အခန်း ၁၉၂ - လူစုကွဲသွားခြင်း
"တောက်... သောက်ကျိုးနည်း...၊၊" ကျန်းရင်သည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် စေးကပ်လှသော နှာမောင်းပြတ်များကို ခွန်အားသုံးကာ အမြန်ခါချလိုက်ရသည်၊၊
မြေပြင်ပေါ်သို့ ကျသွားသည့်တိုင် ထိုနှာမောင်းပြတ်များမှာ တလှုပ်လှုပ်ရှိနေဆဲဖြစ်ရာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်၊၊
"ဒါက ဘာကြီးလဲ...၊၊" လီဖင်းနှင့် ကျန်းလီတို့လည်း သတိဝင်လာကြပြီး လင်းရှု ပိုင်းဖြတ်လိုက်သဖြင့် မြေပြင်ပေါ်တွင် တွန့်လိမ်နေသော နှာမောင်းများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်၊၊
ဤအရာများမှာ အမှန်တကယ်ပင် ကြည့်ရဆိုးလှသည်၊၊
"နှာမောင်းဇမ်ဘီတွေပဲ...၊၊" လင်းရှုက တိုးညှင်းစွာ ဆိုလိုက်သည်၊၊
ထိုသတ္တဝါဆိုးများ မည်သည့်နေရာတွင် ရှိနေသည်ကို သူ မမြင်ရသေးသော်လည်း ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံး မှတစ်ဆင့် ဤထူထပ်လှသော မြူနှင်းများကြား၌ ဗီဇပြောင်းလဲထားသည့် ကြောက်မက်ဖွယ် 'နှာမောင်းဇမ်ဘီ' များ ရှိနေကြောင်း သူ သိရှိလိုက်ရသည်၊၊
ထို့ပြင် ၎င်းတို့မှာ အဆင့် (၄) နှာမောင်းဇမ်ဘီများ ဖြစ်ကြသည်၊၊
"လာနေပြီ...၊၊" လင်းရှု၏ စကားကို ကြားသည်နှင့် လျိုယွဲ့၏ မျက်ဝန်းများသည် ပတ်ဝန်းကျင်သို့ အာရုံစိုက်လိုက်သည်၊၊
သူမသည် တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီးနောက် အမူအရာ ပြောင်းလဲသွားကာ လက်ထဲရှိ ဓားရှည်ဖြင့် ရှေ့တည့်တည့်သို့ ပိုင်းချလိုက်လေသည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
လေးလံထိုင်းမှိုင်းသော အသံများနှင့်အတူ သွယ်လျသော နှာမောင်းအချို့မှာ မြေပြင်ပေါ်သို့ ပြတ်တောက်ကျဆင်းသွားသည်၊၊
ယခုအခါ သေချာစွာ နားစွင့်ကြည့်လျှင် ပတ်ဝန်းကျင်၌ တရှုးရှုးတရှဲရှဲ အသံများမှာ ပိုမိုစိပ်လာကြောင်း ခံစားရသည်၊၊ ပြတ်တောက်သွားသော နှာမောင်းများမှ ထွက်ပေါ်လာသည့် သွေးညှီနံ့များက ပတ်ဝန်းကျင်ရှိ အရာများကို ဆွဲဆောင်လိုက်သည့်အလားပင်၊၊
"ဒါ... ဒါက ဘာကြီးလဲ...၊၊" ကျန်းရင်မှာ ထိတ်လန့်မှုမှ မပြေသေးမီမှာပင် အနီးကပ် ကြည့်လိုက်သည့်အခါ ထူထပ်လှသော မြူနှင်းများကြားမှ အရိပ်များစွာ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်၊၊
၎င်းတို့က သူတို့အဖွဲ့ကို တခဏချင်းမှာပင် ဝိုင်းရံလိုက်ကြပြီ ဖြစ်သည်၊၊
မကြာမီမှာပင် ကျန်းရင်သည် သူတို့နှင့် အနီးဆုံးရှိ နှာမောင်းဇမ်ဘီကို မြင်လိုက်ရသည်၊၊
ထိုဇမ်ဘီများ၏ ခြေလက်များမှာ ပုံမှန်အတိုင်းရှိသော်လည်း ဦးခေါင်းတစ်ခုလုံးမှာမူ ဘေးတိုက် အက်ကွဲနေပြီး အတွင်း၌ သွားများမှာ စီတန်းပြည့်နှက်နေသည်၊၊ ကိုယ်ပေါ်တွင်လည်း အမည်းရောင်သန်းသော နီညိုရောင် နှာမောင်းများစွာ ရှိနေပြီး ၎င်းတို့ပေါ်၌ ဆူးချွန်လေးများ ပါရှိကာ ဝေဟင်တွင် တလှုပ်လှုပ် ဖြစ်နေကြသည်၊၊ ကြည့်ရုံနှင့်ပင် ကြက်သီးမွေးညင်း ထစရာပင်၊၊
"ဘုရားရေ...၊၊" လီဖင်းမှာ မှင်တက်သွားရသည်၊၊ ဤမျှ ရွံစရာကောင်းသော ဇမ်ဘီမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ၊၊
ဒုန်း... ဒုန်း... ဒုန်း...
သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် နှာမောင်းဇမ်ဘီများသည် အရပ်မျက်နှာအနှံ့မှ ဝိုင်းအုံလာကြသည်၊၊ ထိုအချိန်တွင် သူတို့၏ ပါးစပ်များအတွင်းမှ နှာမောင်းများသည် လင်းရှုတို့အဖွဲ့ထံသို့ ဆန့်ထွက်လာပြီး ပျံသန်းဝင်ရောက်လာတော့သည်၊၊
အရပ်မျက်နှာအနှံ့မှ ရွံရှာဖွယ် နှာမောင်းများ ပြေးဝင်လာခြင်းပင် ဖြစ်သည်၊၊
"ဖီးနစ်အရှိန်အဝါ "...!!!
လင်းရှု တွေဝေမနေတော့ဘဲ လက်ထဲရှိ အနက်ရောင်အစွန်း လှံရှည်ကို ဝေ့ယမ်းလိုက်ရာ မီးတောက်ငှက် အမြောက်အမြားမှာ ရှေ့သို့ ပျံထွက်သွားတော့သည်၊၊
ထိုနှာမောင်းများသည် မီးတောက်ငှက်များနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် တိုက်ရိုက် လောင်ကျွမ်းကုန်ကြသည်၊၊
လျိုယွဲ့သည်လည်း ရှေ့သို့ တိုးဝင်ကာ လက်ထဲရှိ ဓားရှည်ကို အဆက်မပြတ် ဝေ့ယမ်းလျက် ထိုနှာမောင်းများကို ပိုင်းဖြတ်နေသည်၊၊
နှာမောင်းများအားလုံး ပြတ်တောက်သွားသည့်အခါ ထိုနှာမောင်းဇမ်ဘီများ၏ အက်ကွဲနေသော ဦးခေါင်းများမှာ ရှေ့သို့ ဟပ်ခနဲ တိုးလာပြီး လျိုယွဲ့ကို ကိုက်ခဲရန် ကြိုးပမ်းကြပြန်သည်၊၊
ဝုန်း...
လျိုယွဲ့သည် မျက်မှောင်ကြုတ်လိုက်ကာ ဓားရှည်ကို လွှဲရိုက်လိုက်ရာ ၎င်းတို့အနက်မှ တစ်ကောင်မှာ ထက်ပိုင်း ပြတ်သွားတော့သည်၊၊
လင်းရှုသည်လည်း ထိုနေရာသို့ ပြေးဝင်သွားပြီး လက်ထဲရှိ လှံရှည်ကို အဆက်မပြတ် ဝေ့ယမ်းလိုက်သည်၊၊
သူ လှံကို လွှဲလိုက်တိုင်း လှံဦးတွင် နီရဲသော မီးလျှံများ ထွက်ပေါ်လာပြီး နှာမောင်းများအထက်ရှိ ဦးခေါင်းများကို တခဏချင်းမှာပင် ပိုင်းဖြတ်ပစ်လိုက်သည်၊၊
"ကြောင်ကြည့်မနေနဲ့... သတ်ကြစမ်း...!!!၊၊" လီဖင်း သတိဝင်လာပြီး အော်ဟစ်လိုက်ကာ လက်နက်ကို ဆုပ်ကိုင်လျက် ထိုနှာမောင်းဇမ်ဘီများထံသို့ ပြေးဝင်သွားတော့သည်၊၊
ဤသတ္တဝါဆိုးများသည် ထူထပ်သော မြူနှင်းများကို အသုံးပြု၍ ပုန်းကွယ်နေကြခြင်း ဖြစ်သည်မှာ ထင်ရှားသည်၊၊ အကယ်၍သာ ယခင်က ဒြပ်ဆွဲအားအခန်း အတွင်း လေဆာတန်းများဖြင့် လေ့ကျင့်မှုများ မပြုလုပ်ခဲ့ပါက လင်းရှုအနေနှင့် အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာသော ဤနှာမောင်းအမြောက်အမြားကြားတွင် ရစ်ပတ်ဖမ်းဆီးခြင်း ခံထားရပေလိမ့်မည်၊၊
ယခုအခါ လင်းရှုသည် ရူးသွပ်စွာ ရှောင်တိမ်းနေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် နှာမောင်းဇမ်ဘီများကို အဆက်မပြတ် ပြန်လည်တိုက်ခိုက်နေသည်၊၊
