သည်၊၊
သူတို့သည် အစကတည်းက အတူတူရှိနေခဲ့ကြသဖြင့် ထိုသို့သော ကိစ္စမျိုးကို အလေးအနက် မစဉ်းစားမိခဲ့ကြပေ၊၊
"ရှေ့ကို သွားပြီး တစ်ချက်ကြည့်ကြရအောင်၊ ဒီမြေပုံက တစ်ခုခု မှားနေသလိုပဲ၊ ဒီနေရာက ပျက်စီးနေတော့ အရင်မြေပုံနဲ့ လုံးဝကို ကွဲပြားနေတာ၊၊”