တစ်ကောင်ကို သတ်လိုက်တိုင်း အတွေ့အကြုံ (၁၀၀,၀၀၀) ရရှိနေသော်လည်း လင်းရှုအတွက်မူ ဤပမာဏမှာ နည်းပါးလွန်းလှသည်၊၊ သူသည် စနစ်၏ အသိပေးချက်များကို ဂရုမစိုက်နိုင်တော့ဘဲ လှံကိုသာ အသည်းအသန် ဝေ့ယမ်းနေတော့သည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
လင်းရှု၏ တိုက်ခိုက်မှုအောက်တွင် နှာမောင်းဇမ်ဘီများ၏ နှာမောင်းပြတ်များမှာ မြေပြင်အနှံ့ ပျံ့ကျဲသွားပြီး ဦးခေါင်းပြတ်သွားသော ဇမ်ဘီအလောင်းများမှာလည်း ပုံစံမပျက် လဲကျနေကြသည်၊၊
'တောက်... ဘာလို့ ကုန်မသွားနိုင်ရတာလဲ...၊၊'
လင်းရှု၏ လက်များမှာ တဖြည်းဖြည်း ထုံကျဉ်လာပြီ ဖြစ်သည်၊၊ ဤသတ္တဝါဆိုးများမှာ လျော့နည်းသွားသည့်အသွင် မရှိသည်ကို မြင်ရသည့်အခါ သူ အံကြိတ်လိုက်မိသည်၊၊
အခြားနည်းလမ်း မရှိတော့ချေ၊၊ လက်ရှိ အခြေအနေအရ သူတို့ မသတ်လျှင်ပင် ထိုအကောင်များက ဆက်တိုက် တိုက်ခိုက်နေဦးမည်သာ ဖြစ်သည်၊၊
တစ်ခုတည်းသော နည်းလမ်းမှာ အကုန်အစင် သတ်ပစ်ရန်သာ ရှိသည်၊၊
အချိန်များမှာ ကုန်ဆုံးသွားခဲ့ပြီး လင်းရှုသည် နောက်ဆုံးသော နှာမောင်းဇမ်ဘီကို သတ်ဖြတ်ပြီးသည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်၊၊
"ဟိုဘက်မှာ ဘယ်လိုနေလဲ...၊၊" လင်းရှု နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ၏အနောက်တွင် ထူထပ်လှသော မြူနှင်းများသာ ရှိနေသည်ကို တွေ့လိုက်ရသည်၊၊ လျိုယွဲ့၊ ကျန်းရင်နှင့် အခြားလူများကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ချေ၊၊
ထူးဆန်းသည်မှာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခြင်းပင် ဖြစ်သည်၊၊
တိုက်ခိုက်သံ တစ်စုံတစ်ရာမျှပင် ထွက်ပေါ်မလာတော့ချေ၊၊
"လျိုယွဲ့...!!!၊၊" လင်းရှု ကျယ်လောင်စွာ အော်ဟစ်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မကြားရပေ၊၊
လင်းရှု မျက်မှောင်ကြုတ်လိုက်ကာ လှံကိုကိုင်၍ အနောက်ဘက်သို့ အမြန်ပြန်လျှောက်သွားသော်လည်း ထိုနေရာသို့ ရောက်သည့်အခါ မြေပြင်ပေါ်ရှိ နှာမောင်းပြတ်များမှာ ပျောက်ကွယ်နေပြီး ပတ်ဝန်းကျင်မှာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်၊၊
'ဘာတွေ ဖြစ်နေတာလဲ...၊၊ သူတို့ ဘယ်ရောက်ကုန်ကြတာလဲ...၊၊'
"ကျန်းရင်... လီဖင်း... ကျန်းလီ...!!!၊၊" လင်းရှု သူတို့၏ အမည်များကို ဆက်တိုက် အော်ခေါ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ၊၊
ဤထူထပ်သော မြူနှင်းများတွင် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်သည်၊၊
၎င်းကပင် သူတို့ကို နှောင့်ယှက်နေခြင်း ဖြစ်ရမည်၊၊
သူ၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုပါက သူနှင့် အခြားလူများအားလုံး လူစုကွဲသွားကြပြီ ဖြစ်သည်၊၊
ဤအခြေအနေမျိုးတွင် အန္တရာယ်မှာ အဆမတန် ကြီးမားလှသည်၊၊
သူ ဘာလုပ်သင့်သနည်း...၊၊
လင်းရှု သူ၏ဖုန်းကို ထုတ်လိုက်သည်၊၊ သူ၏ဖုန်းထဲတွင် လျိုယွဲ့၏ ဖုန်းနံပါတ် ရှိနေသည်၊၊
သူ ချက်ချင်း ဖုန်းခေါ်လိုက်ရာ တစ်ဖက်မှ ပြန်လည် ထူးလာသည်၊၊
"လျိုယွဲ့... မင်း အခု ဘယ်မှာလဲ...၊၊" လင်းရှု အလောတကြီး မေးလိုက်သည်၊၊
"မြောက်ပိုင်းမြို့လမ်း ၁ ...၊၊" လျိုယွဲ့သည် ဘယ်ဘက်လက်ဖြင့် ဖုန်းကိုကိုင်ကာ ခုန်တက်လိုက်သည်၊၊ ဇမ်ဘီတစ်ကောင်၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်ပြီးနောက် ဘယ်ဘက်ရှိ အဆောက်အဦးတစ်ခု၏ တံခါးနံပါတ်ကို မော့ကြည့်ကာ ပြောလိုက်သည်၊၊
သူမကိုယ်တိုင်လည်း ယခုလေးတင် ထူးဆန်းမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်၊၊ သူမသည် လင်းရှုနှင့်အတူ ရှိနေခဲ့သော်လည်း နှာမောင်းဇမ်ဘီများကို သတ်ဖြတ်ပြီးနောက် မကြာမီမှာပင် လင်းရှုနှင့် အခြားလူများ လုံးဝ ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်၊၊
ထိုအချိန်တွင် သူမသည် ဘယ်ဘက်လက်ဖြင့် ဖုန်းကိုကိုင်ထားဆဲဖြစ်ရာ ဘေးမှ ပြေးဝင်လာသော ဇမ်ဘီကို ညာဘက်လက်ရှိ ဓားရှည်ဖြင့်ပင် အလွယ်တကူ ခေါင်းဖြတ်ပစ်လိုက်သည်၊၊
သွေးများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ မြေပြင်ပေါ်တွင် ဗရပွ ဖြစ်နေတော့သည်၊၊
"ငါ့ဆီကို တည်နေရာ တစ်ခု ပို့ပေးလိုက်ပါ...၊၊" လင်းရှုက ဆိုသည်၊၊
သူ့တွင် ကျန်းရင်တို့၏ ဖုန်းနံပါတ်များ မရှိသဖြင့် ယခုအချိန်တွင် ဆက်သွယ်၍ မရနိုင်ချေ၊၊
လျိုယွဲ့ ပေးပို့လိုက်သည့် သူမ၏ လက်ရှိ တည်နေရာကို မြင်လိုက်ရသည့်အခါ လင်းရှုမှာ မှင်တက်သွားရသည်၊၊ ၎င်းမှာ သူရှိနေသည့် နေရာမှ အလွန်ပင် ဝေးကွာလှသည် မဟုတ်ပါလား...၊၊
'တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ...၊၊'
လင်းရှု ဇဝေဇဝါ ဖြစ်နေမိသည်၊၊
ထိုခဏမှာပင် ထူထပ်လှသော မြူနှင်းများကြားမှ အမည်းရောင် အရိပ်တစ်ခုသည် လင်းရှုထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာတော့သည်၊၊